ဆယ်လ်ဖီ သိပ်ရိုက်တဲ့ ဆယ်ကျော်သက်တွေရဲ့ မေမေတို့ဖတ်ဖို့ ...
မေမေတို့ရေ ... ဆယ်ကျော်သက်အရွယ် အပျိုဖြစ်စ သမီးငယ်လေးတွေ၊ လူပျိုဖြစ်စသားတွေ Selfie သိပ်ရိုက်လွန်းတာကို စိတ်ကျန်းမာရေး ရှုထောင့်ကနေ ကြည့်လိုက်တော့ ဒီလိုလေးတွေ တွေ့ရတဲ့အတွက် မျှဝေပေးလိုက်ပါတယ်နော်။
တကယ်တော့ ဆယ်လ်ဖီရိုက်လွန်းတာက များသောအားဖြင့် ဖေ့ဘုတ်နဲ့ တခြားဆိုရှယ်မီဒီယာ တစ်ခုခုပေါ် တင်ဖို့်ပါပဲ။ အနည်းဆုံး နာရီဝက်၊ တစ်နာရီခန့် အချိန်ယူပြီး တဖျတ်ဖျတ် ရိုက်နေတဲ့အခါ အကောင်းဆုံးတစ်ပုံရပြီး ဖေ့ဘုတ်ပေါ် တင်နိုင်ဖို့ပါတဲ့။ တချို့ကလည်း ဘာရယ်မဟုတ် ဖုန်းထဲမှာ သိမ်းထားပြီး ရည်းစားဆီပို့တာတို့၊ အချင်းချင်းထဲ ရှယ်တာတို့ လုပ်ကြပါတယ်။ ပြီးရင် ကိုယ့်ပုံကိုယ် တစိမ့်စိမ့် ပြန်ကြည့်ပြီး ပီတီပွားကြတဲ့ ဆယ်ကျော်သက်တွေရှိသလို ရိုက်လိုက် ဖျက်လိုက်နဲ့ အလွန်ဝါသနာကြီးသူတွေလည်း ရှိပါသတဲ့။ ခဏခဏ ရိုက်လွန်းတာက ရိုက်တာကို စွဲနေတာဖြစ်ပြီး သူတို့ကိုယ်သူတို့ ပြန်လှန်အမွှမ်းတင် သတိပြုမိစေဖို့ပါတဲ့။
နောက်ပြဿနာတစ်ခုက ဖုန်းထဲမှာ ဆော့ဖ်ဝဲပေါင်းစုံ ဒေါင်းထားပြီး ရိုက်သမျှပုံလေးတွေကို ဆော့ဖ်ဝဲလ်ပေါင်းစုံနဲ့ မလှလှအောင် ပြင်ပါတယ်။ လုံး၀စိတ်ကျေနပ်ပြီး စင်းလုံးချော အခြေအနေရတဲ့အထိ စိတ်ရှည်လက်ရှည် အချောကိုင်ပါတယ်။ အဲဒီလိုလုပ်တာကို သပ်သပ်ကို အချိန်ပေးနိုင်သူ ချစ်စရာ့အရွယ်တွေပါ။ ဒါဟာ ဘာကိုပြလဲဆိုတော့ ယုံကြည်မှု လျော့နည်းတာရယ်၊ အများအမြင်မှာ လှလှပပ အပြစ်ကင်းနေချင်တာပါ။
မလှမပဓာတ်ပုံတွေကို မြင်တဲ့အခါ စိတ်ညစ်တာ စိတ်ဓာတ်ကျတာတွေကို ကာကွယ်ဖို့ Like တွေ များစေရေး ရည်သန်လို့ အပြတ်အသတ် မွမ်းမံကြပါတယ်။ ဆယ်ကျော်သက်လေးဟာ မိမိရဲ့ မျက်နှာအနေအထားနဲ့ ပတ်သက်လို့ စိတ်မချ၊ မယုံကြည် ဖြစ်နေပြီး အားပေးမှု လိုအပ်နေတာကို ပြသပါတယ်။
နောက်ပြီး ဆယ်ကျော်သက်တွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ဘဝတစ်ခု ထူထောင်ကြပါတယ်။ အပြင်လောကနဲ့ ဆန့်ကျင်ဘက် အခြေအနေတွေကို ဖန်တီးယူပါတယ်။ လိုင်းပေါ်မှာ ပြုပြင်ဖန်တီးထားတဲ့ ပုံလှလှတွေတင်ပြီး အာရုံစိုက်မှု ရှာကြပါတယ်။ တကယ်တော့ ဒီလိုအာရုံစူးစိုက်မှု ရှာတဲ့အဖြစ်ဟာ မိသားစုနဲ့မောင်နှမရဲ့ အလေးအနက် ဂရုစိုက်မှုမခံရတဲ့ ဆယ်ကျော်သက်တွေမှာ အများဆုံး ဖြစ်လေ့ရှိပါတယ်။ ကိုယ့်ကလေးက ဆယ်လ်ဖီတွေ သိပ်ရိုက်ပြီး ဖေ့ဘုတ်ပေါ်တင်နေပြီဆို သူ့ရဲ့စိတ်ပိုင်းဆိုင်ရာမှာ ဘာလိုအပ်ချက်ရှိနေမလဲ ဂရုတစိုက် ရှိကြစေလိုပါတယ် မေမေတို့ရေ။
တကယ်လို့ သားတွေသမီးတွေက ဆယ်လ်ဖီ သိပ်ရိုက်လွန်းရင် မေမေတို့၊ ဖေဖေတို့်အနေနဲ့ ကိုယ့်ကိုယ်တိုင်လည်း ပြန်စမ်းစစ်ပါဦးလို့ စိတ်ပညာရှင်တွေက ထောက်ပြထားပါတယ်။ ကိုယ်ကိုယ်တိုင်က ဓာတ်ပုံတွေ သိပ်ရိုက်လွန်းနေသလား။ ဖုန်းနဲ့လူနဲ့ မခွာဘူး ဖြစ်နေလား။ ဖုန်းအလွန်အကျွံ သုံးမိနေသလား။ သင့်ရဲ့ ဆယ်ကျော်သက်လေးတွေကို သဘာဝအလှကို အားထားဖို့ မိမိရဲ့ ကိုယ်ပိုင်ကိုယ်ရည်ကိုယ်သွေးနဲ့ အားသာချက်တွေကို အာရုံစိုက်ဖို့ သေချာစကားပြော နားထောင်ပြီး စိတ်ရှည်ရှည် ဆွေးနွေးပေးဖို့ လိုအပ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























