/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆယ်ကျော်သက်အရွယ်နဲ့-မိဘတွေအကြားက-ပြဿနာ

ဆယ်ကျော်သက်အရွယ်နဲ့ မိဘတွေအကြားက ပြဿနာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ဆယ်ကျော်သက်အရွယ်တွေကို ထိ်န်းကျောင်းတဲ့နေရာမှာ ဟန်ချက်ညီဖို့ အရမ်းအရေးကြီးပါတယ်။ ဆယ်ကျော်သက်ဆိုတာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကြောင့် ကြီးမားတဲ့ဖိစီးမှုတွေကို ဖြတ်သန်းနေရချိန်ပါ။ သူတို့က မိဘတွေကို စိတ်ချမ်းသာစေချင်သလို တစ်ချိန်တည်းမှာပဲ စည်းကမ်းတွေကို ချိုးဖောက်ပြီး လုပ်ချင်ရာ လုပ်ချင်နေပါတယ်။ ဒီအချိန်မှာ မိဘတွေက မျှော်မှန်းချက်တွေကလည်း အရမ်းကြီးတယ်။ တက္ကသိုလ်ကောင်းကောင်းရဖို့လည်း လိုတယ်။ ပြောင်းလဲမှုတွေကလည်း ကြုံနေရတယ်။ တော်တော်ကို မလွယ်ပါဘူး။ ဒီအချိန်မှာ မိဘနဲ့ သားသမီးကြား အကြီးမားဆုံးပြဿနာတွေကတော့ မိဘတွေက ကလေးတွေကို အရမ်းထိန်းချုပ်ပြီး လွှမ်းမိုးချုပ်ကိုင်ချင်တာကနေ လာပါတယ်။ ဒီအချိန်မှာ မိဘတွေက ကလေးတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို မသိရင် မိဘနဲ့သားသမီးကြားမှာ ပြဿနာတွေ မျိုးစုံကြုံလာရပါလိမ့်မယ်။

          ဒီအချိန်မှာ အရမ်းထိန်းချုပ်နေမယ့်အစား သူ့ဟာသူ ဆုံးဖြတ်ရွေးချယ်ခွင့်ပေးပါ။ ဥပမာ - ညစာအတွက် ဘာစားမလဲ ရွေးတာမျိုး၊ ဘာအားကစားလုပ်ချင်လဲ စိတ်ကြိုက်ပေးရွေးစေတာမျိုးပါ။ မိဘဖြစ်နေတုန်းပဲမို့လို့ ကလေးအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချပေးရမယ် ဆိုပေမယ့်လည်း သူတို့က အရွယ်ရောက်လာနေပါပြီ။ ပြီးတော့ သူတို့ကိုယ်သူတို့ ထိန်းနိုင်တယ်ဆိုတဲ့ ခံစားချက်လေးတွေရှိဖို့ အရေးကြီးပါတယ်။

          ဆယ်ကျော်သက်တွေအနေနဲ့ သူတို့ကို အလေးထားပြီး ဆက်ဆံခံရတဲ့အခါမှာ ပိုရင့်ကျက်လာပြီးတော့ ကလန်ကဆန်လုပ်တာ နည်းသွားပါလိမ့်မယ်။

          ဆယ်ကျော်သက်တွေကို သူတို့လိုတဲ့ သီးသန့်နေရာနဲ့ အခွင့်အရေးမပေးဘဲနဲ့ မိဘတွေက အရမ်းဝင်စွက်ဖက်တဲ့အခါမှာ မိဘနဲ့သားသမီးကြားမှာ ပုန်ကန်မှုတွေဖြစ်ပြီး အိမ်တွင်းရေးကို တင်းမာလာစေပါတယ်။

          မိဘတွေအနေနဲ့ ကလေးတွေ ရိုင်းလာတာ၊ စိတ်မပျော်တာကို လျစ်လျူရှုထားရမယ်လို့ မဆိုလိုပါဘူး။ ကလေးတွေက ယဉ်ကျေးဖို့ လိုပါတယ်။ ဒါကို ကိုင်တွယ်တတ်ဖို့ပဲ လိုတာပါ။ ဒီအချိန်မှာ မိဘက ဝေဖန်အပြစ်တင်မှုမပါတဲ့ အထောက်အပံ့တွေ ပေးရပါမယ်။ ကိုယ့်မှာပြောစရာတွေ အကြံပေးစရာတွေ အများကြီးရှိတာ မှန်ပေမယ့်လည်း နည်းနည်းပဲပြော၊ ကလေးကို နည်းနည်းပဲဆုံးမပြီး များများနားထောင်ပေးပါ။ ဥပမာ - တစ်နေ့လုံး အိပ်နေရင် အော်ပြီးဆူမယ့်အစား တစ်နေ့လုံး အိပ်နေတာပဲနော်၊ ဘာဖြစ်နေလဲ၊ ဘာလုပ်ပေးရမလဲ ဒီလိုမျိုး အပြုသဘောဆောင်တဲ့ ကူညီမှုတွေပေးပါ။

          အရမ်း ထိတ်လန့်စရာ အမူအကျင့်တွေ့ရင်တောင်မှ စိတ်ကို ငြိမ်အောင်ထားပြီးမှ သေချာစူးစမ်းပြီး ဆုံးဖြတ်ပါ။

          ဥပမာ - လက်မောင်းမှာ ဒဏ်ရာတွေတွေ့ရင် စိတ်ကို ငြိမ်ငြိမ်ထားပြီး မေမေ စိတ်မဆိုးပါဘူး၊ ဘာဖြစ်တယ်ဆိုတာကို ပြောပြမှ မေမေက ကူညီပေးနိုင်မှာပေါ့ စသည်ဖြင့် အေးအေးဆေးဆေး မေးပါ။

          ဆယ်ကျော်သက်တိုင်းက တစ်ယောက်နဲ့တစ်ယောက် မတူကြတဲ့အတွက် မိဘတွေအနေနဲ့ ကိုယ့်သားသမီးရဲ့ အမူအကျင့်တွေကို သေချာသိပြီး ကိုင်တွယ်တတ်ဖို့ လိုပါတယ်။

          သူတို့နဲ့ မျက်လုံးချင်း အကြာကြီးစုံပြီးတော့ စပ်စုတာမျိုးကို မကြိုက်တတ်ပါဘူး။

          ဘယ်လောက်ပဲ မိဘကောင်းတစ်ယောက်ဖြစ်အောင် လုပ်နေပေမယ့်လည်း ကလေးတွေရဲ့ ဟော်မုန်းပြောင်းလဲမှုတွေကတော့ ရှိပြီးတော့ ဆယ်ကျော်သက်အရွယ် ပြဿနာလေးတွေကတော့ ရှိနေဦးမှာပါပဲ။ ဒီတော့ သူတို့့ရဲ့စိတ်ခံစားချက်တွေကို နားလည်ပေးပြီး နေရာပေးဖို့ လိုပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)