စိတ်ဓာတ်ကျနေပါသလား….ဒီ နည်းလမ်းတွေကို လုပ်ဆောင်ကြည့်ပါ
စိတ်ဓာတ်ကျနေတဲ့လူတွေဟာ ကူရာကယ်ရာမဲ့နေတဲ့ စိတ်ခံစားမှုမျိုးကို ခံစားရတတ်ပါတယ်။ တကယ်တော့ စိတ်ကျရောဂါကို ကုသမှုတွေ၊ ဆေးဝါးတွေအပြင် ကိုယ်တိုင်ပြုပြင်ပြောင်းလဲခြင်းအားဖြင့် ပြန်လည်တိုက်ထုတ်နိုင်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ နေ့စဉ်နေထိုင်မှုဘဝကို ပြောင်းလဲခြင်း၊ အတွေးအမြင်တွေကို ပြောင်းလဲခြင်း စတဲ့ ကိုယ်ရဲ့ အပြုအမူ အယူအဆတွေကို ပြောင်းလဲပေးခြင်းဟာလည်း စိတ်ဓာတ်ကျခြင်းကို ပျောက်ကင်းသက်သာစေနိုင်ပါတယ်။
စိတ်ကျရောဂါ ခံစားနေရပါက ဒီနည်းလမ်းတွေကို ခုချက်ချင်း ကြိုးစားလုပ်ကိုင်ကြည့်လိုက်ပါ။
၁။ နေ့စဉ် အချိန်ဇယားအတိုင်း လုပ်ဆောင်ပါ။
စိတ်ကျရောဂါ လေ့လာစမ်းသပ်ရေးကော်မတီ ဒါရိုက်တာက စိတ်ဓာတ်ကျနေသူတွေဟာအချိန်ဇယားတစ်ခုထားပြီး လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ စိတ်ကျဝေဒနာရှင်တွေဟာ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို မလုပ်ကိုင်ရှောင်ဖယ်လာတတ်ကြပါတယ်။ နေ့နေ့ညည တစ်ရက်ပြီးတစ်ရက် အဓိပ္ပာယ်မဲ့ ကုန်လွန်လာတတ်ကြပါတယ်။ ဒါကြောင့် နေ့စဉ် လုပ်ငန်းဆောင်တာတွေကို အချိန်ဇယားဆွဲ လုပ်ကိုင်ပေးခြင်းက ပုံမှန်ဘဝကို ပြန်လည်ရရှိအောင် အထောက်အပ့ံပေးပါတယ်။
၂။ ရည်မှန်းချက်ပန်းတိုင်ထားပါ။
စိတ်ဓာတ်ကျနေသူတွေဟာ ကိုယ့်ကိုယ်ကို ဘာတစ်ခုမှ ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ဘူးလို့ ခံစားလာရတတ်ပါတယ်။ ဒီလိုအတွေးမျိုးဝင်လာတဲ့အခါ ကိုယ့်ကိုယ်ကို ပိုပြီး စိတ်ပျက်အားငယ်လာတတ်ပါတယ်။ ဒါကြောင့် နေ့စဉ် ပန်းတိုင်လေးတွေ ချမှတ်ပြီး လုပ်ကိုင်သင့်ပါတယ်။
တစ်ရက်ခြားတစ်ခါ ပန်းကန်ဆေးတာမျိုး တကယ်ပြီမြောက်ဆောင်ရွက်နိုင်မယ့် ပန်းတိုင်သေးသေးလေးတွေ ကစပြီး လုပ်ဆောင်သင့်ပါတယ်။
၃။ လေ့ကျင့်ခန်းပြုလုပ်ပါ။
လေ့ကျင့်ခန်းပြုလုပ်ခြင်းက Endorphins လို့ခေါ်တဲ့ စိြတ်ကည်လင်ပျော်ရွှင်စေတတ်တဲ့ ဟော်မုန်းတွေကို ထွက်လာစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျနေသူတွေအတွက် ရေရှည်အကျိုးရှိစေနိုင်ပါတယ်။ လေ့ကျင့်ခန်းမှန်မှန် ပြုလုပ်ပေးခြင်းဖြင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ကိုင်နိုင်ဖို့ အားပေးပါတယ်။
လေ့ကျင့်ခန်းကို ဘယ်လိုလုပ်ပေးသင့်သလဲ။ မာရသွန်ပြေးရမယ်လို့ မဆိုလိုပါဘူး။ တစ်ပတ်မှာ ၂ကြိမ် ၃ကြိမ်ခန့် လမ်းလျှောက်ပေးခြင်းကလည်း သင့်ကို အကျိုးရှိစေမှာပါ။
၄။ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးပါ။
စိတ်ကျရောဂါကို ကုစားပေးနိုင်တယ့် ဆေးဖက်ဝင် မှော်အစားအစာ ဆိုတာမျိုးမရှိပါဘူး။ ကိုယ်နေ့စဉ်စားသုံးတဲ့ အစားအသောက်ကို ဂရုတစိုက် ရွေးချယ်ရပါမယ်။ စိတ်ဓာတ်ကျနေသူတွေဟာ ပုံမှန်ထက် ပိုပြီး စားသောက်တတ်ကြပါတယ်။ ဒီလို မဖြစ်ရလေအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းရပါမယ်။
Omega 3 အဆီဓာတ်ပါဝင်တဲ့ ဆယ်လ်မွန်၊တူနာ စတဲ့ငါးတွေ၊ Folic acid ပါဝင်တဲ့ ဟင်းနုနွယ်၊ ထောပတ်သီး စတာတွေဟာ စိတ်ဓာတ်ကျခြင်းကို လျော့ပါးစေကြောင်း တွေ့ရပါတယ်။
၅။ ကောင်းစွာအိပ်စက် အနားယူပါ။
စိတ်ဓာတ်ကျနေသူတွေဟာ အိပ်ပျော်နိုင်ဖို့ရာ ခဲယဉ်းလှပါတယ်။ ဒီလို ကောင်းကောင်းအိပ်မပျော်နိုင်တာဟာလည်း စိတ်ဓာတ်ကျခြင်းကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။
အိပ်ပျော်နိုင်ဖို့ရာ ဘာတွေလုပ်သင့်ပါသလဲ။ နေ့စဉ်အချိန်မှန်မှန် အိပ်ရာဝင်၊အိပ်ရာထပါ။ နေ့လည်နေ့ခင်း တရေးတမော အိပ်ခြင်းကို ရှောင်ပါ။ အိပ်ခန်းထဲမှာ စိတ်ပျ့ံလွင့်စေနိုင်တဲ့ တီဗီ၊ ကွန်ပြူတာစတာတွေကို မထားပါနဲ့။ တဖြည်းဖြည်းနဲ့ အိပ်ပျော်လာပါလိမ့်မယ်။
၆။ တာဝန်ယူပါ။
စိတ်ဓာတ်ကျနေတဲ့အခါ အလုပ်မှာရော အိမ်မှာပါ ကိုယ့်ရဲ့ တာဝန်ဝတ္တရားတွေကို ရှောင်ဖယ်လာတတ်ကြပါတယ်။ ဒီလို မဖြစ်သင့်ပါဘူး။ နေ့စဉ် ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင်လုပ်ဆောင်ခြင်းဟာ စိတ်ဓာတ်ကျခြင်းကို တိုက်ထုတ်နိုင်တဲ့ အကောင်းဆုံးလက်နက်တစ်ခုလည်း ဖြစ်ပါတယ်။ တာဝန်ယူနိုင်လာတာနဲ့အမျှ ကိုယ်ကိုယ်ကိုယ်ကျေနပ်နှစ်သိမ့်လာနိုင်ပါလိမ့်မယ်။
အကယ်၍ အချိန်ပြည့်ကျောင်းတွေ အလုပ်တွေ မရှိရင်တောင် အချိန်ပိုင်းအလုပ်တစ်ခုခု လုပ်ပါ။ နောက်ဆုံး အချိန်ပိုင်းမလုပ်နိုင်ရင်တောင် လုပ်အားပေးအလုပ် ဝင်လုပ်သင့်ပါတယ်။
၇။ အဆိုးမြင် အတွေးအကြံတွေကို ဖယ်ထုတ်ပစ်ပါ။
စိတ်ဓာတ်ကျခြင်းကို ကုသတဲ့အခါ သင့်အတွေးအမြင်ကို ပြောင်းလဲပစ်ခြင်းက အဓိကကျပါတယ်။ စိတ်ဓာတ်ကျနေတဲလူတွေဟာ ဘယ်အရာမှာမဆို အဆိုဆုံးတွေကိုသာ ကြိုတင်တွေးတောတတ်ကြပါတယ်။
ဒါကြောင့် ကိုယ့်ကိုယ်ကို စိတ်ပျက်လာတဲ့အခါတိုင်းမှာ အကျိုးအကြောင်း လျော်ညီစွာ တွေးကြံလိုက်ပါ။ ကိုယ့်ကို ဘယ်လူ တစ်ဦးတစ်ယောက်ကမျှ မနှစ်သက်ဘူးလို့ မြင်လာတဲ့အခါ ဒါဟာ တကယ်ဟုတ်နိုင်ရဲ့လား ဆိုတဲ့အတွေးကို တွေးလိုက်ပါ။ ကိုယ့်ကိုယ်ကို တစ်လောကလုံးမှာ အသုံးမကျဆုံးလို့ ခံစားလာရတဲ့အခါ ဒါဟာ တကယ်ဖြစ်နိုင်လို့လား ဆိုတာစဉ်းစားကြည့်ပါ။ ဒီလို အဆိုးမြင်အတွေးတွေကို တိုက်ထုတ်ဖို့အတွက် အလေ့အကျင့်လိုအပ်ပါတယ်။ ဒါပေမယ့် အဆိုးမြင်အတွေးတွေက ကိုယ့်ကို မကြီးစိုးခင်မှာ အချိန်မီ တိုက်ထုတ်နိုင်ဖို့ ကြိုးစားရပါမယ်။
၈။ အားဆေးတွေ မသောက်ခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
ငါးကြီးဆီ၊ Folic acid စတဲ့ ဖြည့်စွက်အားဆေးတွေဟာ စိတ်ကျရောဂါအတွက်ကောင်းတယ်ဆိုတဲ့ လေ့လာမှုတွေ တွေ့ရှိရပါတယ််။ ဒါပေမယ့် သေချာအောင် လေ့လာစမ်းသပ်မှုတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါသေးတယ်။ စိတ်ကျရောဂါဆေးတွေ သောက်နေတဲ့ လူတွေမှာ ဒီလိုအားဆေးတွေ မသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
၉။ အသစ်အသစ်တွေ စူးစမ်းလုပ်ကိုင်ပါ။
စိတ်ဓာတ်ကျနေတဲ့အခါ ကိုယ်ကိုယ်ကို စိတ်ပျက်အားလျော့မှုတွေနဲ့ လုံးချာလည်နေတတ်ပါတယ်။ ဒါကြောင့် အသစ်အဆန်းတစ်ခုခု လုပ်ဖို့ ကိုယ့်ကိုယ်ကို တွန်းအားပေးသင့်ပါတယ်။ ပြတိုက်တွေသွားပါ။ ဖတ်ပြီးသားစာအုပ်တစ်အုပ်ကိုယူပြီး ပန်းခြံခုံတန်းလေးမှာ ထိုင်ဖတ်ကြည့်ပါ။ အချက်အပြုတ်သင်တန်းတွေ သွားပါ။ ဘာသာစကားအသစ်တစ်ခုခု သင်ယူကြည့်ပါ။
စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဦးနှောက်ထဲမှ Dopamine ဆိုတဲ့ ဟော်မုန်းထွက်လာပါတယ်။ ဒီဟော်မုန်းက ကိုယ့်ကိုယိကို စိတ်ကျေနပ်မှု၊ ပျော်ရွှင်မှုနဲ့ သင်ယူလေ့လာမှုတွေကို အထောက်အကူပြုပါတယ်။
၁၀။ ပျော်ရွှင်အောင်ကြိုးစားနေထိုင်ပါ။
စိတ်ဓာတ်ကျနေတဲ့အခါ အရာအားလုံးက ပျော်ရွှင်မှု ဆိတ်သုန်းနေတတ်ပါတယ်။ ဒါဟာ စိတ်ကျရောဂါရဲ့ လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။ စိတ်ပျော်စေမယ့် အရာတွေကို ကြိုးစားလုပ်ကိုင်သင့်ပါတယ်။
စိတ်ပျော်ရွှင်အောင် အပြင်းအထန် ကြိုးစားရပါမယ်။ ဒီစကားဟာ ထူးဆန်းကောင်းထူးဆန်းနေလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ပျော်ရွှင်စေမယ့် အရာတွေကို စီစဉ်ဆောင်ရွက်သင့်ပါတယ်။ ရုပ်ရှင်သွားကြည့်ပါ။ သူင
ယ်ချင်းတွေနဲ့ လျောက်သွားပါ။
စိတ်ဓာတ်ကျနေတဲ့အချိန်မှာ ဘယ်အရာကိုမှ ပျော်စရာလို့ မမြင်တတ်ကြတော့ပါဘူး။ ဒါကြောင့် ဘဝကို ကျေကျေနပ်နပ် ပြန်လည်ဖြတ်သန်းနိုင်ဖို့ ပြန်လည်လေ့လာသင်ယူရပါမယ်။ အချိန်ကြာလာတာနဲ့အမျှ ပျော်ရွှင်မှုဆိုတာကို ပြန်လည်ခံစားမိလာမှာပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























