စိတ်မကြည်လင်မှုတွေကိုသက်သာစေမယ့် အစွမ်းထက်နည်းလမ်း (7) သွယ်
လူ့စိတ်ဆိုတာမျက်စိတစ်မှိတ်အတွင်းမှာ အမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။ အကောင်းနဲ့အဆိုး ဒွန်တွဲနေတယ်ဆိုပေမယ့် မမျော်လင့်ထားတာတွေနဲ့ တွေ့ကြုံတဲ့အခါ စိတ်မကြည်လင်မှု ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီလိုဖြစ်လာတဲ့မိမိစိတ်အခြေအနေကို တွန်းလှန်ဖို့မကြိုးစားမိပါက ဘယ်အရာကိုမှ ပြတ်သားစွာ ဆုံးဖြတ်နိုင်စွမ်း မရှိဘဲ အောင်မြင်မှုတွေနဲ့လည်းအလှမ်းေ၀းသွားနိုင်ပါတယ်။ ဒါကြောင့် ငြီးငွေ့ဖွယ်ကောင်းတဲ့ မျှော်လင့်အားရဖွယ် မရှိတဲ့စိတ်မကြည်လင်မှုမှ ရုန်းထွက်လို့ရနိုင်မယ့် နည်းလမ်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။
1. စိတ်ခံစားချက်ပြောင်းလိုက်ပါ။
စိတ်မကြည်မသာဖြစ်လာပြီဆိုရင် ပန်းခြံထဲလမ်းလျှောက်တာဖြစ်ဖြစ်၊ သီချင်းနားထောင်တာပဲဖြစ်ဖြစ်၊ ဂိမ်းကစားလိုက်တာပဲဖြစ်ဖြစ် မိမိနှစ်သက်ရာကိုရွေးချယ်ပြီးပြုလုပ်လိုက်ပါက စိတ်ခံစားချက်ကောင်းမွန် လာပါလိမ့်မယ်။ ဒါ့အပြင် ဖျော်ဖြေရေးအစီအစဉ်တွေကလည်း သင့်စိတ်ကိုစွဲဆောင်ကာ သွယ်၀ိုက်သောနည်းနဲ့ စိတ်ချမ်းမြေ့မှုကိုဆောင်ကျဉ်းပေးနိုင်ပါသေးတယ်။
2. တာ၀န်သိတတ်မှုရှိပါ။
မိမိကြောင့်ဖြစ်ရတဲ့အတွက် မိမိမှာတာ၀န်ရှိပါကြောင်း အများရှေ့မှာ၀န်ချတောင်းပန်တတ်တဲ့အကျင့်ဟာ စိတ်ဓာတ်မြင့်မားမှုကိုပြသတဲ့အချက်ပဲဖြစ်ပါတယ်။ ဒါ့အပြင် အများစုကလက်ခံထားတဲ့ အယူအဆ အမှားဘက်ကို မယိမ်းယိုင်ဘဲအမှန်တရားဘက်မှသာ ရပ်တည်ပေးခြင်းကလည်း တာ၀န်သိတတ်မှုပဲဖြစ်ပါတယ်။ ဒီလိုစိတ်ဓာတ်မြင့်မားမှုကို ပျိုးထောင်ပေးခြင်းဖြင့် မိမိကိုယ်ကိုယုံကြည်မှုရှိကာ စိတ်ကိုအမြဲတမ်း ကြည်လင်နေစေပြီး ပျော်ရွှင်အောင်မြင်တဲ့လူသားတစ်ဦးအဖြစ် နေထိုင်နိုင်မှာဖြစ်ပါတယ်။
3. အဖြေထုတ်ပါ။
ပထမဆုံးသင့်ကို စိတ်ရှုပ်စေတဲ့အကြောင်းရင်းကိုဖော်ထုတ်ပါ။ မိမိရင်ဆိုင်နေရတဲ့ပြဿနာကို ဉာဏ်စမ်းပဟေဠိ အတုံးဆက်လေးတွေအဖြစ်မှတ်ယူပြီးအတုံးလေးတွေမှန်ကန်တိကျစွာဆက်နိုင်ဖို့ သင့်လျော်တဲ့ အတုံးလေးရွေးချယ်နိုင်အောင် ကြိုးစားအားထုတ်ပါ။
ထိုနည်းတူစိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ပြဿနာတစ်ခုနဲ့ ပတ်သက်ပြီးဘာကြောင့်မှားခဲ့တာလဲလို့ အပြစ်ဖို့နေမယ့်အစား ပြဿနာကိုဖြေရှင်းနိုင်မယ့် အကောင်းဆုံးနည်းလမ်းကိုရှာဖွေပြီး ပြေလည်အောင် စွမ်းဆောင်လိုက်ပါက စိတ်ချမ်းမြေ့မှုကိုအပြည့်အ၀ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
4. စိတ်ဓာတ်မြှင့်တင်ပါ။
ရယ်ရွှင်စရာဇာတ်လမ်းများကိုကြည့်ခြင်း၊ ဟာသဉာဏ်ကွန့်မြူးစနောက်တတ်တဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ စကားစမြည်ပြောခြင်း၊ စိတ်ခွန်အားကို မြှင့်တင်ပေးနိုင်တဲ့ စာအုပ်စာပေများကိုဖတ်ရှုခြင်း အစရှိတဲ့လုပ်ဆောင်ချက်တွေဟာ မအီမသာဖြစ်နေတဲ့ သင့်စိတ်ခံစားချက်ကို နိုးကြားလာစေပြီး စိတ်ဓာတ်စွမ်းအားမြင့်မားလာစေမှာဖြစ်ပါတယ်။
5. စိတ်စေညွှန်ရာမဖြစ်ပါစေနဲ့။
အဆိုးဘက်ကိုရောက်ခဲ့တဲ့ အတိတ်ကဖြစ်ရပ်တွေကို တွေးတောတာဟာ သင့်စိတ်ခံစားချက် ကိုမှေးမှိန်စေပြီး စိတ်ပူပန်မှုတွေကို တိုးေ၀့ှ၀င်ရောက်လာအောင် လမ်းစဖော်ပေးလိုက်သလိုပါပဲ။ အဲဒီအစားမိမိရဲ့ အနာဂတ်နေ့ရက်တွေကို ဘယ်လိုပုံဖော်မလဲဆိုတဲ့စိတ်ကူးလေးနဲ့ စိတ်ကြည်လင်မှုရယူပါ။
6. သင်ခန်းစာယူပါ။
စိတ်သောကဖြစ်စရာ၊ စိတ်ရှုပ်စရာတွေဟာ ဘ၀မှာမကြာခဏဆိုသလို ကြုံတွေ့နေရမယ့်ကိစ္စပါ။ ဉာဏ်အမြော်အမြင်ကြီးစွာနဲ့ ရင်ဆိုင်ဖြေရှင်းတတ်ဖို့တော့လိုအပ်ပါတယ်။ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ စိတ်ဓာတ်ကျစရာတွေမှ ရရှိတဲ့သင်ခန်းစာတွေက သင့်ကိုကျိုးကြောင်းဆီလျော်စွာသုံးသပ်တတ်မှု၊ စိတ်ဓာတ်ခိုင်မာမှုတွေပေးစွမ်းတာကြောင့် နောင်တချိန်မှာသင့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေမယ့် လုပ်ဆောင်ချက်တွေပြုလုပ်ခြင်းမှ ရှောင်လွှဲနိုင်မယ့်စိတ်စွမ်းအားတွေ ရရှိစေနိုင်မှာဖြစ်ပါတယ်။
7. အပန်းဖြေအနားယူပါ။
စိတ်တွေမွန်းကျပ်လာပြီဆိုပါက သင့်စိတ်ကိုအမှန်တကယ်ငြိမ်းအေးမှုပေးနိုင်မယ့် ပတ်၀န်းကျင်တစ်ခု ဖန်တီးလိုက်ပါ။ အပန်းဖြေခရီးထွက်တာ၊ တရားအားထုတ်တာတွေက သင့်အတွက်အကောင်းဆုံးဖြစ် ပါလိမ့်မယ်။ မြို့ပြရဲ့ ပတ်၀န်းကျင်စေ့ဆော်မှုတွေကလည်း သင့်စိတ်ကိုပိုပြီးရှုပ်ထွေးစေနိုင်ပါတယ်။ အေးချမ်းမှု အစစ်အမှန်ရှိရာဆီကိုဦးတည်သွားပါ။ သင့်စိတ်တွေအေးချမ်းလာပါလိမ့်မယ်။
Mg HlaingThwin






























