/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆင်ရေယုန်အကြောင်း-သိကောင်းစရာ

ဆင်ရေယုန်အကြောင်း သိကောင်းစရာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          နှုတ်ခမ်းပေါ်မှာ အရေကြည်ဖုလေးတွေဖြစ်တဲ့ ရေယုန်ကို တော်တော်များများ ပေါက်ဖူးကြပါလိမ့်မယ်။ ဒီလို ရေယုန်မျိုးက မထူးဆန်းပေမယ့် ခန္ဓာကိုယ်ပေါ်မှာ ကျောဘက်မှာ နာကျင်တဲ့ အရေကြည်ဖုအကြီးတွေ ပေါက်လာပြီ ဆိုရင်တော့ မပေါ့ဆသင့်ပါဘူး။ ဒီလို ပြင်းထန်တဲ့ အရေကြည်ဖု အကြီးတွေကို ဆင်ရေယုန် (သို့) ခါးပတ်ရေယုန်လို့ ခေါ်ပါတယ်။

၁။       ခါးပတ်ရေယုန် ဖြစ်စေတဲ့ ဗိုင်းရပ်စ် (Shingles) ဟာ ရေကျောက်ပေါက်စေတဲ့ ဗိုင်းရပ်စ် Varicella Zester နဲ့ အတူတူ ဖြစ်ပါတယ်။ ရေကျောက် ပျောက်သွားသည့်တိုင်အောင် ဗိုင်းရပ်စ်ပိုးဟာ ခါးရိုးနာ့ဗ်ကြောတန်း အထက်ပိုင်းမှာ နားခိုနေတတ်ပြီး လူကြီးဘ၀မှာ ရေယုန်ဆိုပြီး ဖြစ်စေနိုင်ပါတယ်။

၂။       အဖြစ်များပြီး အသက်ကြီးလာတာနဲ့အမျှ ခါးပတ်ရေယုန် ဖြစ်နိုင်ခြေလည်း များလာပါတယ်။ အသက် ၈၀ အရွယ် လူကြီး ၂ ယောက်မှာ တစ်ယောက်က ရေယုန်ပေါက်နေနိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ရေယုန်ပေါက်တာရဲ့ တစ်၀က်ခန့်ဟာ အသက် ၆၀ အရွယ်တွေ ဖြစ်ပါတယ်။

၃။       ငယ်ငယ်တုန်းက ရေကျောက် မပေါက်ဖူးတဲ့ ကလေးဆိုတာ တော်တော်ရှားတယ်လို့ ဆိုရမှာပါ။ ရေကျောက် ပေါက်ဖူးတဲ့ လူတိုင်းမှာ ရေယုန်ဖြစ်ဖို့ အလားအလာ ရှိပါတယ်။

၄။       ထုံကျဉ်တာ၊ စပ်ဖျဉ်းဖျဉ်း နာကျင်တာ၊ မီးစနဲ့ ထိုးသလို ပူနေတာတွေက ရေယုန်ပေါက်တာရဲ့ အစောပိုင်းလက္ခဏာတွေ ဖြစ်ပါတယ်။ ၂ ရက်၊ ၃ ရက်အကြာမှာ အနီကွက်တွေ ဖြစ်လာပြီး ထိုမှတစ်ဆင့် အရည်ကြည်ဖုအဖြစ် ပြောင်းလဲသွားပါမယ်။ ကျော၊ ရင်ဘတ်၊ ကိုယ်ထည် စတဲ့ နေရာတွေမှာ ပေါက်တတ်ပြီး မျက်စိ၊ နား၊ မျက်နှာတွေမှာလည်း အနာဖြစ်နိုင်ပါတယ်။

၅။       တခြားသော ရောဂါလက္ခဏာတွေအနေနဲ့ ကိုယ်ပူခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ဗိုက်မအီမသာဖြစ်ခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ရေယုန်နာ မျက်စိမှာဖြစ်ရင် အမြင်အာရုံ ေ၀ဝါးပြီး နားမှာဖြစ်မယ်ဆိုရင် အကြားအာရုံ ထိခိုက်စေနိုင်ပါတယ်။

၆။       အကြမ်းဖျဉ်းအားဖြင့် ရေယုန်နာဟာ ကုသမှုမရှိလည်း ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ပျောက်တတ်ပြီး အမာရွတ်ကျန်လေ့ မရှိပါဘူး။ ရောဂါပိုးဟာ ခန္ဓာကိုယ်ထဲမှာ ခိုအောင်းနေပြီး နောက်ထပ် ထပ်ခါထပ်ခါ ပြန်ဖြစ်နိုင်ပါတယ်။

၇။       ခါးပတ်ရေယုန်ဖြစ်ပြီးနောက် အချို့လူတွေဟာ ယခင် ပေါက်ခဲ့တဲ့နေရာမှာ နာကျင်မှုကို အချိန် တော်တော်ကြာတဲ့အထိ (တစ်နှစ်ခန့်) ခံစားရတတ်ပါတယ်။ ညအိပ်မရဖြစ်ပြီး ကြာလာတဲ့အခါမှာ စိတ်ပျက်အားငယ်ခြင်းကို ခံစားရတဲ့အထိ နာကျင်မှု ဆိုးဝါးပါတယ်။ အသက် ၅၀ ကျော်လူကြီးတွေမှာ အဖြစ်များတာကို တွေ့ရပါတယ်။

၈။       အဖြစ်နည်းတယ်ဆိုပေမယ့် ခါးပတ်ရေယုန်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ပြင်းထန်ပါတယ်။ အမြင်နှင့် အကြားအာရုံ ဆုံးရှုံးခြင်း၊ အဆုတ်ရောင် နမိုးနီးယားရောဂါဖြစ်ခြင်း၊ ဦးနှောက်အမြှေးပါး ရောင်ရမ်းခြင်း၊ ရေယုန်နာမှတစ်ဆင့် ပိုး၀င်ခြင်း၊ မျက်နှာတစ်ခြမ်း လေဖြတ်ခြင်းအပြင် အသက်သေဆုံးတဲ့အထိပါ ဖြစ်နိုင်ပါတယ်။ အသက်ကြီးသူတွေ၊ ကိုယ်ခံအား နည်းသူတွေမှာ အဖြစ်များပါတယ်။

၉။       ရေယုန်ကာကွယ်ဆေး ရှိပါတယ်။ အသက်ကြီးသူတွေ၊ ရေကျောက် ပေါက်ဖူးတဲ့လူတွေ အဓိက ထိုးသင့်ပါတယ်။ ရေယုန်ဖြစ်ဖို့ အခွင့်အလမ်း နည်းသွားခြင်း၊ နောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်အောင် သိသိသာသာ လျှော့ချပေးနိုင်မယ့် ကာကွယ်ဆေးရဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။

၁၀။     ရေယုန်ကို ကုတဲ့ဆေး မရှိသေးပေမယ့် ဗိုင်းရပ်စ်သတ်တဲ့ဆေး (Acyclovir) တွေက အနာကျက်နှုန်းကို မြန်ဆန်စေပြီး မြန်ဆန်တဲ့ကုသမှုက ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ရောဂါပြင်းထန်တယ်ဆိုရင် ဆရာ၀န်က စတီးရွိုက်ဆေးဝါးတွေ ပေါင်းထည့်ပေးပါလိမ့်မယ်။

၁၁။     ခါးပတ်ရေယုန်ဟာ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါ မဟုတ်ပါဘူး။ ရေယုန်အနီကွက်ကနေတစ်ဆင့် တစ်ခါမှ ရေကျောက်မပေါက်ဖူးသူတွေကို ကူးစက်သွားနိုင်တာကြောင့် မိမိမှာ ရေယုန်ပေါက်နေတယ်ဆို ဂရုစိုက်သင့်ပါတယ်။ ကြိုတင်ကာကွယ်မှုအနေနဲ့ မွေးကင်းစကလေးတွေနဲ့ ရေကျောက် တစ်ခါမှ မပေါက်ဖူးသေးတဲ့သူတွေက ကာကွယ်ဆေး ထိုးသင့်ပါတယ်။

Dr. Htet Htet Aung (www.drmyanmar.com)