/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို-တိုက်ထုတ်နိုင်မယ့်-နည်းလမ်း-9

စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို တိုက်ထုတ်နိုင်မယ့် နည်းလမ်း (9) သွယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာအနာတရဖြစ်ရင် ဆေးဝါးနဲ့ကုသလိုက်လို့ အချိန်ကာလတစ်ခုအတွင်း ပျောက်ကင်းနိုင်ပေမယ့် စိတ်ဒဏ်ရာကိုတော့ မိမိကိုယ်တိုင်ကုစားတတ်ဖို့ ပိုအရေးကြီးပါတယ်။ ဒါကြောင့်စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို အထိရောက်ဆုံး သက်သာစေနိုင်မယ့် နည်းလမ်းလေးတွေကို ရွေးချယ်ပြီး ဖော်ပြလိုက်ပါတယ်။

 

1.  အတိတ်ကို အတိတ်မှာပဲထားခဲ့ပါ။

        သ့င်ရဲ့အတိတ်မှာဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ပြောင်းလဲပစ်လို့မရနိုင်ပါဘူး။ အတိတ်က မိမိဖုံးကွယ်ခဲ့ရတဲ့ စိတ်ခံစားချက်တွေဟာ စိတ်နာကျင်စေပြီး တုန်လှုပ်ချောက်ချားမှုကိုပဲ ဖြစ်စေနိုင်မှာပါ။ ဒါကြောင့် မိမိမှားခဲ့တဲ့ဖြစ်ရပ်တွေမှ သင်ခန်းစာယူပြီး ပိုမိုရင့်ကျက်သူ၊ ယုံကြည်မှု ပြည့်၀သူတစ်ယောက်အဖြစ် အနာဂတ်ခရီးလမ်းကို အကောင်းဆုံးဖြစ်အောင် ဖန်တီးရမယ်ဆိုတဲ့စိတ်နဲ့ ရဲရဲ၀င့်၀င့်လျှောက်လှမ်းပါ။ အတိတ်က အကြောင်းအရာတွေကို အတတ်နိုင်ဆုံးပြန်မတွေးမိအောင် မိမိဝါသနာပါရာလုပ်ငန်းတစ်ခုထဲမှာ အာရုံစူးစိုက်ထားပါ။

 

2.  စိတ်သက်သာမှုရယူပါ။

        စိတ်ပိုင်းဆိုင်ရာထိခိုက်စေနိုင်တဲ့ အကြောင်းအရာတစ်ခုကို သင်ရင်ဆိုင်ကြုံတွေ့ရတော့မယ်ဆိုရင် ဘယ်လိုနည်းလမ်းနဲ့မှ တားဆီးလို့မရနိုင်ပါဘူး။ ဒီလိုစိတ်ပဋိပက္ခအခြေအနေဟာ အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ ပျောက်ကွယ်သွားမှာပါ။ ယင်းကဲ့သို့ အခြေအနေမျိုးမှာ စိတ်ခံစားချက်ကို ထိုးနှက်ရိုက်ခတ်စေနိုင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကြည့်ခြင်းမှ ရှောင်သင့်ပြီး မိမိမိတ်ဆွေသူငယ်ချင်းတွေနဲ့ ပေါင်းဖွဲ့ပါ၀င်စကားပြောခြင်း၊ ပရဟိတလုပ်ငန်းများမှာ ပါ၀င်ကူညီလုပ်ကိုင်ပေးခြင်းဖြင့် စိတ်သက်သာမှုရယူသင့်ပါတယ်။

 

3.  စိတ်ပူပန်မှုကို ဖြေလျော့ပါ။

        သင့်အနေနဲ့ ပြဿနာတစ်ခုကို အချိန်ယူပြီးစဉ်းစားတတ်သူ၊ စိတ်ပူပန်မှုလွန်ကဲသူဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကို ဖြိုဖျက်သလိုမဖြစ်စေဘဲ ပိုပြီးဆိုးရွားအောင်လှုံ့ဆော်ပေးသလိုဖြစ်စေမှာပါ။ စိတ်ကိုလွတ်လပ် ပေါ့ပါးစွာထားလိုက်တာက စိတ်ထိခိုက်မှုအခြေအနေမှ လွတ်မြောက်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

 

4.  စိတ်ပျော်ရွှင်မှုကို ရယူပါ။

        တနေ့တာလုံးမှာ သင့်ကိုပျော်ရွှင်စေခဲ့တဲ့ အရာအားလုံးကို ရေးချခြင်း၊ နေ့စဉ် နာရီ၀က်လောက် စိတ်ချမ်းမြေ့စရာတွေ တွေးတောခြင်း၊ တစ်စုံတစ်ဦးရဲ့စိတ်ပျော်ရွှင်စေမယ့် လိုအပ်ချက်ကိုဖြည့်ဆည်းပေးခြင်းတို့ကို လုပ်ဆောင်ပေးပါက သင့်စိတ်ကိုကြည်နူးနေစေပြီး တိုးေ၀့ှ၀င်ရောက်လာနိုင်တဲ့ စိတ်ရှုပ်စရာ၊ စိတ်ထိခိုက်စရာတွေကိုတောင် အလွယ်တကူ တွန်းလှန်နိုင်မှာဖြစ်ပါတယ်။

 

5.  ဟန်ဆောင်ပြုံးပါ။ ပြင်ပြင်ဆင်ဆင်နေပါ။ 

        မပြုံးချင်ရင်တောင် ဟန်ဆောင်ပြုံးပြီး အမှတ်တရဓာတ်ပုံလေးတွေ ရိုက်နေခြင်းဟာလည်း စိတ်ကျေနပ်မှု ရရှိစေကာ သောကတွေအေ၀းကို ရောက်စေပါတယ်။ မိမိရဲ့ ရုပ်ပိုင်းဆိုင်ရာအပြင်အဆင် သစ်လွင်နေခြင်းဟာ သင့်စိတ်ကို တက်ကြွစေနိုင်တဲ့ အားဆေးတစ်ခွက်ဖြစ်ပါလိမ့်မယ်။

 

6.  လန်းဆန်းတက်ကြွစွာနေထိုင်ပြုမူပါ။

        မိမိနေ့စဉ်ဖြတ်သန်းနေရတဲ့ နေ့သစ်တိုင်းမှာ လန်းဆန်းတက်ကြွနေပါက စိတ်ပူပန်သောက ရောက်စရာတွေလည်း ပြေလျော့သွားမှာပါ။ဒါကြောင့် ရွှင်လန်းတက်ကြွစွာနဲ့ နေ့သစ်တစ်နေ့ကို ကြိုဆိုဖို့အတွက် နံနက်စောစောအိပ်ရာထပါ။ အာဟာရဓာတ်လုံလောက်စွာဖြည့်တင်းပါ။ ညဘက်မှာ နှစ်ခြိုက်ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ နေ့ခင်းဘက်တစ်မှေးအိပ်စက်ခြင်းမှ ရှောင်ကျဉ်ပါ။

 

7.  အဆိုးဘက်အတွေးအမြင်တွေကို စွန့်လွှတ်ပါ။

        အဆိုးဘက်အတွေးအမြင်တွေဟာ သင့်ရဲ့ပျော်ရွှင်မှုတွေကို တားဆီးပိတ်ပင်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် အရာရာတိုင်းကို အကောင်းဘက်မှသာတွေးမြင်ပြီး စိတ်ကိုအမြဲတမ်း ကြည်ကြည်လင်လင်ဖြစ်နေအောင် အသိ၊ သတိစွဲမြဲထားပါ။ မိမိနဲ့ပတ်သက်ပြီး တစ်စုံတစ်ယောက်မှ ဂရုမစိုက်ဘူး။ နှစ်မြို့မှုမရှိဘူးလို့ ရေရွတ်နေမယ့်အစား အားလုံးက မိမိကိုချစ်ခင်နှစ်သက်ကြပါလားဆိုတဲ့ အတွေးလေးတစ်ခုက သင့်ရဲ့စိတ်ကို ပျော်ရွှင်စေပြီး စိတ်သဘောထားပြည့်၀သူတစ်ဦးအဖြစ် လူအများရဲ့လေးစားချစ်ခင်မှုကို ရရှိစေနိုင်မှာဖြစ်ပါတယ်။

 

8.  တစ်ဦးတည်းသီးသန့်နေခြင်းမျိုး ရှောင်ရှားပါ။

        စိတ်ထိခိုက်ခံစားနေရသူအနေနဲ့ တစ်ယောက်တည်းသီးသန့်ဖယ်ခွာနေခြင်းက စိတ်ဒဏ်ရာကို ပိုပြီးဆိုးရွားစေပါတယ်။ မိသားစု၊ သူငယ်ချင်းများကို သင်ခံစားနေရတဲ့ပြဿနာနဲ့ပတ်သက်ပြီး ဖွင့်ဟပြောဆိုတိုင်ပင်ဆွေးနွေးပါ။ သူငယ်ချင်းကောင်း၊ မိသားစုက သင့်ကိုအကြံဉာဏ်ကောင်းတွေ ပေးစွမ်းနိုင်သလို စိတ်ထိခိုက်မှုတွေကို တွန်းလှန်နိုင်ဖို့ အင်အားတွေလည်း ပေးစွမ်းနိုင်ပါတယ်။

 

9.  စိတ်ခံစားမှုကိုတုံ့ပြန်ပါ။

        တစ်စုံတစ်ခု အမှားအယွင်းကြောင့် မိမိကိုယ်ကို အပြစ်တင်၊ သူတစ်ပါးကိုအပြစ်ဖို့နေမယ့် အစား ပြဿနာကိုဘယ်လိုရင်ဆိုင်တုံ့ပြန်မလဲဆိုတဲ့ နည်းလမ်းကောင်းတစ်ခုကို ရွေးချယ်ပါ။ အပြစ်တင်နေမယ့်အတွေးတွေကိုသာ အချိန်ကုန်ခံပြီး တွေးတောနေပါက စိတ်ပူပန်မှုတွေကို လက်ယက်လှမ်းခေါ်ကြိုဆိုနေသလိုဖြစ်မှာပါ။

 

CMS

www.drmyanmar.com