ဆီးကျဉ်ခြင်းအကြောင်း သိကောင်းစရာ
ဆီးကျဉ်ခြင်းဟာ အလွန်ခံစားရခက်ပြီး ဖုံးဖိထားလို့မရသော ဝေဒနာတစ်မျိုး ဖြစ်ပါတယ်။ ဆီးသွားတိုင်း အလွန်နာကျင်သောဝေဒနာကို ခံစားရတာမို့ အတော်ပင် ဆိုးရွားလှပါတယ်။ အချို့သောလူများတွင် ဆီးကျဉ်ခြင်းနှင့်အတူ ဆီးခုံအောင့်ခြင်း၊ ခါးကိုက်ခြင်း၊ ဖျားနာခြင်းတို့ကိုပါ တွဲဖက်ခံစားရတတ်ပါတယ်။ မကုသဘဲထားပါက နောက်ဆက်တွဲဆိုးကျိုးများကို သယ်ဆောင်လာပေးသည်အထိ အန္တရာယ်ပေးနိုင်တာမို့ ဆီးကျဉ်ခြင်းအကြောင်းကို လေ့လာကြည့်ရအောင်။
ဆီးကျဉ်ခြင်းကို ဖြစ်စေသော အဓိကအကြောင်းရင်းမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့် ဖြစ်ပါသည်။
ဆီးလမ်းကြောင်းဟုဆိုရာတွင် ကျောက်ကပ်နှစ်ခု၊ ဆီးအိမ်နှင့် ဆီးပြွန်တို့ ပါဝင်ပါသည်။ ဆီးပြွန်ကနေတဆင့် ဆီးများကို ကိုယ်ခန္ဓာပြင်ပသို့ စွန့်ထုတ်ပေးတာဖြစ်ပြီး ဆီးများကို ကုန်စင်အောင် မထုတ်နိုင်ခြင်း သို့မဟုတ် ဆီးအိမ်တွင် ဆီးကျန်ခြင်းတို့ ဖြစ်ပေါ်သောအခါ ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဖြစ်ပေါ်စေပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်ခြင်းအပြင် ဆီးကျဉ်ခြင်းကို ဖြစ်စေသည့် အခြားသော အကြောင်းရင်းတွေကတော့ -
● ကင်ဆာဆေးဝါးများ
● ကျောက်ကပ်ကျောက်တည်ခြင်း၊ မျိုးဥအိမ် ရေအိတ်ဖြစ်ခြင်း စသော ဆီးအိမ်ကို တစ်ခုခုဖြင့် ဖိမိနေခြင်း
● အမျိူးသမီးများတွင် မိန်းမကိုယ်အတွင်း ပိုးဝင်ခြင်း
● ဆပ်ပြာ၊ မိန်းမကိုယ်ချောဆီ စသော ဓာတုပစ္စည်းများနှင့် ဓာတ်မတည့်ခြင်း
● လိင်မှတစ်ဆင့် ကူးစက်သောရောဂါများ
● အမျိုးသားများတွင် ဆီးကြိတ်ပိုးဝင်ခြင်း စသည်တို့ ဖြစ်ပါတယ်။
ဆီးကျဉ်ခြင်းဟာ သူ့အလိုလို ပျောက်ကင်းတတ်သော်လည်း ဆီးကျဉ်ခြင်းနှင့်အတူ အောက်ပါလက္ခဏာများ ဖြစ်ပေါ်ပါက ဆရာဝန်နှင့် ပြသတိုင်ပင်ဖို့ လိုအပ်နေပါပြီ။
● အမျိုးသားလိင်အင်္ဂါ သို့မဟုတ် အမျိုးသမီးမိန်းမကိုယ်မှ အရည်များထွက်ခြင်း
● ဆီးတွင် သွေးပါခြင်း
● ဆီးနောက်ခြင်း၊ ဆီးအနံ့ နံခြင်း
● ဖျားနာခြင်း၊ ခါးကိုက်ခြင်းတို့အပြင် ဆီးကျဉ်ခြင်းဟာ တစ်ရက်ထက် ပိုကြာမြင့်ပါက မပေါ့ဆသင့်ပါဘူး။
ဆီးကျဉ်ခြင်းဟာ သာမန်ဖြစ်လေ့ဖြစ်ထရှိသော ရောဂါလက္ခဏာတစ်ခု ဖြစ်ပေမယ့် မကြာခဏ ဆီးကျဉ်သူများအနေဖြင့် နောက်ခံအကြောင်းအရင်းကို သေချာစွာ အဖြေရှာပြီး ကုသသင့်ပါတယ်။
ဆီးကျဉ်တတ်သူများအနေဖြင့် ရေများများသောက်ခြင်း၊ ဆီးသွားလိုသောအခါ အောင့်မထားခြင်း၊ အပူအစပ်များနှင့် ဆိုးဆေးပါသော အစားအသောက်များကိုရှောင်ခြင်း၊ ဆေးလိပ်နှင့်အရက်ကို လျှော့သောက်ခြငး်၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးကို အထူးဂရုစိုက်ခြင်း တို့ကိုလည်း ပြုလုပ်ပေးဖို့ မမေ့ကြနဲ့နော်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)




























