ဆီးကျောက်ကို ကာကွယ်ပေးမယ့် အစားအသောက်တွေ
ဆီးကျောက်ဆိုတာ ဓာတ်သတ္တုတွေ စုပုံလာတဲ့ ပုံဆောင်ခဲလေးတွေ ဆီးလမ်းကြောင်းမှာ ဖြစ်လာတာပါ။ ဒီပုံဆောင်ခဲလေးတွေ တဖြည်းဖြည်းနဲ့ ဆီးလမ်းကြောင်းတစ်လျှောက် ဆင်းလာပြီး ပိတ်သွားတဲ့အခါ ဗိုက်နာလာတတ်တယ်။
အများစုဟာ ကျောက်ကပ်မှာ ဖြစ်တတ်ပေမယ့် ဆီးအိမ်၊ ဆီလမ်းကြောင်းတစ်လျှောက်မှာလည်း ဖြစ်တတ်တယ်။ ဆီးအသွားနည်းတာတွေ၊ မိသားစုရောဂါရာဇဝင်တွေကြောင့် ဖြစ်တတ်တယ်။
နောက်ပြီးတော့ -
1. အဝလွန်ခြင်း
2. အရည်ဓာတ် ခမ်းခြောက်ခြင်း
3. ခန္ဓာကိုယ်မှာ PTH ဆိုတဲ့ ဟော်မုန်းအထုတ်များခြင်း
4. ဆားနဲ့ ပရိုတင်းဓာတ်များတဲ့ အစားအသောက်တွေစားခြင်း
5. အစာအိမ် ဖြတ်တောက် ခွဲစိတ်ထားခြင်း
6. အူရောင်ခြင်း
7. ဆေးတချို့ရဲ့ ဘေးထွက်ဆိုးကျုးိတွေအနေနဲ့လညး် ဖြစ်တတ်သေးတယ်။
>> ဆီးကျောက်ဖြစ်တဲ့အခါ -
ကျောက်အရွယ်အစားပေါ် မူတည်ပြီးတော့ ရောဂါလက္ခဏာ ကွာခြားနိုင်တယ်။ ခန္ဓာကိုယ်အောက်ပိုင်းနဲ့ ခါးနောက်ပိုင်းတွေမှာ နာနေတတ်ပြီး ဆီးထဲ တစ်ခါတစ်ခါ သွေးပါတတ်တယ်။ ချမ်းတုန်ပြီး ဖျားတာမျိုးလည်း ဖြစ်တတ်သေးတယ်။
>> ဘယ်လိုအစားအသောက်တွေကို ရှောင်ကြဉ်ရမလဲ?
● ပျူရင်း (Purine) များတဲ့ အစားအသောက်တွေဖြစ်တဲ့ ငါးနီတူ၊ ဆာဒင်း၊ ကလီစာ၊ ဟင်းအနှစ်၊ ပဲကတ္တီပါ၊ ရေကညွတ်၊ ပန်းဂေါ်ဖီ၊ ဟင်းနုနွယ်နဲ့ ပဲတွေကို ရှောင်ဖို့လိုတယ်။
● ဆိုဒီယမ် - ဆိုဒီယမ်ကို အဓိက ဆားမှာတွေ့ရတာကြောင့် ဆား လျှော့စားပါ။ အသင့်စား အစားအသောက်တွေမှာလည်း ဆိုဒီယမ်တွေ များတယ်။ ပြီးတော့ အပြင်မှာ ထွက်စားတဲ့အခါမှာလည်း ဆား ဘယ်လောက်ပါလဲဆိုတာ မသိနိုင်တာမို့ အသင့်စား ပြုပြင်ထားတဲ့ အစားအသောက်တွေနဲ့ အပြင်စာတွေကို ရှောင်ပေးပါ။
● အောက်ဇလိတ် Oxalate - ဆီးကျောက်တွေထဲမှာ ကယ်လ်ဆီယမ်အောက်ဇလိတ် Calcium oxalate ကျောက်က အဖြစ်အများဆုံးပဲ။ ဒါကြောင့် အောက်ဇလိတ်များတဲ့ အစားအသောက်တွေဖြစ်တဲ့ ပဲအမျိုးမျိုး၊ ချော့ကလက်၊ အုတ်ဂျုံ၊ ခရမ်းချဉ်သီး၊ အစေ့အဆံ၊ ပဲသီးနဲ့ ဟင်းနုနွယ်တွေကို လျှော့စားပါ။
● တိရစၧာန်အသား ပရိုတင်းတွေ - တိရစၧာန်အသား ပရိုတင်းတွေမှာ ပျူရင်းဓာတ်များလို့ ပျူရင်းတွေ ပြိုကွဲသွားရင် ယူရစ်အက်ဆစ်တွေ ထွက်လာပါလိမ့်မယ်။ ယူရစ်အက်ဆစ်တွေ ဆီးထဲ စွန့်ပစ်ရတာ များလာရင် ဆီးထဲ အက်ဆစ်ဓာတ်တွေ များလာပြီး ကျောက်ဖြစ်နှုန်း ပိုများလာနိုင်တယ်။
● ဖျော်ရည်တွေ - ကိုကာကိုလာလိုမျိုး ဖျော်ရည်တွေမှာ ဖရက်တို့စ်အချိုဓာတ်နဲ့ ဖော့စဖိတ်တွေ များလို့ ဆီးကျောက်တွေ အဖြစ်များစေတယ်။
● အရက် - အရက်ဟာ ကျောက်ကပ်ပေါ်မှာ ဖိစီးမှုကိုဖြစ်စေလို့ ဆီးကျောက်ဖြစ်ဖို့ ပိုများစေတယ်။ အထူးသဖြင့် ဘီယာမှာ ယူရစ်အက်ဆစ်ဖြစ်စေတဲ့ ပျူရင်းဓာတ်တွေများလို့ ဆီးကျောက်ဖြစ်နှုန်း များစေတယ်။
● ဆေးသကြား - ကယ်လ်ဆီယမ်ပါတဲ့ ဆေးသကြားတွေကို အများကြီး စားခဲ့ရင် ဆီးကျောက်တည်နိုင်တာမို့ ရေများများ သောက်ပေးဖို့ လိုလိမ့်မယ်နော်။
● အချဉ်မဖောက်ထားတဲ့ပဲ - ကျောက်ကပ်မှာ အောက်ဇလိတ်တွေ ပုံစေပြီး ဆီးကျောက်ဖြစ်စေနိုင်တဲ့ တိုဖူးတို့၊ ပဲနု့ိတို့လို အချဉ်မဖောက်ထားတဲ့ပဲတွေအစား မီဆိုတို့၊ တို့ဖူးချဉ်တို့ကို စားပေးပါ။
● ဆာဒင်းငါး - တိရစၧာန်အသား ပရိုတင်းတွေလိုပဲ ဆာဒင်းငါးတွေမှာလည်း ပျူရင်းဓာတ်များလို့ တစ်ပတ်တစ်ခါလောက်ပဲ စားပေးသင့်တယ်။
● ပြုပြင်ထားတဲ့ကစီဓာတ် - ပြုပြင်ထားတဲ့ဂျုံ၊ သကြား၊ ဆန် စသဖြင့် ပြုပြင်ထားတဲ့ ကစီဓာတ်တွေဟာ ဖြိုခွဲဖို့ အင်ဆူလင် များများလိုတာကြောင့် ဆီးကျောက်ဖြစ်နှုန်းကို များစေနိုင်တယ်။
● အစေ့အဆံတွေ - အစေ့အဆံတွေဟာ ကျန်းမာရေးအတွက် အရမ်းကောင်းပေမယ့်လည်း ဆီးကျောက်ဖြစ်နှုန်းကို များစေလို့ အလွန်အကျွံတော့ မစားစေချင်ဘူးနော်။
● ချော့ကလက် - ချော့ကလက်မှာပါတဲ့ ပြုပြင်ထားတဲ့အဆီတွေ၊ သကြားတွေ၊ ပရိုတင်းတွေနဲ့ ကယ်လ်ဆီယမ်တွေက ဆီးကျောက်ဖြစ်စေနိုင်စွမ်းကို အရမ်းများစေတယ်။
ဒါဆိုရင် ဘာတွေ ကြိုက်သလောက် စားလို့ရမလဲဆိုတာလည်း အရေးကြီးတာပေါ့နော်။
● ဗိုလ်စားပဲ - ဗိုလ်စားပဲဟာ ဆီးကျောက်တွေကို ပျော်စေလို့ ချက်စားစား၊ အရည်ညှစ်ပြီး ဖျော်ရည်သောက်သောက် ကောင်းပါတယ်။
● နံနံပင် - နံနံပင်ဟာ ခန္ဓာကိုယ်က အဆိပ်အတောက်တွေအားလုံးကို ပယ်ဖျောက်စေနိုင်လို့ ဆီးကျောက်တွေကိုလည်း ဖယ်ရှားနိုင်တယ်။
● ပန်းသီးရှာလကာရည် - ဒီရှာလကာရည်မှာပါတဲ့ အက်စီတစ်အက်ဆစ်က ကျောက်တွေကို ပျော်စေနိုင်သလို ကျောက်ကြောင့် နာတာ၊ ကျင်တာကိုလည်း သက်သာစေနိုင်တယ်။
● ကယ်လ်ဆီယမ် - အောက်ဇလိတ်ပါတဲ့ အစားအသောက်တွေ စားပြီးတိုင်း ကယ်လ်ဆီယမ် များများစားပေးပါ။ ဒါမှ ဆီးကျောက်မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။
● အရည်ဓာတ်များတဲ့ အသီးအရွက်တွေ - ကျောက်ကပ်မှာ အနည်အနှစ်တွေ စုပြုံမလာအောင် တားဆီးပေးလို့ များများစားပေးဖို့ လိုတယ်နော်။
● ငှက်ပျောသီး - ငှက်ပျောသီးမှာ ကစီဓာတ်၊ ဗီတာမင်စီအပြင် မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်တွေပါ ပါလို့ နာနတ်သီး၊ လိမေ္မာသီးတွေနဲ့ ရောစားသင့်တယ်။
● သလဲသီး - သလဲသီးဖျော်ရည်ကို နေ့တိုင်းသောက်ပေးခြင်းက ကျောက်တွေကို ကျေစေပြီး ဆီးလမ်းကြောင်းကို ရှင်းလင်းပေးတယ်။
● သံပရိုသီး - သံပရိုသီးဖျော်ရည်ဟာ အောက်ဇလိတ်တွေကို ချေဖျက်ပြီး ဆီးကျောက်ကို ဖယ်ရှားပေးပါတယ်။
● စပါးလင် - အကောင်းဆုံး အဆိပ်အတောက်ဖြေဆေးတစ်မျိုးပါပဲ။ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင်စီတွေ ကြွယ်ဝလို့ ပူဒီနာရွက်၊ သံပရိုသီးတွေနဲ့ ဖျော်သောက်ပေးသင့်တယ်။
● ကုလားဆီးဖြူသီး - ဗီတာမင်စီ ကြွယ်ဝပြီး ကျောက်ကပ်ကို သန့်စင်စေပါတယ်။
● ငရုတ်ပွသီး - ငရုတ်ပွသီးမှာ ဗီတာမင်စီ၊ ပိုတက်စီယမ်၊ ဗီတာမင်အီး၊ ဗီတာမင်ဘီ 2 နဲ့ ဘီ 6 တွေပါလို့ ကျောက် မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။
>> အဓိကအချက်တွေက -
1. ပျူရင်းများတဲ့ အစားအသောက်တွေကို လျှော့စားပါ။
2. သခွားသီး၊ ဖရဲသီး တို့လိုမျိုး ရေဓာတ်များပြီး ဆီးထဲအက်ဆစ်ဓာတ်များစေတဲ အသီးအရွက်တွေကို စားပေးပါ။
3. အချိုမများတဲ့ အစားအသောက်တွေကို စားပါ။ သဘာဝအချိုရော၊ ပြုပြင်ထားတဲ့အချိုတွေရောပေါ့။
4. အချိန်တိုအတွင်း ဝိတ်အရမ်းကျစေတယ်ဆိုတဲ့ အစားအသောက်တွေကို ရှောင်ပါ။
>> နောက်ထပ် လိုက်နာရမယ့်အချက်တွေကတော့ -
● တစ်နေ့ကို ဆိုဒီယမ် ဘယ်လောက်စားနေတယ်ဆိုတာ သိဖို့ နေ့တိုင်း ချရေးထားပါ။
● အသင့်စား အစားအသောက်တွေပဲစားစား၊ အပြင်မှာပဲထွက်စားစား ဆိုဒီယမ် ဘယ်လောက်ပါတယ်ဆိုတာ သေချာမေးမြန်းပါ။
● ဖြစ်နိုင်ရင် အိမ်မှာ ကိုယ့်ဟာကိုယ် ချက်စားပါ။
● အချိုမှုန့်၊ မုန့်ဖုတ်ဆိုဒါ၊ ဆိုဒီယမ်နိုက်ထရိတ်၊ ဒိုင်ဆိုဒီယမ်ဖော့စဖိတ်နဲ့ ဆိုဒီယမ်အယ်ဂျီနိတ်ပါတဲ့ အစားအသောက်တွေကို ရှောင်ပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)




























