ငါးရိုး နင်တဲ့အခါ ...
ထမင်းစားရင်း ရုတ်တရက် လည်ချောင်းထဲ စူးခနဲဖြစ်ပြီး အရိုး နင်ပါလေရော။ ဒီလောက် သေချာနွှင်ပြီး စားနေရက်နဲ့ ငါးရိုးကြီးက ဘယ်လိုပါသွားတာလဲ?
ဒီလိုအဖြစ်မျိုး လူတိုင်းလူတိုင်း ကြုံကြိုက်ဖူးကြမှာပါပဲ။ အထူးသဖြင့် ငါးကလေးတွေ စားရင်ပေါ့။ အရိုးသေးသေးလေးတွေဟာ ချွန်ထက်နေတဲ့အပြင် ပုံသဏ္ဌာန်ကလည်း ထူးခြားတဲ့အတွက် နင်တတ်ပါတယ်။
>> ငါးရိုးနင်ရင် ဘယ်လိုခံစားရတတ်သလဲ?
လည်ချောင်းထဲ ငါးရိုးနင်နေပြီဆိုရင် -
● လည်ချောင်းထဲ ကျင်သလိုလို၊ စူးသလိုလို ဖြစ်နေပါမယ်။
● စူးခနဲ စူးခနဲ နာနေပါလိမ့်မယ်။
● လည်ချောင်းကို ထိလိုက်ရင်လည်း နာနေတတ်ပါတယ်။
● ချောင်းဆိုးလာပါလိမ့်မယ်။
● မျိုချရ ခက်တာ၊ မျိုချရင် နာတာမျိုး ဖြစ်လာတတ်ပါတယ်။
● နောက်ဆုံး တံတွေးထွေးလိုက်ရင် သွေးတွေပါလာတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။
>> ဘယ်လိုငါးတွေစားရင် ငါးရိုးနင်လေ့ ရှိပါသလဲ?
တချို့ငါးရိုးတွေဟာ ထူးခြားပါတယ်။ ငါးရိုး ထွင်ရခက်တဲ့အပြင် တခြားငါးရိုးတွေနဲ့မတူဘဲ နင်လွယ်တတ်တယ်။
● ပိုက်ငါး (လွန်းပုံရှိပြီး သွားတွေချွန်ထက်နေတဲ့ ရေချိုငါးကြီးတစ်မျိုးပါ)
● ငါးကြင်းငါးသိုင်းမျိုး
● ထရောက်ငါး
● ဆယ်လ်မွန်ငါး စတဲ့ ငါးတွေဟာ အရိုးနင်လွယ်တဲ့ ငါးမျိုးတွေပါ။
>> ငါးရိုးနင်ရင် ဘယ်လိုဖယ်ထုတ်ရမလဲ?
ငါးရိုးနင်တာဟာ အရေးပေါ် အခြေအနေတော့လည်း မဟုတ်ပါဘူး။ ဆေးခန်းမပြေးခင် အိမ်မှာ ဒီနည်းလမ်းလေးတွေ ကြိုးစားကြည့်ပါဦး။
၁။ သံလွင်ဆီ အနည်းငယ်သောက်ပါ။
သံလွင်ဆီဆိုတာ သဘာဝချောဆီပါ။ ငါးရိုးနင်ပြီဆိုရင် သံလွင်ဆီ ၁ ဇွန်း၊ ၂ ဇွန်းလောက်ကို မြိုချလိုက်ပါ။ လည်ချောင်းနဲ့ နင်နေတဲ့ငါးရိုးကို ချောမွေ့သွားစေတဲ့အတွက် မြိုချရ၊ ချောင်းဆိုးထုတ်ရ လွယ်သွားပါလိမ့်မယ်။
၂။ ချောင်းဆိုးထုတ်ပါ။
ငါးရိုးနင်ရင် လည်ချောင်း အာခေါင်ထဲ၊ အာသီးနားတစ်ဝိုက်မှာ နင်လေ့ရှိပါတယ်။ ဒီနားတစ်ဝိုက်မှာ နင်နေရင် ချောင်းဆိုး ထုတ်လိုက်တာနဲ့ ထွက်သွားမှာပါ။
၃။ ငှက်ပျောသီး စားပါ။
ငှက်ပျောသီးက ငါးရိုးကို အစာအိမ်ထဲ ဆွဲချသွားနိုင်ပါတယ်။
ငှက်ပျောသီးကို အလုတ်ကြီးကြီး ကိုက်လိုက်ပြီး တစ်မိနစ်လောက် ပါးစပ်ထဲ ငုံထားလိုက်ပါ။ ဒါမှ တံတွေးတွေကို စုပ်ယူနိုင်မှာပါ။ ပြီးရင်တော့ တစ်ခါတည်းနဲ့ မြိုချလိုက်ပါ။
၄။ ပေါင်မုန့်နဲ့ ရေစိမ်စားပေးပါ။
ပေါင်မုန့်ကို ရေထဲ ၁ မိနစ်လောက်စိမ်ပြီး တစ်ခါတည်း မျိုချလိုက်တာကလည်း ငါးရိုးကို တွန်းထုတ်လိုက်သလို ဖြစ်ပါလိမ့်မယ်။
၅။ ဆိုဒါသောက်ပါ။
ကိုလာတို့၊ ကာဗွန်ပါတဲ့ဖော်ျရည်တို့ဟာလည်း ငါးရိုးနင်တာကို ကုတဲ့နေရာမှာ ဆရာတစ်ဆူပါပဲ။
အစာအိမ်ထဲ ဆိုဒါရောက်သွားတဲ့အခါ ဂတ်စ်ထွက်လာပါတယ်။ ဒီဂတ်စ်တွေက အရိုးပေါ် ဖိအားသက်ရောက်ပြီးတော့ နင်နေရာကနေ လွတ်သွားစေနိုင်ပါတယ်။
၆။ ဗီနီဂါသောက်ပါ။
ဗီနီဂါဟာ အက်ဆစ်ဓာတ် အရမ်းများပါတယ်။ ဗီနီဂါ သောက်ပေးခြင်းဖြင့် အရိုးကို ပျော့သွားစေပြီးတော့ မျိုချရ လွယ်ကူသွားစေနိုင်ပါတယ်။
ဗီနီဂါ ၂ ဇွန်းကို ရေတစ်ခွက်နဲ့ရောပြီး သောက်လို့ရသလို ဗီနီဂါ လက်ဖက်ရည်ဇွန်း တစ်ဇွန်းသောက်လို့လည်း ရပါတယ်။ အထူးသဖြင့် ပန်းသီးရှာလကာရည်ကို ပျားရည်လေးနဲ့ ရောသောက်မယ်ဆိုရင် အရသာ သိပ်မဆိုးပါဘူးနော်။
၇။ ပေါင်မုန့်နဲ့ မြေပဲထောပတ်
ပေါင်မုန့်မှာ မြေပဲထောပတ်သုတ်ပြီး အကြီးကြီး ကိုက်ချလိုက်ပါ။ ပါးစပ်ထဲ တစ်မိနစ်လောက်ငုံပြီး တစ်ခါတည်း မျိုချလိုက်ပါ။ ပြီးရင်တော့ ရေတွေ အများကြီး သောက်ချလိုက်ပါ။
၈။ ဒီအတိုင်း ထားလိုက်ပါ။
တစ်ခါတလေ ငါးရိုး နင်နေတယ်ထင်ပြီး ဆေးရုံရောက်လာတဲ့လူအချို့မှာ တကယ်တော့ လည်ချောင်းထဲ ဘာမှနင်မနေပါဘူးတဲ့။
ငါးရိုးဟာ အင်မတန်ထက်တာကြောင့် မျိုချလိုက်တဲ့အခါ လည်ချောင်းကို ခြစ်မိတတ်ပါတယ်။ ဒီတော့ နင်နေသလို ခံစားရပေမယ့် တကယ်ကတော့ အရိုးက ကျသွားပါပြီ။
အသက်ရှူရတာ ဘာမှမဖြစ်ဘူးဆိုရင် ဒီတိုင်းထားလိုက်လို့လည်း ရပါတယ်။ အသက်ရှူရ ခက်နေရင်တော့ အရေးပေါ်ကို ချက်ချင်းသွားဖို့ လိုပါတယ်။
>> ဘယ်အချိန်မှာ ဆေးခန်းပြဖို့ လိုမလဲ?
တစ်ခါတလေ အရိုးက ဒီတိုင်းထွက်မလာဘူးဆိုရင် ဆရာဝန်နဲ့ပြဖို့ လိုနိုင်ပါတယ်။
အစာပြွန် ဒါမှမဟုတ် အစာလမ်းကြောင်း တစ်နေရာရာမှာ နင်နေပြီဆိုရင် အန္တရာယ်ဖြစ်နိုင်ပါတယ်။ အစာပြွန်ပြဲတာ၊ ပြည်တည်တာ၊ ရှားရှားပါးပါး အသက်အန္တရာယ် ထိခိုက်တာတွေအထိ ဖြစ်လာနိုင်ပါတယ်။
နာတာ အရမ်းဆိုးလာရင်၊ ရက်ပိုင်းလောက် ကြာလာတာတောင် မပျောက်ဘူးဆိုရင် ဆရာဝန်နဲ့ပြဖို့ လိုပါတယ်။
● ရင်ဘတ်နာတာ
● အညိုအမည်း ဆွဲလာတာ
● ရောင်လာတာ
● သွားရည်တွေ အများကြီးကျလာရင်
● မစားနိုင်၊ မသောက်နိုင် ဖြစ်လာရင် ဆရာဝန်နဲ့ ပြကြည့်ပါ။
>> ဆရာဝန်က ဘာတွေလုပ်ပေးနိုင်သလဲ?
ကိုယ့်ဟာကိုယ်မှ အရိုးမထွက်လာရင်တော့ ဆရာဝန်ဆီပြပြီး အလွယ်တကူ ထုတ်နိုင်ပါတယ်။ အာခေါင်မှာ ဒီအတိုင်း ငါးရိုးကို မတွေ့ဘူးဆိုရင်လည်း မှန်ပြောင်းထည့်ပြီး ထုတ်နိုင်ပါတယ်။
မှန်ပြောင်းဆိုတာ ပြွန်ရှည်ရှည် ပျော့ပျော့လေးဖြစ်ပြီး ထိပ်မှာ ကင်မရာသေးသေးလေး ပါပါတယ်။ ဒီပြွန်လေးကို သုံးပြီး အရိုးကို ဆွဲထုတ်တာ၊ အစာအိမ်ထဲ တွန်းထုတ်တာတွေ ပြုလုပ်နိုင်ပါတယ်။
>> ငါးရိုးမနင်စေဖို့ -
တချို့လူတွေက သူများတွေနဲ့ယှဉ်ရင် လည်ချောင်း ပိုနင်တတ်ပါတယ်တဲ့။
သွားတုတပ်ထားသူတွေမှာ အစာဝါးချိန် အရိုးကို သေချာမခံစားမိတဲ့အတွက် မျိုချမိတတ်ပါတယ်။ အထူးသဖြင့် ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ သတိမေ့နေသူတွေမှာ ဖြစ်တတ်ပါတယ်။
ဒီလိုငါးရိုးမနင်ရအောင် ငါးတစ်ကောင်လုံး ဝယ်မယ့်အစား ငါးအသားချည်း ဝယ်တာမျိုး လုပ်လို့ရပါတယ်။ တစ်ခါတလေ ငါးအသားထဲမှာလည်း အရိုးသေးသေးလေးတွေ ပါလာနိုင်ပေမယ့် နည်းတော့နည်းပါတယ်။
အပေါ်မှာ ပြောခဲ့တဲ့လူတွေမှာ ငါးစားတဲ့အခါ သေချာစောင့်ကြည့်ဖို့ လိုပါတယ်။ နည်းနည်းနဲ့ ဖြည်းဖြည်းစားပေးဖို့ လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)




























