စိတ်ရှုပ်နေလား မှန်ကြည့်ပါ
နေ့စဉ်ဘဝမှာ တွေ့ကြုံနေရတဲ့ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေကို လျော့ကျစေဖို့အတွက် နည်းလမ်းအသစ်တစ်မျိုးကတော့ မှန်ထဲက ကိုယ့်ရဲ့ပုံရိပ်ကို ကိုယ်ပြန်ပြီးတော့ စိုက်ကြည့်တဲ့နည်းလမ်းပါ။ ဒီနည်းလမ်းနဲ့ ဘယ်လိုလူတွေ အသင့်တော်ဆုံးလဲဆိုတာကို မဆုံးဖြတ်ရသေးပါဘူး။ ဒါက ကိုယ့်ဟာကိုယ် စိတ်သက်သာရာရစေဖို့အတွက် ထွင်ထားတဲ့နည်းလမ်းပါ။ ဒီနည်းလမ်းကို စတင်ပြီးတော့ တွေ့ရှိခဲ့တဲ့ Columbia University, Barnard College က စိတ်ပညာဆိုင်ရာ ပါမောက္ခ Tara Well နဲ့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။
ဒီနေရာမှာ ရိုးသားမှုရှိဖို့တော့ လိုပါတယ်။ တချို့တွေမှာ မှန်နဲ့ပတ်သက်ပြီး ခံစားချက်တွေ ရှိပါတယ်။ မှန်ကြည့်ရတာ ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူလည်း ရှိပါတယ်။ တချို့ကျတော့လည်း မှန်ကြည့်လိုက်ရင် ကိုယ့်မှာရှိနေတဲ့ အရေးအကြောင်းတွေ၊ အပြစ်အနာအဆာတွေကို တွေ့ရတော့ မကြည့်ချင်ကြဘူး။
အများအားဖြင့်တော့ မှန်ကြည့်တယ်ဆိုတာက ပြင်ပရုပ်သွင်လက္ခဏာကို ကြည့်ဖို့ပါပဲ။ အလှပြင်မယ်၊ ဆံပင်ဖြီးမယ် စတာတွေအတွက်ပဲ မှန်ကို အကြည့်များပါတယ်။ ကိုယ့်ရဲ့ခံစားချက်ကို ပြန်ကြည့်ဖို့ မသုံးဖြစ်ကြပါဘူး။
ဒီကျင့်စဉ်က လွယ်ကူရိုးရှင်းပါတယ်။
ဆိတ်ငြိမ်တဲ့နေရာတစ်ခုကို ရှာပြီးတော့ မှန်ကိုကိုယ့်ရဲ့ရှေ့မှာ ထောင်ထားပြီး သက်သောင့်သက်သာထိုင်ပါ။ ပြီးရင် မှန်ထဲက ကိုယ့်ကိုယ်ကို ၁၀ မိနစ်လောက် ပြန်ကြည့်ပါ။ ဒီ ၁၀ မိနစ်ကလည်း ၁၀ နှစ်လောက်လို့ ထင်ရတဲ့အတွက် ပထဆုံးတော့ ၃-၅ မိနစ်လောက်ကနေ စပြီးတော့ ကြည့်ပါ။
ဒီနည်းက ပုံမှန်တရားထိုင်တဲ့ကျင့်စဉ်တွေနဲ့ မတူတဲ့အချက်ကတော့ အသက်ရှူတာအပေါ်မှာ အာရုံစိုက်ပြီးတော့ နေစရာမလိုပါဘူး။ ကိုယ့်ရဲ့ငေးမောကြည့်ရှုမှုက အာရုံစူးစိုက်ရာပါပဲ။ မှန်ကနေပြီးတော့ အမှတ်တစ်နေရာရာကို ယူပေးပြီးတော့ ကြည့်တဲ့သူရဲ့ အာရုံစိုက်နေတဲ့နေရာကို လိုက်ပေးပါလိမ့်မယ်။ ဒီနည်းက အာရုံစိုက်ရ လွယ်စေပါတယ်။
ဒီမှာရည်ရွယ်ချက်ကတော့ ဘာမျှော်မှန်းချက်မှမရှိဘဲ ကိုယ့်ကိုယ်အဖြစ်နဲ့ တည်ရှိနေပြီးတော့ ဖြစ်လာတာတွေကို လက်ခံဖို့ပါ။ မှန်တယ်၊ မှားတယ် ဆုံးဖြတ်ဖို့ မလိုပါဘူး။ ကိုယ့်ရဲ့မကောင်းတဲ့အတွေးတွေကို သိမြင်ပြီးတော့ ဒီအတွေးတွေကို ရပ်လိုက်၊ အသက်ကို ပြန်ရှူပြီးတော့ ကိုယ့်ရဲ့အကြည့်ဆီကို စိတ်ကိုပြန်ပို့ပါ။
နေ့စဉ်ကျင့်ပေးမယ်ဆိုရင် ကိုယ့်ရဲ့အသွင်အပြင်ကို ပိုရင်းနှီးလာပြီးတော့ အတွေးတွေကိုလည်း သတိပြုမိလာပါလိမ့်မယ်။ မှန်က ဒါတွေကို ဆုံးဖြတ်ပေးတာ မဟုတ်ပါဘူး။ ရောင်ပြန်ပေးရုံသက်သက်ပါပဲ။
တချို့တွေရဲ့ အတွေ့အကြုံတွေကတော့ ပြင်းထန်တတ်ပြီးတော့ တချို့ကျတော့လည်း အရင်က မသိခဲ့တာတွေကို ရှာဖွေတွေ့ရှိလာကြတယ်။ ဒီကျင့်စဉ်ကို ကိုယ်ရည်ကိုယ်သွေးပိုင်းဆိုင်ရာ တိုးတက်ချင်တဲ့သူတွေနဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲ ရှာချင်တဲ့သူတွေ မည်သူမဆို လုပ်ကြည့်ဖို့ တိုက်တွန်းထားပါတယ်။ သတိထားရမှာကတော့ ကိုယ့်ကိုယ်ကို အရမ်းကို မကောင်းမြင်လာပြီ ဆိုရင်တော့ မှန်ကနေ ခဏခွာလိုက်ဖို့ လိုပါတယ်။
>> မှန်တစ်ချပ်ရဲ့နောက်ကွယ်
လူတွေက အများအားဖြင့် ပြင်ပသွင်ပြင်လက္ခဏာကိုပဲ အလေးထားနေကြတာ များပါတယ်။ ပြီးတော့ သူများတွေရဲ့ ကိုယ့်အပေါ်အမြင်ကိုလည်း အရမ်းအလေးထားကြပါတယ်။ ဒီမှန်ကြည့်တဲ့ကျင့်စဉ်ကတော့ ဒါနဲ့ပြောင်းပြန်ပါ။ ဒါက ကိုယ့်ကိုယ်ကို နက်နက်ရှိုင်းရှိုင်းမြင်အောင် ကြည့်စေတာပါ။ ကိုယ့်ကိုယ်ကို သေချာမြင်လာတဲ့အခါမှာ သူများတွေအပေါ်မှာလည်း ကိုယ်ချင်းစာစိတ်၊ သနားကြင်နာစိတ်တွေ ဖြစ်တည်လာပါလိမ့်မယ်။
ဒါကို တွေ့ရှိခဲ့တဲ့ Well ရဲ့ လေ့လာမှုမှာဆိုရင် ဒီလိုနည်းလမ်းကို နေ့စဉ် ၁၀ မိနစ်ကျင့်သုံးတဲ့သူတွေမှာ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ဓာတ်ကျဆင်းတာတွေ သိသိသာသာ လျော့နည်းသွားပြီးတော့ ကိုယ်ချင်းစာစိတ်တွေ တက်လာတယ်လို့ မှတ်တမ်းတင်ထားပါတယ်။ ဒီလေ့လာမှုမှာပါတဲ့ အမျိုးသမီးတွေက သူတို့ရဲ့ ရုပ်ရည်သွင်ပြင်ထက် သူတို့ရဲ့ခံစားချက်ကို ပိုအာရုံစိုက်လာပြီးတော့ ဒါကပဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေပြီးတော့ ဆက်သွယ်မှုတွေကို ကောင်းလာစေပါတယ်။
ဒီနည်းက ကျွနု်ပ်တို့ရဲ့နေ့စဉ်ဘဝတွေမှာ မပေါ်လာတဲ့ ဖုံးကွယ်နေတဲ့ စိတ်ခံစားချက်တွေကိုလည်း ထိန်းချုပ်ဖို့ သင်ကြားရာမှာ သုံးနိုင်ပါတယ်။ ဒီကျင့်စဉ်ကို ကျင့်ခြင်းအားဖြင့် ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို ပိုသတိထားမိလာပြီးတော့ ဒါတွေကို တာဝန်ယူလာနိုင်ပါလိိမ့်မယ်။
ဒါကြောင့် နောက်တစ်ကြိမ် ကိုယ့်မှာ စိတ်ခံစားချက်တွေ အရမ်းပြင်းထန်ပြီးတော့ အနားယူဖို့ လိုတဲ့အခါမှာ ရေချိုးခန်းကို သွားပြီးတော့ မှန်တစ်ချပ်ကိုကြည့်ကာ ကိုယ့်ရဲ့ရောင်ပြန်ကို ရယူကြည့်ပါ။ အံအားသင့်ဖွယ်ရာတွေကို တွေ့ရပါလိမ့်မယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























