ဆရာဝန်တစ်ယောက်ရဲ့ အမှတ်တရများ
"အရေးပေါ်လူနာလာတယ် "
ခုနလေးတင် ရောက်လာသော အူကျလူနာကို ရောဂါ ရာဇဝင် မေးနေစဉ် သူငယ်ချင်း၏ အော်ခေါ်သံကိုကြားလိုက်ရ၍
လုပ်လက်စ အလုပ်ကို ပြစ်ချပြီး ခုမှရောက်လာသော လူနာ အသစ်ဆီသို့ သူမ ပြေးရတော့သည် ။
ဆေးကုသ ရသည်မှာလဲ တကယ်တော့ အစုအဖွဲ့နှင့်လုပ်ရမှ အဆင်ပြေသည်။ တကယ့်အရေးပေါ်လူနာဆိုလျှင် ဆရာဝန် သုံးယောက်ပင် မလောက်ချင် ။
လူနာနား အရောက်တွင် ချေွးစေးပြန်နေသော လက်ထောက် ဆရာဝန် အစ်မနှင့် သူငယ်ချင်းကို တွေ့လိုက်ရသည်။
"ဘာဖြစ်တာလဲ "
" ဘာမှ မေးလို့မရသေးဘူး သွေးပေါင်ချိန်တိုင်းမရဘူး Shock ရနေတယ် အစာအိမ်ပေါက်တာနဲ့တူတယ် "
သူထင်တာ မှန်လောက်သည် . .
ပိန်ချုံး ချိနဲ့နေသော အမျိုးသားလူနာပုံစံက အရက်ကို နှစ်ရှည်လများ စွဲသောက်ထားသည့်ပုံစံ
ကုတင်ပေါ်တွင်လူးလိမ့်အော်ဟစ်နေပုံက နာကျင်မှုကို ပြင်းထန်စွာခံစားနေရတာ သိသာသည်။
" သွေးကြောရှာမရဘူး
ငါ ညာဘက်က ရှာမယ် နင် ဘယ်ဘက်ကို ကြိုးစားကြည့်ဟာ "
သူငယ်ချင်း၏ စကားအဆုံးမှာ သူမ လက်အိတ်ဝတ်ပြီးသား ဖြစ်သည်။
ဆရာမက ဘေးက ကူညီပြီး နှစ်ယောက်သား ခေါင်းချင်းဆိုင်သွေးကြောရှာကြသည်။ အေးစက်နေသော လက်တို့က သွေးခုန်နှုန်းပင် စမ်းမရချင် ။ ချေွးစေးပြန်လောက်အောင် ကြိုးစားပြီး သုံးချက်မြောက် အပ်ချက်တွင် သွေးလိုက်လာတာတွေ့လိုက်ရသည့် အခါ သူမ အလွန်ပျော်သွားတော့သည်။ အတွင်းက အပ်ကိုဆွဲထုတ်ပြီး လိုအပ်သော ဆေးထိုး Drip ချိတ် ပလာစတာကပ်နှင့် ဆက်တိုက်လုပ်ပြီး စောစောက ထုတ်ထားသော အပ်ကို အဖုံးပြန်ပိတ်လိုက်ချိန်မှာတော့ စူးခနဲ ခံစားချက်ကို ခံစားလိုက်ရသည် ။
သွားပြီ အပ်စူးပြီ ...
ရုတ်တရက် အော်လိုက်သော သူမ အသံကြောင့် လက်ထောက်ဆရာဝန်အစ်မက လှည့်ကြည့်ကာ
" ဟယ်အပ်စူးသွားပြီ သွား သွား ရေပိုက်ခေါင်းဖွင့်ပြီး လက်သွားဆေး"
ဒဏ်ရာက တော်တော်နက်ပုံ ရသည်။ စီးကျနေသောရေထဲမှာ သွေးစက်များက မတိတ်နိုင်သေး ။ ထိုသွေးစက်များကို ကြည့်ရင်း သူမ ခြောက်ခြားလာသည်။ ပိန်ချုံးချိနဲ့ နေသော လူနာပုံစံက ရောဂါမရှိဟု မပြောနိုင်။ ဆေးမင်ကြောင်တွေကလဲ ထိုးထားသေးသည်။ ထိုလူနာမှာသာ HIV ပိုးသာ ရှိနေရင် သူမ ဘဝတော့ သွားပြီ။ ခုမှ အလုပ်သင် ဆင်းတုန်း ရှိသေးသည် ။ ဆရာဝန် ဘဝ စခါစဖြစ်သော သူမ ဒီရောဂါ ကူးစက်ခံရ ရင်တော့ . . .
တွေးရင်း တွေးရင်း မျက်ရည်ဝဲလာသည်။
" ညီမလေး အဆင်ပြေလား " လက်ထောက်ဆရာဝန် အစ်မ က စိုးရိမ်တကြီး မေးလာသည်
"အစ်မ သမီးဘာလုပ်ရမလဲ ကြောက်တယ်" ပြောရင်း မျက်ရည်က ပေါက်ကနဲ ကျလာသည် ။
" ဘာမှ မဖြစ်နိုင်ပါဘူး ညီမလေးရယ် အဲ့တာကြောင့် အပ်တွေကို အဖုံးပြန်မဖုံးနဲ့လို့ ပြောတာ .ဖြစ်ဖြစ်ချင်း ရေနဲ့ဆေးတာကလဲ ရောဂါ ကူးစက်နိုင်ခြေကို နည်းစေပါတယ်။ ခု လူနာကို သွေးစစ်ကြည့်မယ်။ လူနာမှာ ရောဂါရှိနေရင်လဲ ညီမလေး ကာကွယ်ဆေး သောက်လို့ရပါသေးတယ် ။ အပ်စူးတာကနေ HIV ကူးစက်နိုင်ခြေ က ၁၀၀၀ မှာ ၃ ယောက်ပဲ ရှိပါတယ်။ ဆေးသောက်လိုက်ရင်လဲ ကူးစက်နှုန်း အများကြီး ကျသွားနိုင်တယ်လေ "
အစ်မက အားပေးပေမယ့် သူမ အကြောက်မပြေ ။ ၁၀၀၀ မှာ ၃ ယောက်ပဲဖြစ်တယ်ဆိုရင်တောင် အဲ့ဒီထဲ သူမ ပါနေရင် သွားပြီလေ။
လူနာသွေးကို ဓာတ်ခွဲခန်းကို ကိုယ်တိုင်ယူသွားလိုက်သည်။ သုံးလွှာကနေ အောက်ဆုံးထပ် ဓာတ်ခွဲခန်းကို ဘယ်လိုရောက်သွားသည်ပင် မသိလိုက်။ ဓာတ်ခွဲခန်းက အစ်မကို အကျိုးအကြောင်းပြောပြလိုက်တော့ ချက်ချင်းစစ်ပေးသည် ။ သူမ မျက်နှာကို ကြည့်ပြီး စစ်တာကို ညီမလေးလဲ ကြည့်လေဟု ဆိုသည်။
သူမကတော့ ငိုဖို့ပင် အင်အားမရှိတော့တာ အမှန်ပင် ။ ရောဂါ အဖြေထွက်ဖို့ ၁၅ မိနစ်ခန့်စောင့်ရသည်။ သူမအတွက် အကြာဆုံးသော ၁၅ မိနစ်ပင်။ သွေးတန်းလေး တဖြည်းဖြည်းတက်လာတာကို တဒိတ်ဒိတ်ရင်ခုန်စွာ မျက်တောင်မခတ် စိုက်ကြည့်နေမိသည်။
positive ဟူသည့် အတန်းလေး မပေါ်ပဲ ကျော်သွားချိန်မှာတော့ သူမ မျက်လုံးမှာ မျက်ရည်တွေဝဲလို့ . . . .
Khin Cho






























