စအိုဝ ယားတဲ့အခါ ...
စအိုဝ ယားယံပြီးတော့ ကုတ်မရဘဲ ထိုင်မရ၊ ထမရ ဖြစ်ဖူးကြပါသလား? အတော်အနေရခက်တဲ့ အခြေအနေတစ်ခုပါပဲနော်။
ဒီလို ယားယံတာကို သက်သာအောင် ...
>> လုပ်ရမှာက -
● အိမ်သာသွားအပြီးနဲ့ အိပ်ရာမဝင်ခင် စအိုဝကို သေသေချာချာဆေးပြီး ခြောက်အောင် သုတ်ပါ။
● ပေါ့ပေါ့ပါးပါး ကော်တွန်အတွင်းခံတွေ ဝတ်ဆင်ပေးပါ။
● ပူလောင်စေနိုင်တဲ့ အဝတ်အစားတွေ၊ အိပ်ရာခင်းတွေကို ရှောင်ပါ။
● ရေအေးအေးလေးချိုးပါ။ သိပ်တော့မကြာပါစေနဲ့နော်။ (မိနစ် ၂၀ အောက်ဆို ရပါပြီ။)
● အသီးအနှံတွေ၊ အရွက်တွေ၊ မပြုမပြင် အရောင်မချွတ်ထားတဲ့ ပေါင်မုန့်၊ ပါစတာ၊ ထမင်း စတဲ့ အမျှင်ဓာတ်များများ စားပေးပါ။ ဒါမှ ဝမ်းလည်းမပျော့၊ ဝမ်းလည်းမချုပ်မှာပါ။
>> မလုပ်ဖို့ -
● ဝမ်းသွားပြီးရင် အိမ်သာစက္ကူ နဲပဲ မသုတ်လိုက်ပါနဲ့။ ရေနဲ့ဆေးပြီး၊ ဒါမှမဟုတ် စက္ကူ အစိုနဲ့သုတ်ပြီး ခြောက်အောင်သုတ်လိုက်ပါ။
● မကုတ်ပါနဲ့။ မကုတ်ဘဲမနေနိုင်ရင်လည်း လက်သည်းကိုတိုတိုညှပ်ထားပြီး ညဘက်အိပ်ချိန်တွေမှာ ကော်တွန်လက်အိတ်စွပ်ထားပေးပါ။
● အိမ်သာသွားရင် မညှစ်ပါနဲ့။
● အနံ့ပါတဲ့ဆပ်ပြာ၊ ရေချိုးဆီတွေကို ရှောင်ပါ။
● စအိုနားတစ်ဝိုက်ကို ရေမွှေးတွေ၊ ပေါင်ဒါတွေ မဆွတ်မလိမ်းပါနဲ့။
● အပူအစပ်တွေ၊ အရက်နဲ့ ကဖိန်းဓာတ်တွေကို ရှောင်ပေးပါ။
>> ဒီလိုမှမသက်သာရင် -
● ယားယံတာသက်သာဖို့ ခရင်မ်တွေ၊ အဆီတွေ လိမ်းပေးလို့ရပါတယ်။
● တုတ်ကောင်ကြောင့်ယားယံတာဆိုရင်တော့ သံချဆေးသောက်ဖို့လိုနိုင်ပါတယ်။
>> အရေးကြီးတာက -
● ညဘက်မှာမှ ပိုဆိုးတယ်ဆိုရင် တုတ်ကောင်ကြောင့်ဖြစ်ဖို့ ပိုများပါတယ်။ အထူးသဖြင့် ကလေးတွေမှာပေါ့။
● အသက် ၂ နှစ်အောက်ကလေးတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ကလေးနို့တိုက်နေတဲ့ အမျိုးသမီးတွေဆိုရင်တော့ သန်ချဆေးသောက်လို့ မရတာမို့ ဆရာဝန်နဲ့ပြဖို့ လိုအပ်ပါတယ်။
Dr. Emerald (www.drmyanmar.com)






























