စိတ်ဖိစီးမှုအတွက် ဗီတာမင် C
ဗီတာမင် C ကကျန်းမာရေးအတွက် အရေးကြီးတယ်ဆိုတာကိုအားလုံးသိကြပြီးသားပါ။ အထူးသဖြင့်တော့ ကိုယ်ခံအားကို အထောက်အပံ့ဖြစ်စေတယ်ဆိုတာကိုသိပြီးဖြစ်သလို တခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်း အများကြီးရှိပါသေးတယ်။ ဥပမာ သွေးထဲမှာ ဗီတာမင် C များရင် နှလုံးသွေးကြောစနစ်၊ အသားအရေ၊ အာရုံကြောစနစ်၊ သွား၊ အရိုးသိပ်သည်းဆ၊ ကိုယ်ခံအားနဲ့ တခြားဂလင်းတွေပေါ်မှာကောင်းကျိုးရစေပါတယ်။
>> ဗီတာမင် C နဲ့စိတ်ဖိစီးမှု ဘယ်လိုဆက်စပ်နေလဲ
ဗီတာမင် C ရဲ့အသိသာဆုံး၊ အသုံးများဆုံးသော အချက်တစ်ချက်ကတော့ စိတ်ဖိစီးမှုတွေကိုတုန့်ပြန်တဲ့နေရာမှာပါ။ စိတ်ဖိစီးမှုဆိုင်ရာဟော်မုန်းတွေ အထူးသဖြင့် cortisol ဆိုတဲ့ဟော်မုန်းကို ကောင်းကောင်းကိုင်တွယ်နိုင်စေဖို့အတွက် adrenal gland ကနေဟော်မုန်းတွေထုတ်ဖို့နဲ့ ဂလင်းကျန်းမာဖို့အတွက် ဗီတာမင် C ကိုလိုအပ်ပါတယ်။ စိတ်ဖိစီးမှုဖြစ်လာတဲ့အခါမှာ သွေးထဲက ဗီတာမင် C တွေမြန်မြန်ကြီးကုန်ဆုံးသွားပါတယ်။ ဆိုလိုတာကတော့ လေ့ကျင့်ခန်းလုပ်တာလိုမျိုး ကောင်းတဲ့ဖိစီးမှုပဲဖြစ်ဖြစ်၊ အခက်အခဲတွေနဲ့ရင်ဆိုင်နေရလို့ဖြစ်တဲ့ မကောင်းတဲ့စိတ်ဖိစီးမှုတွေနဲ့ပဲကြုံကြုံ adrenal gland က ဗီတာမင် C တွေပိုပြီးလိုအပ်ပါတယ်။ ဒီလိုစိတ်ဖိစီးမှုတွေကိုရင်ဆိုင်နေရတဲ့အချိန်မှာ adrenal gland ကဟော်မုန်းတွေလိုသလောက်ထပ်ပြီးမထုတ်ပေးနိုင်ရင် ခန္ဓာကိုယ်တစ်ခုလုံးကိုခံစားရစေပါတယ်။ နားနေရင်တောင်မှပင်ပန်းနွမ်းနွယ်နေတာ၊ ကိုယ်ခံအားစနစ်တုန့်ပြန်မှုအားနည်းလာတာ၊ စိတ်သိပ်မပျော်တာ၊ စိတ်တွေအရမ်းရှုပ်တာ၊ စိတ်တိုစရာသေးသေးလေးကိုတောင်မှခံနိုင်ရည်မရှိတော့တာတွေဖြစ်လာစေပါတယ်။
>> လူတစ်ယောက်အတွက် ဗီတာမင် C ဘယ်လောက်လိုအပ်သလဲ
ဗီတာမင် C ကရေမှာပျော်ဝင်ပြီးတော့ ခန္ဓာကိုယ်ကနေမြန်မြန်သုံး၊ မြန်မြန်စွန့်ထုတ်ထာဖြစ်တဲ့အတွက် တစ်နေ့ကို အကြိမ်ရေများများသောက်ပေးဖို့လိုပါတယ်။ အထူးသဖြင့်တော့ ခန္ဓာကိုယ်မှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ပတ်ဝန်းကျင်ပိုင်းဆိုင်ရာနဲ့ ရောဂါပိုးဝင်လို့ ဖိစီးမှုတစ်ခုခုရှိနေတဲ့အချိန်တွေမှာအထူးလိုအပ်ပါတယ်။ ဗီတာမင် C လိုအပ်တဲ့ပမာဏကတော့ လူတစ်ယောက်ချင်းစီနဲ့ ကြုံတွေ့နေရတဲ့ဖိစီးမှုပမာဏအပေါ်မှာမူတည်ပါတယ်။ စိတ်ဖိစီးမှုကကြီးလေလေ အာဟာရဓာတ်တွေ အထူးသဖြင့် ဗီတာမင် C ကို်ပိုလိုအပ်လေပါပဲ။ အတိအကျသိချင်ရင်တော့ Vitamin C loading test လို့ခေါ်တဲ့စစ်ဆေးမှုလုပ်လို့ရပါတယ်။ ပုံမှန်အားဖြင့်တော့ စိတ်ဖိစီးမှုကကြီးပြီးတော့ ကာလကြာရှည်လေလေ ဗီတာမင် C လိုအပ်ချက်ပိုများလေလေပါပဲ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
(Unicode)
Dr. Mya Myo Myo Swe (www.drmyanmar.com)






























