ဆားလျော့စားတာ လွန်သွားပြီလား
ဆားစားသုံးခြင်းဟာ သွေးတိုးရောဂါ၊ နှလုံးရောဂါတို့ဆက်စပ်မှုရှိတာကိုတော့ လုများစုသိရှိပြီးဖြစ်ပါတယ်။ ဒါကြောင့် ဆားလျော့စားဖို့ သင့်ရဲ့ဆရာ၀န်က မှာတာကြားဖူးပါလိမ့်မယ်။
ဒါပေမယ့် ဆားအလွန်အကျွံစားသုံးခြင်းက သွေးတိုးရောဂါ၊ နှလုံးရောဂါဖြစ်ပွားနှုန်းကို မြင့်တက်စေသကဲ့သို့ ဆားအလွန်အကျွံလျော့စားပါကလည်း နှလုံးကိုထိခိုက်စေတယ်လို့ လေ့လာမှု အသစ်တစ်ခုအရသိရပါတယ်။ ဒါကြောင့် အမေရိကန်နှလုံးအဖွဲ့အစည်းက တနေ့လျှင် ဆား 1500 မီလီဂရမ်ထိ စားသုံးသင့်တယ်လို့ အကြံပြုထားပါတယ်။
တနေ့လျှင် ဆား 2000 မီလီဂရမ်ထက်ပိုပြီး စားသုံးမှုကြောင့် နှစ်စဉ်လူပေါင်း 1.65 သန်းလောက် နှလုံးရောဂါနဲ့ သေဆုံးနေပါတယ်။ ဆားပမာဏများပြားစွာစားသုံးတာကြောင့် ခန္ဓာကိုယ်အတွင်း၌ ရေပမာဏများလာပြီး သွေးထုထည်ကိုကျယ်ပြန့်စေပါတယ်။ သွေးထုထည် ကျယ်ပြန်လာတာနဲ့အမျှ သွေးကြောတွင်းရှိ သွေးဖိအားကိုမြင့်တက်စေပြီး သွေးကြောများကိုမာကျောစပါတယ်။ ဒါဟာသွေးတိုးရောဂါရဲ့ အကြောင်းရင်းဖြစ်ပါတယ်။
တဖန်သွေးကြောမာကျောလာခြင်းကြောင့် နှလုံးရောဂါ လေဖြတ်နိုင်ခြေတို့ဟာလည်း ပိုမိုမြင့်မားလာပါတယ်။ အထူးသဖြင့် အ၀လွန်သူတွေ၊ ဆီးချိုရောဂါခံစားနေရသူနဲ့ အသက်အရွယ် ကြီးရင့်သူတွေဟာ ဆားအလွန်အကျွံ မစားသင့်ပါဘူး။
ဒါပေမဲ့ ဆားပမာဏလုံလောက်စွာမစားသုံးပါကလည်း နှလုံးကျန်းမာရေးကိုထိခိုက်စေပါတယ်။ တနေ့လျှင် ဆိုဒီယမ် 3 ဂရမ်အောက် စားသုံးသူတွေမှာ သေဆုံးနှုန်းနဲ့နှလုံးရောဂါဖြစ်နှုန်းဟာ 27% ထိမြင့်တက်လာတယ်လို့ သိရပါတယ်။
ဆားအလွန်အကျွံလျော့စားတာကြောင့် နှလုံးထိခိုက်ရခြင်းရဲ့အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမယ့် ဆိုဒီယမ်ဓါတ်နည်းပါးသွားတာကြောင့် သွေးဖိအားလျော့ကျလာတာနဲ့ ပတ်သက်နေလိမ့်မယ်လို့ လေ့လာသူတွေက ယူဆထားကြပါတယ်။
ဒါကြောင့် သင်ဟာသွေးတိုးရောဂါရှိသူ အ၀လွန်သူမဟုတ်ရင် ဆားလျော့စားဖို့ ပူပန်နေစရာမလိုသေးပါဘူးလို့ သတင်းပေးလိုက်ပါတယ်။
Dr.Htet Htet Aung






























