/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/စမတ်ဖုန်းများနှင့်-ဇက်ကြောတက်ခြင်း-အန္တရာယ်

စမတ်ဖုန်းများနှင့် ဇက်ကြောတက်ခြင်း အန္တရာယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    နေ့စဉ်နဲ့အမျှ လူတိုင်းလိုလိုဟာ စမတ်ဖုန်းများကို မသုံးရ မနေနိုင်အောင် စွဲလမ်းနေကြပါတယ်။ ထိုလူများထဲတွင် ကျွန်မတို့လည်း အပါအဝင်ဖြစ်တယ်ဆိုတာ ငြင်းမရပါဘူး။ စမတ်ဖုန်းများကနေတစ်ဆင့် social mediaများကို ၂ နှစ်တာကာလအတွင်း အသုံးပြုမှု များပြားလာတာနဲ့အညီ text neck လို့ခေါ်တွင်သော ရောဂါအဆန်းလည်း ပေါ်ပေါက်လာပါတယ်။ ဒါကတော့ အခြားမဟုတ်ပါဘူး။ ဖုန်းအသုံးများသူများတွင် ဖြစ်ပေါ်တတ်သည့် ဇက်ကြောတက်ရောဂါကို ဆိုလိုခြင်းဖြစ်ပါတယ်။
    ဖုန်းအသုံးပြုခြင်းနဲ့ ဇက်ကြောတက်ခြင်း/နာကျင်ခြင်း ဆက်စပ်မှုရှိသလား မေးစရာရှိနိုင်ပါတယ်။ ဖုန်းသုံးတဲ့အခါမှာ ခေါင်းကို အောက်သို့ တစ်ချိန်လုံး ငိုက်ထားရခြင်းကြောင့် လည်ပင်းအရိုးအဆစ်ကို ပုံမှန်မဟုတ်သော အနေအထားတွင် အကြာကြီး ထားရသလို ဖြစ်စေပါတယ်။ အချိန်ကြာတာနဲ့အမျှ လည်ပင်းတစ်ဝိုက်ရှိ ကြွက်သားများကိ ုတောင့်တင်းနာကျင်စေပါတယ်။
    လည်ပင်းကြွက်သားများဟာ ပုံမှန်အနေအထားတွင်ရှိပါက ၁ဝ ပေါင်ကနေ ၁၂ ပေါင်ထိလေးသော ဦးခေါင်းကို ထမ်းထားနိုင်ပါတယ်။ လေ့လာချက်များအရ ဖုန်းသုံးစဉ် ခေါင်း အောက်သို့ငိုက်ကျခြင်းကြောင့် ပုခုံးကြွက်သားများက ထမ်းထားရသော အလေးချိန် ပိုတိုးလာပါတယ်။ ပေါင် ၆ဝ စာ အလေးရှိသောအရာကို ထမ်းထားရသလိုဖြစ်တယ်လို့ တွေ့ရှိရပါတယ်။
    ပိုမိုကြောက်စရာကောင်းတာကတော့ ဖုန်းအသုံးပြုစဉ် ကိုယ်နေဟန်ထားမမှန်ခြင်းကြောင့် ကျွန်မတို့ရဲ့ အဆုတ်များကို ကောင်းစွာ မကျယ်ပြန့်စေပဲ အဆုတ်စွမ်းဆောင်ရည် ကျစေပါတယ်။ အဆုတ်က အောက်ဆီဂျင် ကောင်းကောင်းမရှူနိုင်ပါက နှလုံးပြဿနာများကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။
    ဖုန်းသုံးခြင်းကြောင့် ဇက်ကြောတက်ခြင်းကို အောက်ပါအချက်သုံးချက်ဖြင့် ကာကွယ်နိုင်ပါတယ်။
(၁)     ခေါင်းကို မတ်မတ်ထားပါ
(၂)     ဖုန်းသုံးပြီးတိုင်း ပခုံးအပေါ်ဘက်ကြွက်သားနဲ့ လည်ပင်းကြွက်သားများကို အကြောဆန့်ပါ။
(၃)     ဖုန်းကို မျက်စိနဲ့ တစ်တန်းတည်း ထားကြည့်ပါ။
    တတ်နိုင်သမျှ ဖုန်းအသုံးပြုချိန်ကို ကန့်သတ်တာ အကောင်းဆုံးဖြစ်ပါတယ်။ ထိုသို့မဟုတ်ပါက အထက်ပါနည်းသုံးချက်ကို လိုက်နာခြင်းအပြင် လည်ပင်းလေ့ကျင့်ခန်းများကို နေ့စဉ်ပြုလုပ်ခြင်း၊ ဇက်နေရာကို ရေနွေးအိတ်ကပ်ခြင်းတို့ကိုလည်း ပြုလုပ်နို်င်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)