ဆင်ခြေပေးတာရပ်ပြီး ကောင်းတဲ့အကျင့်တွေ မွေးမြူဖို့ ...
လုပ်မယ်လို့ပြောပြီး မလုပ်ဖြစ်တဲ့အခါ ကိုယ့်ကိုယ်ကို ပေးတဲ့ဆင်ခြေတွေက အများသားပါပဲ။ နေ့စဉ်မှတ်တမ်းရေးမယ်၊ တရားထိုင်မယ်၊ gym သွားမယ် စသဖြင့်ပေါ့။
လွန်ခဲ့တဲ့ လပိုင်းအတွင်းမှာ ကျွန်မဟာ ဘယ်တော့မှ မလုပ်ဖြစ်တဲ့ ကောင်းတဲ့အကျင့်စရိုက်တွေကို စွဲစွဲမြဲမြဲ မလုပ်ဖြစ်ရာကနေ လိုလိုလားလားကို လုပ်ဖြစ်တဲ့အနေအထားတစ်ခုကို ရောက်ခဲ့တယ်။ ကိုယ့်ကိုယ်ကို တွန်းနေရုံနဲ့မရဘူး။ အလွယ်တကူလည်း ပြင်မရဘူး။ စိတ်ခွန်အားတွေနဲ့ လိုလိုလားလားကို ဒီလိုကောင်းတဲ့ အလေ့အထလေးတွေကို လုပ်ဖြစ်တာပေါ့။
>> အောက်ခြေထိရောက်သွားခြင်း
လွန်ခဲ့တဲ့နှစ်မှာ ကျွန်မ လမ်းဆုံးကို ရောက်သွားခဲ့တယ်။ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် နောက် ၂ နှစ်၊ ၅ နှစ်၊ ၁၀ နှစ်အတွင်းမှာ နောင်တတွေ၊ စိတ်မကျေနပ်မှုတွေ၊ လုပ်နိုင်ရက်နဲ့မလုပ်မိခဲ့တာတွေကို တစ်စိမ့်စိမ့်ခံစားနေရတော့မယ်ဆိုတာ သိလာခဲ့တယ်။ ပန်းတိုင်တွေ ချမှတ်ပြီး ဘယ်တော့မှ မရောက်တာကို စိတ်ကုန်လှပြီလေ။
မဟတၳမဂန္ဒီရဲ့အဆိုကို ပြန်ပြောရမယ်ဆိုရင် " ပျော်ရွှင်မှုဆိုတာ ကိုယ်တွေးတာ၊ ကိုယ်ပြောတာ၊ ကိုယ်လုပ်တာ အကုန်ညီနေတာပါပဲ " ဆိုတဲ့အတိုင်းပါ။ ကျွန်မအတွက် ပြဿနာက ဒီလိုမညီတာပါပဲ။ နေ့တိုင်းတရားထိုင်မယ်လို့ပြောပြီး မထိုင်ဖြစ်တာမျိုး၊ နေ့တိုင်း အပြင်ထွက် လမ်းလျှောက်မယ်ပြောပြီး မလျှောက်ဖြစ်တာမျိုး၊ နေ့စဉ်မှတ်တမ်းရေးမယ်ပြောပြီး မရေးဖြစ်တာမျိုးတွေပေါ့။ အရင်တုန်းကတော့ ကိုယ့်ကိုယ်ကို ရှက်တတ်ရင် ဒီအကျင့်တွေ ပြင်လာလိမ့်မယ်လို့ ထင်ခဲ့တယ်။ ကိုယ်ရောက်နေတဲ့ အနေအထားကို ကိုယ်မုန်းရင် မဖြစ်မနေ ပြောင်းလဲလာလိမ့်မယ်လို့ ထင်မိတယ်။
>> အပြုသဘောပြောင်းလဲမှု
တကယ်တော့ ဒီလိုပြောင်းလဲတာမျိုးဟာ ကြာရှည်မခံဘူး။ အပြုသဘောဆောင် ပြောင်းလဲမှုလုပ်ဖို့ လိုအပ်တယ်။
ကိုယ်လုပ်ချင်တဲ့အကျင့်ကောင်းတွေ (မှတ်တမ်းရေးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ တရားထိုင်ခြင်း) ဟာ ကိုယ့်ဘဝထဲကို ပျော်ရွှင်မှုတွေနဲ့ ကောင်းတာတွေ ယူဆောင်လာလိမ့်မယ်လို့ ခေါင်းထဲထည့်ထားတယ်။ ဒီလိုတွေးခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုမုန်းတာ၊ အပြစ်ရှိသလို ခံစားနေရတာတွေကနေ ရုန်းထွက်လာနိုင်ပါလိမ့်မယ်။
ဒီလိုမြင်လိုက်ခြင်းအားဖြင့် ဒီအလေ့အကျင့်ကောင်းတွေကို ကိုယ့်ကိုယ်ကိုယ် အပြစ်ပေးတယ်လို့မထင်ဘဲ ကိုယ့်ကိုယ်ကို ပေးတဲ့လက်ဆောင်လို့ ယူဆလိုက်တယ်။
>> ကျွန်မအတွက် အလုပ်ဖြစ်ခဲ့တဲ့ အဆင့် ၆ ဆင့်ကတော့ -
၁။ တကယ်လုပ်ချင်တဲ့ အလေ့အကျင့်ကောင်းတွေကို ရွေးပါ။
သူများတွေလုပ်နေလို့၊ အင်တာနက်မှာတွေ့လို့ စသဖြင့် အကြောင်းရင်းတွေကြောင့် မဟုတ်ဘဲ ကိုယ်တကယ်ကို လုပ်ချင်တဲ့အရာဆိုရင် စိတ်ညစ်စရာလို့မမြင်ဘဲ ပျော်စရာလို့မြင်လာမှာပါ။ ဥပမာအားဖြင့် Gym က စက်ဘီးကို ပျော်စရာ အခက်အခဲတစ်ခုလို့ ယူဆလိုက်ရင် စီးရဦးမယ်၊ စိတ်ညစ်စရာကြီး ဆိုတဲ့အစား ဒီနေ့ရော ငါ ဘယ်လောက်ထိ စီးနိုင်မလဲဆိုပြီး တွေးတာမျိုးပေါ့။
၂။ ကိုယ့်အလေ့အကျင့်ကောင်းကို ကိုယ့်နည်းကိုယ့်ဟန် မွေးမြူပါ။
သူများတွေ ဘယ်လိုဘယ်ပုံ လုပ်တယ်ဆိုတာတွေ ဖတ်နေမယ့်အစား ကိုယ့်နည်းနဲ့ကိုယ် လုပ်ပါ။
ဥပမာအားဖြင့် ကျွန်မ ပုံမှန်လေ့ကျင့်ခန်းတစ်ခု လုပ်ချင်တယ် ဆိုပါတော့။ တစ်နေကုန် အလုပ်ပြီးတန်သလောက်ပြီးလို့ နားချိန်ဖြစ်တဲ့ ၂ နာရီလောက်မှာ မိနစ် ၂၀ လောက် လုပ်လိုက်တယ်။
၃။ သေးသေးလေးကနေ စတင်ပါ။
တကယ့်ကို သေးသေးလေးကနေ စပါ။ သေးသေးလေးကနေ စလုပ်ပြီး တဖြည်းဖြည်း တိုးသွားတာဟာ တစ်ချိန်လုံးအစကနေ ပြန်ပြန်စနေတာထက်ကို ပိုလွယ်ပြီး လုပ်ချင်စိတ်ကိုလည်း တိုးတက်စေနိုင်တယ်။ ဥပမာ တရားထိုင်ချင်တယ်ဆိုရင် ၂ မိနစ်လောက်က စထိုင်၊ နောက်ပိုင်းမှာ ၅ မိနစ်၊ ၁၀ မိနစ်၊ မိနစ် ၂၀ စသဖြင့် တိုးတိုးသွားတာပေါ့။
၄။ ကိုယ့်ကိုယ်ကိုယ် ကြင်နာပါ။
လူတိုင်းဟာ အမြဲတမ်း အကောင်းဆုံး ဖြစ်မနေပါဘူးနော်။ နေမကောင်း ဖြစ်နေလား၊ လေ့ကျင့်ခန်း ပျက်ပါစေ။ စိတ်ဓာတ်ကျနေလို့ ခါတိုင်းလို မလုပ်ချင်ဘူးလား။ ကိစ္စမရှိပါဘူး။ အရေးကြီးတာက မလုပ်မိလို့ ကိုယ့်ကိုယ်ကို အပြစ်တင်တာထက် စလုပ်မိတဲ့ ကိုယ့်ကိုယ်ကို ချီးကျူးဖို့ပါ။
၅။ အောင်မြင်မှု သေးသေးလေးကိုတောင် ဆုချီးမြှင့်ပါ။
ကျွန်မ နေ့တိုင်းနေ့စဉ် မှတ်တမ်းရေးဖြစ်တိုင်းမှာ ကိုယ့်ကိုယ်ကို ချီးကျူးတယ်။ ကိုယ့်ဟာကိုယ် အားပေးဖို့အတွက် စာအုပ်ထောင့်လေးမှာ ၁ ၂ ၃ ၄ နံပါတ်လေးတွေ တပ်ထားတယ်။ ရက် ၂၀ ရှိပြီ၊ ရက် ၁၀၀ ရှိပြီ၊ ရက် ၂၀၀ ရှိပြီ စသဖြင့်ပေါ့။ ဘောပင်မင်ကုန်သွားရင်လည်း ချီးကျူးတယ်။ စာအုပ်ကုန်သွားရင်လည်း ဂုဏ်ပြုတဲ့အနေနဲ့ တန်ဖိုးကြီး ဒိုင်ယာရီစာအုပ်မျိုးကို ဝယ်ပေးပါ။
ဘယ်လောက်သေးသေးပေါ့။ နေ့တိုင်း သွားတိုက်တာကိုလည်း ထည့်မှတ်ထားချင် မှတ်ထားလို့ရတယ်။
၆။ ပျင်းဖို့ကောင်းလည်း ကျေနပ်လိုက်ပါ။
တစ်နေ့တစ်နေ့ ကိုယ့်ကိုယ်ကို အပြစ်တင်နေမယ့်အစား ပျင်းဖို့ကောင်းတဲ့ ဒါလုပ်ဘဝက ကျေနပ်စရာ ကောင်းပါတယ်။ ညဘက် အိပ်ရာဝင်ချိန်မှာ ဒီနေ့ ငါလုပ်မယ်ဆိုတာတွေ အကုန်လုပ်ပြီးပြီဆိုတဲ့စိတ်ဟာ စိတ်ကျေနပ်ဖို့ အကောင်းဆုံးပါပဲ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























