ဆီးကျောက်ကို ဘယ်လိုကာကွယ်ကြမလဲ
ဆီးကျောက်တည်တာဟာ မျက်ရည်ကျရလောက်သည်အထိ နာကျင်ခံစားရတဲ့ ရောဂါပါ။ အကောင်းဆုံးကတော့ အစောကြီးကတည်းက မဖြစ်အောင် ကာကွယ်ဖု့ိပေါ့။
အစားအသောက်ကို သေချာဂရုစိုက်စားမယ်၊ ရေများများသောက်မယ်၊ ဆေးကို သေချာသောက်မယ်ဆိုရင် ဆီးကျောက်ဖြစ်နှုန်းကို လျော့နည်းစေပါလိမ့်မယ်။
>> ဘယ်သူတွေမှာ ဆီးကျောက်တည်တတ်သလဲ?
ဆီးကျောက်ဆိုတာလည်း အမျိုးမျိုးရှိတယ်။ ဖြစ်တဲ့အကြောင်းရင်းတွေလည်း မတူသလို ဖြစ်စေတဲ့အစားအသောက်တွေကလည်း မတူဘူး။ တချို့က ဆီးပိုးဝင်တာကြောင့် ဖြစ်တတ်တယ်။ တခြားဟာတွေကတော့ ကိုယ်ထဲမှာ ပုံဆောင်ကျောက်တွေ အရမ်းများလို့ ဖြစ်တာပါ။
မျိုးရိုးဗီဇနဲ့လည်း ဆိုင်တတ်တယ်။ ဆီးကျောက်ရှိသူတွေရဲ့ ၄၀% မှာ မိသားစုရာဇဝင်ရှိတာကို တွေ့ရတယ်။ သူတို့ရဲခန္ဓာကိုယ်ဟာ ဆီးထဲ ကယ်လ်ဆီယမ် စွန့်တာများပြီး ဆစ်ထရစ်စွန့်တာ နည်းတာတွေကြောင့်လိုမျိုး ဖြစ်နိုင်တယ်။
>> တခြားဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကတော့ -
● အဝလွန်ခြင်း : အဝလွန်တဲ့လူတွေမှာ ပိုဖြစ်နိုင်တယ်။
● ဂေါက်ရောဂါ : သွေးထဲ ယူရစ်အက်ဆစ်တွေ များလာတဲ့အခါ ဒီပုံဆောင်ခဲတွေဟာ အဆစ်အမြစ်တွေ၊ ကျောက်ကပ်တွေမှာ လာပုံလို့ဖြစ်တတ်တယ်။
● အူလမ်းကြောင်း ခွဲစိတ်မှုတွေ : အစာအိမ်ဖြတ်တောက်တာ၊ အူခွဲစိတ်မှုတွေ လုပ်ထားသူတွေမှာလည်း ပိုဖြစ်နိုင်တယ်။
● ကျောက်ကပ်ရောဂါတွေ : ဥပမာအားဖြင့် ကျောက်ကပ်မှာ အိတ်ကလေးတွေ အများကြီးစုလာတဲ့ ကျောက်ကပ်အိတ်များ ရောဂါလိုမျိုးမှာပါ။ နောက်တစ်မျိုးကတော့ ကျောက်ကပ်ပြွန်တွေမှာ အိတ်ကလေးတွေဖြစ်တဲ့ မွေးရာပါကျောက်ကပ်ရောဂါ medullary sponge kidney မှာလည်း ဖြစ်တတ်တယ်။
အသက်အရွယ် မရွေး၊ ယောက်ျားမိန်းမ မရွေး ဖြစ်တတ်ပေမယ့် သတ်လတ်ပိုင်း အမျိုးသားတွေမှာ ပိုဖြစ်နိုင်တယ်။
>> ဘာတွေကို စောင့်ကြည့်ဖို့လိုမလဲ?
လူက ကျန်းမာနေရင်တောင် စားပုံသောက်ပုံတွေကြောင့် ဆီးကျောက်တွေ ဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံး အကြောင်းရင်းကတော့ ရေ ကောင်းကောင်းမသောက်တာပါပဲ။ ရေ မသောက်တော့ ဆီး အသွားနည်းတယ်။ ဒီတော့ အနည်နှစ်တွေစုပြီး ဆီးကျောက်တွေဖြစ်တာပေါ့။
>> တခြား စောင့်ကြည့်ရမှာတွေက -
● ကိုလာ : ဒီဖျော်ရည်တွေမှာ ဖရက်တို့စ်အချိုဓာတ်တွေနဲ့ ဖော့စ်ဖိတ်တွေများလို့ ဆီးကျောက်တွေ အဖြစ်များပါတယ်။
● အောက်ဇလိတ် Oxalate : ဟင်းနုနွယ်၊ ကန်စွန်းဥတွေလိုမျိုး အစားအသောက်တွေမှာပါတဲ့ oxalate တွေဟာ ကယ်လ်ဆီယမ်လိုမျိုး သတ္တုဓာတ်တွေနဲ့ အလွယ်တကူ ပေါင်းနိုင်ပြီးတော့ ဆီးကျောက် အလွယ်တကူ ဖြစ်နိုင်တယ်။
● ဆား : ဆိုဒီယမ်ဆားတွေ များလာရင် ဆီးထဲ ကယ်လ်ဆီယမ် များလာတတ်တယ်။ ဒါကြောင့် ဆီးကျောက်ဖြစ်နှုန်း များလာနိုင်ပါတယ်။ ကယ်လ်ဆီယမ်များတဲ့ ဆလတ်ရွက်၊ ဆယ်လ်မွန်လိုမျိုးဟာ သူ့ချည်းစားရင် ကောင်းပေမယ့် ဆား အရမ်း ထည့်စားရင်တော့ ဆီးကျောက် ဖြစ်နိုင်ပါတယ်။ ကယ်လ်ဆီယမ် စားတာ အရမ်းနည်းရင်လည်း ဆီးကျောက် ဖြစ်နိုင်ပါတယ်။
● တိရစာၦန်ပရိုတင်းတွေ : အသားကင်တွေ၊ ကြက်သား၊ ကြက်ဥနဲ့ ပင်လယ်စာတွေဟာ ခန္ဓာကိုယ်မှာ ကယ်လ်ဆီယမ်နဲ့ ယူရစ်အက်ဆစ်တွေ စုပုံလာစေလု့ိ ဆီးကျောက်တွေ ဖြစ်စေတတ်ပါတယ်။
● အရင်က ဆီးကျောက် ဖြစ်ဖူးတာ : အရင်က ဖြစ်ဖူးရင် ထပ်ဖြစ်ဖို့ အရမ်းများပါတယ်။
ကဲ ... ဆီးကျောက် အဖြစ်များတဲ့ အကြောင်းရင်းတွေ သိပြီဆိုတော့ ရှောင်သင့်တာ ရှောင်၊ ဆောင်သင့်တာ ဆောင်ရင်း ဆီးကျောက်ကို ကြိုတင်ကာကွယ်ကြရအောင်။
Dr. Mya Phoo Ngon (www.drmyanmar.com)




























