စိတ်ဖိစီးမှုများခြင်းဟာ အရိုးပွခြင်း အရိုးကျိုးခြင်းများနဲ့ ဆက်စပ်နေပါတယ်
ကိုယ့်ကိုယ်ကို စိတ်ဖိစီးမှုတွေ များနေပြီလို့ ထင်သလား? ဒန်းနစ်လေ့လာမှုအသစ်တစ်ခုမှာ စိတ်ဖိစီးမှုနဲ့ အရိုးကျိုးနှုန်း ဆက်သွယ်ထားတာကို ကြည့်ကြည့်ကြရအောင်။
ဒီလေ့လာမှုမှာ စိတ်ဖိစီးမှုများနေတဲ့ ပါဝင်သူတွေဟာ ၆၈% လောက် တင်ပါးဆုံရိုးကျိုးနှုန်း ပိုများပြီး အရိုးပွပြီး ကျိုးနှုန်းကတော့ ၃၇% လောက် တက်လာတာကို တွေ့ရတယ်။ စိတ်ဖိစီးမှုတင်မကဘဲ စိတ်ဖိစီးမှုကို လက်ခံထားတဲ့ ကိုယ့်ရဲ့လက်ခံစိတ်နဲ့လည်း ဆိုင်တယ်လို့ ဖော်ပြထားသေးတယ်နော်။
ဒီလေ့လာမှုဟာ အသက် ၅၅ နှစ်အထက် ဒန်းနစ်လူမျိုးအယောက် ၈၀၀ ၀နီးပါးကို စိတ်ဖိစီးမှုကို လက်ခံမှုပုံစံအပေါ် မူတည်ပြီး ခွဲခြားလေ့လာခဲ့ကြတယ်။ လေ့လာသူတွေဟာ စိတ်ဖိစီးမှုပမာဏနဲ့ စိတ်ဖိစီးမှုအမျိုးအစားကိုတော့ ထည့်မတွက်ထားပါဘူး။ ဒီ့အစား သူတို့ရဲ့စိတ်ဖိစီးမှုအဆင့်ကို သူတို့ကိုယ်သူတို့ကို သတ်မှတ်စေပြီး နောက် ၅ နှစ်အတွင်းမှာ အရိုးပွပြီးကျိုးနှုန်းကို စောင့်ကြည့်ခဲ့ကြတယ်။
စိတ်ဖိစီးမှု နည်းတယ်လို့ ကိုယ့်ကိုယ်ကို သတ်မှတ်ထားသူတွေထက်စာရင် စိတ်ဖိစီးမှုအဆင့်များတယ်လို့ သတ်မှတ်သူတွေရဲ့ လေးပုံတစ်ပုံလောက်မှာ အရိုးကျိုးနှုန်း သိသိသာသာ များတာကို တွေ့ရပြီး တင်ပါးဆုံရိုးကျိုးနှုန်း ၆၈%၊ အရိုးပွပြီး အရိုးကျိုးနှုန်း ၃၇% လောက် ရှိကြောင်း သိရပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























