ဂျပန်နိုင်ငံ နဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါ
ဂျပန်ဦးနှောက်ရောင်ရောဂါဟာ ဗိုင်းရပ်ပိုးတစ်မျိုးကြောင့်ဖြစ်ပြီး ခြင်မှကူးစက်တတ်ပါတယ်။ ဖျားနာ ခေါင်းကိုက်ခြင်းကနေ ဦးနှောက်ရောင်ခြင်းဖြစ်ကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။ တစ်နှစ်မှာ လူပေါင်း ၆၈,၀၀၀ ခန့် ရောဂါဖြစ်ပွားပြီး ၃၀ ရာခိုင်နှုန်းခန့်သေဆုံးကာ ၃၀ မှ ၅၀ ရာခိုင်နှုန်းခန့်ဟာ နောက်ဆက်တွဲအာရုံကြောရောဂါတွေကို ခံစားနေရပါတယ်။
ရောဂါဖြစ်လာရင် ကုသဖို့ခက်ခဲတဲ့အတွက် ကာကွယ်ခြင်းကသာ အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။
၁၈၇၁ ခုနှစ်မှာ ဂျပန် နိုင်ငံမှာ ပထမဆုံး စတွေ့ခဲ့ရတဲ့ အတွက် ဒီလို နာမည် ပေးခဲ့ပေမယ့် ကာကွယ်ဆေးပုံမှန်ထိုးနှံပြီးနောက် ရောဂါ ဖြစ်ပွားမှုဟာ ဂျပန် နိုင်ငံမှာ အလွန်နည်းပါးသွားပြီ ဖြစ်ပါတယ်။ ၂၀၁၀ နောက်ပိုင်း ဂျပန်နိုင်ငံမှာ ဂျပန်ဦးနှောက်ရောင် ရောဂါဖြစ်ပွားသူ မရှိတော့ပါဘူး။
ရောဂါ ဖြစ်ပွားမှုမရှိတော့သော်လည်း ဂျပန်နိုင်ငံမှာ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးကို ကလေးတိုင်းကို ဆက်လက် ထိုးပေးနေဆဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ကလေးတစ်ယောက်ကို ကာကွယ်ဆေး လေးကြိမ်ထိုးရပါတယ်။ အသက် ၃ နှစ်နဲ့ ၇နှစ်ခွဲ အတွင်းမှာ သုံးကြိမ်( အနည်းဆုံး လေးပတ်ခြား) ထိုးပြီး နောက်ဆုံး လေးကြိမ်မြောက်ကိုတော့ အသက် ၉ နှစ်နဲ့ ၁၂နှစ်ကြားမှာ ထိုးရပါတယ်။
ဂျပန်နိုင်ငံမှာ ရောဂါဖြစ်ပွားမှုမရှိတော့သော်လည်း အခြား အာရှနိုင်ငံတွေမှာတော့ ဂျပန် ဦးနှောက်ရောင် ရောဂါဖြစ်ပွားမှု မြင့်တက်လာတာကို တွေ့ရပါတယ်။ ကမ်ဘာ့ကျန်းမာရေးအဖွဲ့ကလည်း အာရှနိုင်ငံများအနေနဲ့ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးကို ပုံမှန်ထိုးနှံပေးသင့်ကြောင်း အကြံပြုထားပါတယ်။
မြန်မာနိုင်ငံမှာ ဂျပန် ဦးနှောက်ရောင်ကာကွယ်ဆေးကို ၂၀၁၇ နိုဝင်ဘာနဲ့ ဒီဇင်ဘာလ အတွင်းမှာ အသက် ၉ လ မှ ၁၅ နှစ်အောက် ကလေး အားလုံးကို ထိုးနှံပေးလျက်ရှိပါတယ်။ ၂၀၁၈ ဇန်နဝါရီလက စပြီး လစဉ်လတိုင်း အသက် ၉ လ ပြည့်ပြီးတဲ့ ကလေးတိုင်းကို ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေ ထိုးနှံပေးသွားမယ့်ဆေးက ကမ္ဘာ ့ကျန်းမာရေးအဖွဲ့ (WHO) က တစ်ကြိမ်ထိုးနှံရုံနဲ့ လုံလောက်တယ်လို့ ဆိုထားတဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။
Khin Cho (www.drmyanmar.com)






























