/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခွာနာလျှာနာရောဂါ

ခွာနာလျှာနာရောဂါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ခွာနာလျှာနာရောဂါအကြောင်း သတင်းတွေကြားရင် အသားဝယ်ရမှာ မိဘတွေ စိုးရိမ်တတ်ပေမယ့် တကယ်တော့ ခွာနာလျှာနာရောဂါကူးစက်ဖို့က ဖြစ်နိုင်ခြေ အရမ်းနည်းပါးပါတယ်။

          ခွာနာလျှာနာရောဂါဟာ prion လို့ခေါ်တဲ့ ရောဂါအမှုန်လေးတွေကြောင့် ဖြစ်ပါတယ်။ နွားတွေရဲ့ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်နိုင်တဲ့ ဆင့်ကဲရောဂါတစ်ခုဖြစ်ပြီး ရောဂါပိုးရှိတဲ့နွားကို ထိတွေ့တာ၊ အသားကို စားမိတာတွေကြောင့် ကူးစက်နိုင်ပါတယ်။ နွားတွေ ကိုယ်နှိုက်ကလည်း ပိုးပါတဲ့အစားအစာတွေကို စားမိရာကနေ ကူးစက်တတ်ပါတယ်။ နွားတွေမှာဖြစ်ခဲ့ရင် ဦးနှောက်ကို ထိခိုက်ပြီး သေကြေနိုင်သလို လူတွေမှာ ကူးစက်ခဲ့ရင်လည်း CJD လို့ခေါ်တဲ့ ရောဂါတစ်မျိုးဖြစ်နိုင်ပါတယ်။

          ၁၉၈၀ ခုနှစ်မှာ ခွာနာလျှာနာရောဂါကို ဥရောပမှာ စတင်တွေ့ရှိခဲ့ပြီး နွားပေါင်းများစွာကို သတ်ဖြတ်ခဲ့ရပါတယ်။ အမေရိကန်နိုင်ငံမှာ ၂၀၀၃ ခုနှစ်က တွေ့ရှိခဲ့ပြီး အစားအသောက်တွေကို ပျံ့နှံ့မှုမရှိစေရန် ထိန်းချုပ်ခဲ့ပါတယ်။ အခုလတ်တလောအချိန်မှာတော့ အမေရိကန်နို်င်ငံမှာရော တစ်ကမ်ဘာလုံးမှာပါ အမဲသားကနေ ပိုးကူးနှုန်း အင်မတန်မှ နည်းပါးသွားပြီ ဖြစ်ပါတယ်။

          ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာမှာ အင်္ဂလန်မှာ ၁၄၃ ခု၊ ပြင်သစ်မှာ ၆ ခု၊ အမေရိကန်၊ ကနေဒါ၊ အီတလီ၊ အိုင်ယာလန်တို့မှာ ၁ခုစီတွေ့ရှိခဲ့ပါတယ်။ ရောဂါရှိသူရဲ့ အင်္ဂါအစိတ်အပိုင်းတွေကို လွှဲပြောင်းယူတဲ့အခါ၊  ရောဂါကူးစက်နိုင်ပါတယ်။

 

>>    ရောဂါလက္ခဏာများ

          ခွာနာလျှာနာရောဂါလူတွေမှာ ဖြစ်တဲ့အခါ အမူအယာတွေပြောင်းလဲခြင်း၊ ကြွက်သားတောင့်တင်းခြင်း၊ ကြွက်သားပုံမမှန်လှုပ်ရှားမှုများဖြစ်ခြင်း၊ သတိမေ့ခြင်းနဲ့ အတက်ရောဂါတွေ ဖြစ်တတ်ပါတယ်။ ဒီရောဂါဟာ အသက်ငယ်ငယ်မှာဖြစ်နိုင်ပြီး ပျမ်းမျှအသက် ၂၈ နှစ်လို့ သတ်မှတ်ထားပါတယ်။ လူကြီးတွေမှာ အတွေ့များပြီး တစ်ခါတစ်လေ ဆယ်ကျော်သက်တွေမှာလည်း တွေ့ရတတ်ပါတယ်။ ဦးနှောက်ထဲမှာ ပုံမမှန်ပရိုတင်းတွေ စုပုံလာတာကြောင့် ဖြစ်တတ်ပါတယ်။

 

>>    ဘယ်လိုသိနိုင်မလဲ?

          ရောဂါလက္ခဏာတွေကိုကြည့်ပြီး ခန့်မှန်းနိုင်ပေမယ့် တကယ်တိတိကျကျရောဂါကို သိနိုင်ဖို့က ဦးနှောက်တစ်သျှူးကို စစ်ဆေးကြည့်မှရပါမယ်။

 

>>    ကုသနည်း

          ဘယ်ဆေး၊ ဘယ်ကုသမှုကမှ ရောဂါပြန့်ပွားမှုကို မထိန်းချုပ်နိုင်ပါဘူး။ လတ်တလောမှာ စမ်းသပ်မှုတွေ ပြုလုပ်ဆဲဖြစ်ပါတယ်။

 

>>    ရောဂါအခြေအနေ

          ခွာနာလျှာနာဟာ သေစေနိုင်ပါတယ်။ ရောဂါနဲ့ စတင်ထိတွေ့မိချိန်ကနေ ရောဂါဖြစ်ချိန်ထိ ၁နှစ်ခွဲကနေ နှစ် ၃၀ လောက်အထိ ရှိနိုင်ပါတယ်။

 

>>    ကာကွယ်ရန်

          သေချာကျက်အောင် ချက်ပြုတ်ရုံနဲ့ ရောဂါပိုးမသေစေနိုင်ပါဘူး။ အထက်အဆင့်ဆင့်က ထိန်းချုပ်နိုင်မှသာ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)