စာဖတ်ခြင်းက ကျန်းမာရေးကိုအထောက်အကူပြုတယ်ဆိုတာ သင်သိပြီးပြီလား
လူအများစုဟာစာအုပ်ကောင်းတစ်အုပ်မှာ နစ်မျောသွားဖူးပါလိမ့်မယ်။ စာဖတ်ခြင်းဟာ ကမ်ဘာသစ်တစ်ခု ကိုရောက်သွားတယ်လို့ ခံစားစေနိုင်ရုံသာမက နေ့စဉ်လူမှုဘဝရဲ့ရှုပ်ထွေးမှုတွေကနေ ခဏတာဖြစ်ဖြစ် လွတ်မြောက်အောင် ကူညီပေးနိုင်ပါတယ်။ ထို့ပြင် သုတေသနပညာရှင်တွေရဲ့တွေ့ရှိချက်အရ စာဖတ်ခြင်းဖြင့် ကျန်းမာရေးကောင်းကျိုးများစွာကိုရယူနိုင်ကြောင်းသိရပါတယ်။
Yale တက္ကသိုလ်လူထုကျန်းမာရေးပညာအဖွဲ့ရဲ့ သုတေသနပညာရှင်တွေဦးဆောင်ပြုလုပ် ခဲ့တဲ့ လေ့လာမှုတစ်ခုမှာတော့ တစ်ပတ်လျှင် 3 နာရီခွဲထက်ပို၍ စာဖတ်ခဲ့ကြတဲ့သူတွေဟာ စာမဖတ်သူတွေထက်လျှင် နောင် 12 နှစ်အကြာမှာ သေဆုံးနိုင်ချေ 23% ပိုနည်းကြောင်းသိရပါတယ်။ ထိုကဲ့သို့အသက်ရှည်စေခြင်းရဲ့ အကြောင်းအရင်းကိုတိတိကျကျ ဖော်ထုတ်နိုင်ခြင်းမရှိပေမယ့်လည်း စာဖတ်ခြင်းဖြင့်ဦးနှောက်ဆဲလ်တွေနဲ့ဆက်သွယ်မှုကို ပိုမိုအားကောင်းစေပြီး အသက်တိုစေနိုင်တဲ့ ဦးနှောက်အာရုံကြောပျက်စီးခြင်းရောဂါတွေဖြစ်ပွားမှုကို လျှော့ချပေးနိုင်တာကြောင့်ဖြစ်တယ်လို့ သုတေသနပညာရှင်တွေကပြောဆိုခဲ့ကြပါတယ်။
1. စာဖတ်ခြင်းဖြင့် စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်
60% သော နာမကျန်းဖြစ်မှုနဲ့ရောဂါဖြစ်ပွားမှုတွေဟာ စိတ်ဖိစီးမှုကြောင့်ဖြစ်ပါတယ်။ ထို့ပြင်လေဖြတ်နိုင်ချေကို 50% နဲ့ နှလုံးရောဂါဖြစ်နိုင်ချေကို 40% ထိ အသီးသီးမြင့်တက်စေနိုင်ပါတယ်။
နေ့စဉ်လူမှုဘဝတွေကနေ စိတ်ဖိစီးမှုကိုလုံးဝဖယ်ရှားလိုက်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့်လည်း စိတ်ဖိစီးမှုလျော့ချရန်နှင့် ကျန်းမာရေးပြဿနာတွေမဖြစ်အောင်တော့ တားဆီးနိုင်ပါတယ်။
2009 ခုနှစ် ဗြိတိန်နိုင်ငံ Sussex တက္ကသိုလ်ရဲ့လေ့လာတွေ့ရှိချက်များအရ စာဖတ်ခြင်းဟာ သီချင်းနားထောင်ခြင်း၊ လမ်းလျှောက်ခြင်းတို့ထက် စိတ်ဖိစီးမှုကိုပိုမိုလျှော့ချနိုင်ပြီး အများဆုံး 68% ထိ လျော့ကျစေနိုင်ကြောင်းသိရပါတယ်။ အာရုံကြောနှင့် စိတ်ပညာရှင် Dr.David နဲ့အဖွဲ့၏အဆိုအရ သတင်းစာဖြစ်ဖြစ်၊ စာအုပ်တစ်အုပ်ဖြစ်ဖြစ် 6 မိနစ်ခန့် ဖတ်ခြင်းဖြင့် နှလုံးခုန်နှုန်းကိုနှေးစေ၍ ကြွက်သား တင်းအားကိုလည်းလျော့ကျစေနိုင်ပါတယ်။ ဘာစာအုပ်ဖတ်လဲဆိုတာထက် စာအုပ်ထဲမှာနစ်မျောနေဖို့ကပဲ ပိုအရေးကြီးပါတယ်။ စာရေးဆရာရဲ့ စိတ်ကူးယဉ်မှုနောက်ကိုလိုက်ပါခြင်းဖြင့် နေ့စဉ်လူမှုဘဝတွေရဲ့ ပူပန်မှုတွေ၊ စိုးရိမ်မှုတွေကနေ လွတ်မြောက်နိုင်ပါတယ်။ စာအုပ်ထဲမှာပါတဲ့ စကားလုံးတွေကမိမိရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကိုမြှင့်တင်ပေးနိုင်ရုံသာမက မိမိရဲ့အတွေးအမြင်တွေကိုပါပြောင်းလဲစေနိုင်တယ်လို့ Dr.David က ပြောကြားခဲ့ပါတယ်။
စာအုပ်ချစ်သူတွေအတွက်ကတော့ ဒီလေ့လာတွေ့ရှိမှုဟာ မထူးဆန်းပါဘူး။ ဗြိတိန်နိုင်ငံ Liverpool တက္ကသိုလ်မှ သုတေသနပညာရှင်တွေ တွေ့ရှိခဲ့တာကတော့ အရွယ်ရောက်ပြီးသူ 38% ခန့်ဟာ စာဖတ်ခြင်းကို စိတ်ဖိစီးမှုလျော့ကျအောင် ကုသတဲ့ဆေးအဖြစ်သတ်မှတ်ထားကြောင်းသိရပါတယ်။
သုတေသနပညာရှင် Dr.Josie Billington ကမူ စာဖတ်ခြင်းကြောင့်ရနိုင်တဲ့ အကျိုးကျေးဇူး ကတော့ ပြောလို့မကုန်ပါဘူး။ အရေးကြီးတာကစာဖတ်ခြင်းဖြင့် တကိုယ်ရည်ကျန်းမာရေးမြှင့်တင်နိုင်တယ် ဆိုတာသိထားဖို့ပါပဲလို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
2. စာဖတ်ခြင်းဖြင့် မှတ်ဉာဏ်စွမ်းရည်ကျဆင်းမှုကို နှေးကွေးစေနိုင်
အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်ရဲ့စွမ်းဆောင်ရည်ဟာကျဆင်းလာပြီး မှတ်ဉာဏ်လည်း ထိခိုက်လာနိုင်ပါတယ်။ ငယ်ရွယ်စဉ်ကလွယ်တယ်လို့ထင်ခဲ့တဲ့ နာမည်တွေ၊ အိမ်နံပါတ်တွေမှတ်နမိဖို့တောင် ခက်ခဲလာပါတယ်။
ဒါပေမယ့်ေ့လလာဆန်းစစ်မှု အများအပြားအရ စာဖတ်ခြင်းဟာ မှတ်ဉာစ်ကျဆင်းမှု ကို နှေးကွေးစေနိုင်တဲ့အပြင် သတိမေ့ရောဂါ (Alzheimer’s disease) ကဲ့သို့ မှတ်ဉာဏ်နဲ့ဆိုင်တဲ့ရောဂါတွေဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ 2013 ခုနှစ် ချီကာဂို Rush ဆေးတက္ကသိုလ်ကပြုလုပ်တဲ့ သုတေသနတစ်ခုမှာ ပျမ်းမျှအသက် 89 နှစ်ရှိ သက်ကြီးရွယ်အို 294 ဦးကို မကွယ်လွန်မီ 6 နှစ်ခန့်ထိ မှတ်ဉာဏ်နှင့်စဉ်းစားဉာဏ်ဆိုင်ရာ မေးခွန်းတွေကိုဖြေဆိုစေခဲ့ရာ စာဖတ်ခြင်းနဲ့အခြားမှတ်ဉာဏ်ကို လှုံ့ဆော်နိုင်တဲ့လှုပ်ရှားမှုတွေဟာ မှတ်ဉာဏ်ကျဆင်းမှု ကိုနှေးကွေးစေနိုင်ကြောင်းတွေ့ရှိရပါတယ်။
သေဆုံးပြီးနောက် ဦးနှောက်ကိုခွဲစိတ်လေ့လာခဲ့ရာမှာလည်း စာဖတ်ခြင်း၊ စာရေးခြင်းနဲ့ အခြားဉာဏ်ရည်မြင့်တက်စေနိုင်တဲ့လှုပ်ရှားမှုတွေမှာ ဝါသနာထုံတဲ့သူတွေမှာ မှတ်ဉာဏ်ချို့ယွင်းစေနိုင်တဲ့ အထောက်အထားမတွေ့ခဲ့ရဘူးလို့သိရပါတယ်။
သုတေသနအဖွဲ့ခေါင်းဆောင် Robest S.Wilson က နေ့စဉ်ဘဝရဲ့လှုပ်ရှားမှုတွေဖြစ်တဲ့ စာဖတ်ခြင်း၊ စာရေးခြင်းတွေရဲ့ အကျိုးကျေးဇူးကို အထင်သေးလို့မရဘူးလို့ဆိုပါတယ်။
အထက်ပါတွေ့ရှိချက်ဟာ ယခင်ကသိရှိပြီးဖြစ်တဲ့ စာဖတ်ခြင်း၊ စစ်တုရင်ကစားခြင်းနဲ့ အခြားမှတ်ဉာဏ်ဆိုင်ရာ ကစားနည်းတွေကိုပြုလုပ်တဲ့ သက်ကြီးရွယ်အိုတွေဟာ သတိမေ့ရောဂါဖြစ်နိုင်ချေ 2 ဆခွဲလောက် လျော့နည်းတယ်ဆိုတဲ့အဆိုကို များစွာအထောက်အကူပြုနိုင်ခဲ့ပါတယ်။
3. စာဖတ်ခြင်းဖြင့် အိပ်စက်ခြင်းကိုကောင်းမွန်စေနိုင်
လက်ကိုင်ဖုန်းတွေဟာ တဖြည်းဖြည်းနဲ့လူတွေအတွက် အိပ်ရာဝင်သူငယ်ချင်းဖြစ်လာနေပါတယ်။ အခန်းမီးပိတ်ပြီးတဲ့အချိန်မှာ မိမိဖေ့ဘွတ်ကို ခဏလောက်ဝင်ကြည့်တယ်ဆို်လျှင်တောင် အိပ်စက်ခြင်းကိုအနှောက်အယှက်ဖြစ်နိုင်ကြောင်း လေ့လာဆန်းစစ်သူတွေကပြောကြားထားပါတယ်။
လူမှုသိပ္ပံနဲ့ ဆေးပညာဂျာနယ်မှာ ဒီနှစ်အစောပိုင်းကဖော်ပြခဲ့တဲ့ဆောင်းပါးအရ အိပ်ရာမဝင်မီလက်ကိုင်ဖုန်းအသုံးပြုခြင်းဟာ အိပ်ချိန်ကိုတိုစေတဲ့အပြင် နှစ်နှစ်ခြိုက်ခြို့်လည်းအိပ်မပျော်နိုင်ဟုသိရပါတယ်။
အခြေခံအားဖြင့် ဘာကြောင့်လဲဆိုတော့ လက်ကိုင်ဖုန်းတွေရဲ့အလင်းရောင်ကြောင့် ဦးနှောက်ကအိပ်ချင်စိတ်ကိုဖြစ်စေတဲ့ ဟော်မုန်း (melatorin) ထုတ်လုပ်မှုကိုလျော့ကျစေလို့ပဲဖြစ်ပါတယ်။
Mayo ဆေးခန်းရဲ့အဆိုအရ အိပ်ရာမဝင်မီလက်ကိုင်ဖုန်းအသုံးပြုမယ့်အစား စာအုပ်တစ်အုပ်နဲ့ အစားထိုးသင့်ကြောင်း၊ စာဖတ်ခြင်းဖြင့် ကောင်းစွာအိပ်ပျော်နိုင်ပြီး လေးလံထိုင်းမှိုင်းမှုကိုသက်သာစေနိုင်ကြောင်းသိရပါတယ်။
4. စာဖတ်ခြင်းဖြင့် လူမှုဆက်ဆံရေးကောင်းမွန်စေနိုင်
အချို့သူတွေဟာ စာအုပ်တွေကိုလက်တွေ့ဘဝလွတ်မြောက်ဖို့အတွက်ပဲ အသုံးပြုနိုင်တယ်လို့ ထင်ကြပေမယ့်လည်း သုတေသနပြုလုပ်ချက်တွေအရ ပေါင်းသင်းဆက်ဆံရေးအတွက်လည်း အလွန်ပင်အရေးကြီးကြောင်းသိရပါတယ်။
ဥပမာအားဖြင့် 2013 ခုနှစ် သိပ္ပံပညာဂျာနယ်ရဲ့ဖော်ပြချက်အရ ဝတၳုတွေဖတ်တဲ့ သူတွေဟာ တွေးခေါ်မှုပိုမိုအားကောင်းတာကြောင့် အခြားသူတွေရဲ့ယုံကြည်မှုတွေ၊ တပ်မက်မှုတွေနဲ့ အတွေးတွေဟာသူတို့နဲ့ မတူလျှင်တောင်နားလည်ပေးနိုင်ကြပါတယ်။
ထို့ပြင် ဝတၳုဆောင်းပါးတွေဖတ်တဲ့သူတွေဟာ လူသားချင်းစာနာထောက်ထားမှုစစ်ဆေးချက်တွေမှာ အမှတ်ပိုကောင်းကြောင်း ယခုနှစ်အစောပိုင်းမှာပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရသိရပါတယ်။
ကနေဒါနိုင်ငံ Toronto တက္ကသိုလ် အသုံးချစိတ်ပညာနဲ့ လူသားဖွ့ံဖြိုးမှုဌာနရဲ့ အကြီးအကဲဖြစ်သူ Keith Uatley က ပြောကြားထားတာကတော့ စာဖတ်တဲ့သူတွေဟာ ဝတၳုမှာပါတဲ့ဇာတ်ကောင်တွေ အကြောင်းကိုသိရပြီးနောက် တကယ့်လက်တွေ့ဘဝမှာလည်း အခြားသူတွေအပေါ်မှာ စာနာလာနိုင်တာဖြစ်တယ်လို့သိရပါတယ်။
လူသားပီသဖို့အရေးကြီးဆုံးကတော့ လူမှုပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေရှိပြီး မိမိချစ်သူခင်သူတွေနဲ့ အဆင်ပြေဖို့ဖြစ်ကြောင်း၊ ဝတၳုဆောင်းပါးတွေဟာ လူမှုအတွေ့အကြုံတွေမြင့်မားစေဖို့ အထောက်အကူပြုနိုင်ကြောင်းကို Oatley က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
5. စာဖတ်ခြင်းဟာ ဉာဏ်ရည်ကိုမြင့်တက်စေနိုင်
အမေရိကန်စာရေးဆရာ Dr.Seuss စာဖတ်ခြင်းဖြင့်အကြောင်းအရာတွေကို သိနိုင်၊ ပိုလေ့လာနိုင်၊ ပိုသင်ယူနိုင်တဲ့အပြင် နေရာပေါင်းစုံသို့လည်းရောက်ဖူးသယောင်ခံစားစေရနိုင်ပါတယ်လို့ ရေးသားခဲ့ပါ တယ်။ လေ့လာမှုတွေအရ စာဖတ်ခြင်းဖြင့် ဝေါဟာရတွေပိုမိုကြွယ်ဝလာနိုင်တာကြောင့် ၎င်းနဲ့ဆက်စပ်နေတဲ့ဉာဏ်ရည်ကိုပါ ပိုမိုကောင်းမွန်စေတာဖြစ်တယ်လို့သိရပါတယ်။
Dr. Thinzar Wynn






























