/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/စိတ်ဖိစီးမှုနဲ့-နှလုံးကျန်းမာရေး

စိတ်ဖိစီးမှုနဲ့ နှလုံးကျန်းမာရေး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

စိတ်ဖိစီးမှုက ချွေးစေးတွေပြန်တာ၊ ဗိုက်အောင့်တာ စတဲ့ ကိုယ်ခန္ဓာ အပြောင်းအလဲသေးသေးလေးတွေကို ဖြစ်စေနိုင်ကြောင်း အားလုံးသိကြပါတယ်။ စိတ်ဖိစီးမှုဟာ နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း များစေနိုင်ကြောင်း ဂျွန်ဟော့ပ်ကင်းဆေးရုံက နှလုံးရောဂါအထူးကု Micheal blaha က ဆိုပါတယ်။
စိတ်ဖိစီးမှုဆိုတာကလည်း နေရာအမျိုးမျိုးကနေ ရနိုင်တာကိုး။ အချစ်ရေးကိစ္စတွေ၊ အလုပ်အကိုင်ကိစ္စတွေကနေစလို့ အားကစားပွဲတွေအဆုံးကနေရတဲ့ စိတ်ဖိစီးမှုဟာ နှလုံးကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

>>  စိတ်ဖိစီးမှုများနေတာကို သတိထားမိဖို့ ...
လတ်တလောလေ့လာမှုတစ်ခုမှာ အသက် ၁၈ နှစ်အထက် ၂ ကြိမ်နဲ့အထက် အိမ်ထောင်ကွဲဖူးသူအမျိုးသမီးတွေမှာ နှလုံးဖောက်နိုင်ခြေဟာ ဆီးချိုရှိသူတစ်ယောက်၊ ဆေးလိပ်သောက်သူတစ်ယောက်နဲ့ အတူတူပဲလို့ ဆိုပါတယ်။ မကြာမကြာ အိမ်ထောင်ကွဲဖူးသူ အမျိုးသားတစ်ယောက်မှာလည်း အလားတူပဲ နှလုံးရောဂါဖြစ်နိုင်ခြေ တက်လာတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ဒါပေမဲ့ အမျိုးသားတွေမှာ အိမ်ထောင်ပြန်ပြုရင် ကျန်းမာရေးအကျိုးကျေးဇူး ပြန်ရပေမယ့် အမျိုးသမီးတွေမှာတော့ မရှိဘူးလို့ ဆိုပါတယ်။ အိမ်ထောင်ကွဲပြီး နှစ်ပေါင်းများစွာကြာတာတောင် ဒီစိတ်ဖိစီးမှုဟာ ကျန်းမာရေးပေါ်သက်ရောက်မှု ရှိပါတယ်။
အလုပ်နဲ့ပတ်သက်တဲ့ စိတ်ဖိစီးမှုကလည်း နှလုံးကို ထိခိုက်နိုင်ပါတယ်။ အလုပ်ပြုတ်မှာ ကြောက်ကြသူတွေဟာ သူများတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၂၀% ပိုများတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အလုပ်မှာ ပျော်နေကြသူတွေမှာလည်း အလုပ်ရဲ့အပြိုင်အဆိုင်တွေ၊ အလုပ်နဲ့အိမ် မျှတအောင် လုပ်နေရတာတွေကြောင့် နှလုံးရောဂါ ရနိုင်ခြေရှိတာပါပဲ။
အံ့ဩစရာကောင်းတာက ပျော်စရာကောင်းတဲ့ အခမ်းအနားတစ်ခုခုနဲ့ ပတ်သတ်တဲ့ စိတ်ဖိစီးမှုကတောင် နှလုံးရောဂါရနိုင်ခြေ များစေပါတယ်တဲ့။ ကမ္ဘာ့ဖလားဘောလုံးပွဲရှိတဲ့ချိန်တွေဆို ကိုယ့်နိုင်ငံအသင်း ကစားနေစဉ်မှာ နှလုံးရောဂါရနိုင်ခြေဟာ ၂ ဆ မြင့်တက်လာတတ်တယ်လို့ ဆိုပါတယ်။

>>  စိတ်ဖိစီးမှုနဲ့နှလုံးရောဂါ ဘယ်လိုဆက်စပ်နေသလဲ?
စိတ်ဖိစီးမှုကြောင့် ကိုယ်ခန္ဓာမှာ ရောင်ရမ်းမှုတွေ ဖြစ်လာစေပြီး သွေးတိုးတာ၊ ကောင်းတဲ့ HDL ကိုလက်စထရောတွေ လျော့နည်းသွားတာ စတဲ့ နှလုံးကို ထိခိုက်စေတဲ့အချက်တွေ ဖြစ်လာတတ်ပါတယ်။
နာတာရှည်စိတ်ဖိစီးမှုဟာလည်း နှလုံးကို သွယ်ဝိုက်သောနည်းအားဖြင့် ထိခိုက်တတ်ပါတယ်။ စိတ်ပူပန်နေတဲ့အခါ ကောင်းကောင်း အိပ်မပျော်ပါဘူး။ လေ့ကျင့်ခန်းလုပ်ဖို့စိတ်မပါတာ၊ ကျန်းမာရေးနဲ့ညီညွတ်စွာ မစားမိတာ၊ ကိုယ်အလေးချိန်မထိန်းမိတာ စတာတွေကိုလည်း လုပ်မိတတ်ကြပါတယ်။ ဒီလူနေမှုပုံစံ အပြောင်းအလဲတွေအားလုံးဟာ နှလုံးကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

>>  နှလုံးသားကို ကာကွယ်ပါ။
အတော်များများက စိတ်ဖိစီးမှုနဲ့ကျန်းမာရေးကို တစ်ကွဲတစ်ပြားစီလို့ ထင်တတ်ကြပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု ကြုံနေရတဲ့အခါမျိုးမှာ ကျန်းမာရေးနောက်ဆက်တွဲတွေ ရှိတယ်ဆိုတာကို သိထားရပါမယ်။ ဒီနည်းလမ်းလေးတွေနဲ့ စိတ်ဖိစီးမှုများနေတဲ့အချိန်မှာ နှလုံးကိုကာကွယ်ပါ။

>>  ကျွမ်းကျင်သူတွေရဲ့ အကြံဉာဏ်ကို ရယူပါ။
ကျွမ်းကျင်သူတွေနဲ့ စိတ်ဖိစီးမှုအကြောင်းကို ဆွေးနွေးတိုင်ပင်ပါ။ နှလုံးရောဂါဖြစ်စေတဲ့ တခြားအကြောင်းရင်းတွေဖြစ်တဲ့ အဝလွန်တာ၊ သွေးတိုးတာ စတဲ့ အချက်တွေရှိနေရင် ပိုအရေးကြီးပါတယ်။ တစ်ခါတလေ ဆရာဝန်နဲ့တိုင်ပင်ရင်း လူနေမှုပုံစံကိုပြောင်းလဲပစ်ဖို့လိုတတ်ပါတယ်။

>>  စိတ်ဖိစီးမှုရှိပါက စိတ်ဓာတ်တက်ကြွအောင် နေပါ။
စိတ်ဖိစီးမှုကြောင့် ကိုယ်လက်လှုပ်ရှားမှုမလုပ်ဖြစ်တာ မဖြစ်စေဘဲ လေ့ကျင့်ခန်းလုပ်ပြီး စိတ်ဖိစီးမှုကို ဖြေဖျောက်ပစ်ပါ။ စိတ်ဖိစီးမှုများတဲ့နေ့မျိုးဆို နေ့လယ်နေ့ခင်း ထမင်းစားချိန် သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)