ဆီးချိုကြောင့် မျက်စိကွယ်နိုင်လား
ဆီးချိုရောဂါဆိုတာနဲ့ အနာကျက် နှေးတာ၊ ခြေထောက်အနာတွေ ကျောက်ကပ်ရောဂါတွေ နှလုံးရောဂါတွေနဲ့ ဆက်စပ်နေကြပြီး ဖြစ်ပါတယ်။ အသိနည်းပေမယ့် ဆီးချိုနဲ့ ဆက်စပ်တဲ့ နောက်ထပ်ရောဂါကို ပြောပါဆိုရင် မျက်စိကွယ်တာ အမြင်အာရုံ ထိခိုက်သွားတာကို ထိပ်ဆုံးက တင်ရမှာပါ။
1. ဆီးချိုကြောင့် အမြင်အာရုံ ထိခိုက်နိုင်လား?
ကာလရှည်ကြာလာတာနဲ့အမျှ မျက်လုံး ထိခိုက်နိုင်ပါတယ်။
2. ဆီးချိုကြောင့် မျက်စိကွယ်နိုင်လား?
အချိန်မီ မကုသရင် လုံးဝကွယ်သွားနိုင်ပါတယ်။
3. ကြောက်စရာကောင်းတဲ့ သွေးတွင်းသကြားဓာတ် လွန်ကဲမှုဟာ မျက်စိနှစ်ကွင်း အလင်းအားကို ဘယ်လောက် အတိုင်းအတာအထိ ထိခိုက်သွားနိုင်သလဲ?
မျက်လုံးရဲ့ နောက်မှာရှိတဲ့ သေးငယ်တဲ့သွေးကြောလေးတွေကို စတင်ပျက်စီးစေပါတယ်။
သွေးကြောလေးတွေက ဖောင်းကြွလာပြီး သွေးရည်တွေ စိမ့်ထွက်လာကာ မျက်လုံးနောက်ပိုင်းကို ရောင်ရမ်းစေပါတယ်။
သွေးကြောလေးတွေ ပွားလာပုံ မူမမှန်တာကြောင့် အမြင်အာရုံ ပိတ်ဆို့ပြီး နောက်ဆုံး လုံးဝကွယ်သွားနိုင်တာ ဖြစ်ပါတယ်။
4. လူနာအနေနဲ့ ဘာတွေခံစားရမလဲ?
● တိမ်တွေ အစက်အပြောက်တွေမြင်ခြင်း
● အမြင်မကြည်လင်ခြင်း
● မှုန်ဝါးလာခြင်း
● ခါတိုင်းထက် အားစိုက်ကြည့်ရခြင်းတွေ ဖြစ်ပေါ်လာပါတယ်။
5. စောစောတွေ့ပြီး ကုသနိုင်ရင်?
ကုသမှုကတော့ စောစော တွေ့တာနဲ့ နောက်ကျမှ တွေ့တာ ကွာပါတယ်။ စောစောတွေ့ပြီး ကုသနိုင်ရင် တစ်သက်တာ အမြင်အာရုံ ဆုံးရှုံးတာကို ကာကွယ်တားဆီးနိုင်မှာ ဖြစ်ပါတယ်။
အစားအသောက်နဲ့ နေမှုပုံစံပြုပြင်ပြီး ဆီးချိုကို ထိထိရောက်ရောက် ထိနး်ချုပ်ကုသနိုင်မယ်ဆိုရင် မျက်လုံးကို အမြန်စစ်ဆေးပြီး လိုအပ်တဲ့ မျက်လုံးကုသမှု ခံယူမယ်ဆိုရင် အမြင်အာရုံ ဆုံးရှုံးတာကို ကာကွယ်တားဆီးနိုင်မှာပါ။
6. ဆီးချိုကြောင့်ဖြစ်တဲ့ မျက်စိအာရုံ ထိခိုက်တာ ဆီးချိုရှိတာ ဘယ်လောက်ကြာရင် ဖြစ်တတ်ပါသလဲ?
အနည်းဆုံး ငါးနှစ်ကနေ ဆယ်နှစ်ခန့်ပါ။ ဒါပေမဲ့ ကာကွယ်ခြင်းက ကုသခြင်းထက် ထိရောက်တာမို့ ဆီးချိုရှိမှန်း သိသိချင်း မျက်လုံးစစ်ဖို့ မနှောင့်နှေးသင့်ပါဘူးနော်။
ဆီးချိုကြောင့် မျက်လုံး တိုက်ရိုက်ထိခိုက်တာအပြင် တခြားမျက်စိရောဂါတွေဖြစ်တဲ့ ရေတိမ်နဲ့ အတွင်းတိမ်ရောဂါကိုပါ ပိုဆိုးစေပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တတ်တဲ့ အမြင်အာရုံ ကျဆင်းခြင်းကိုပါ မြန်ဆန်သွားစေပါသတဲ့။
ဒါကိုကြည့်ခြင်းအားဖြင့် ဆီးချိူရောဂါရဲ့ မျက်လုံးထိခိုက်မှု အာနိသင်ဟာ ဘက်ပေါင်းစုံကနေ ဒုက္ခပေးနေနိုင်တာကို ကွက်ကွက်ကွင်းကွင်း မြင်ကြရမှာပါ။
7. ဆီးချိုကြောင့် မျက်လုံးထိခိုက်မှု ရှိ၊ မရှိ ဘယ်လောက်တစ်ခါစစ်သင့်လဲ?
● အမျိုးအစား ၁ ဆီးချိုရောဂါ တွေ့တွေ့ချင်းကနေ ငါးနှစ်အတွင်း မျက်လုံးကို စေ့ငုံစွာ စစ်ဆေးသင့်ပါတယ်။
● အမျိုးအစား ၂ ဆီးချိုရောဂါဆိုရင်တော့ ဆီးချိုရှိမှန်းသိသိချင်း တစ်ခါစစ်ဆေးတဲ့အပြင် တစ်နှစ်တစ်ခါ ပုံမှန်စစ်ဆေးရပါတယ်။ မိမိမျက်လုံးအခြေအနေပေါ် မူတည်ပြီး လိုအပ်သလို ထပ်မံစစ်ဆေးဖို့ လိုအပ်တတ်ပါကြောင်း သတိပေးလိုက်ပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























