/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆီးချိုစစ်ဖို့-သွေးဖောက်တဲ့အခါ-မနာကျင်စေဖို့

ဆီးချိုစစ်ဖို့ သွေးဖောက်တဲ့အခါ မနာကျင်စေဖို့ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဆီးချိုသမားတွေမှာ ခဏခဏ လက်ထိပ်ဖောက်စစ်ရလို့ နာတာ၊ ကျင်တာတွေ ဖြစ်တတ်ပြီး လက်ထိပ်တွေမှာ အသားမာတွေတောင် ဖြစ်လာတတ်တယ်။ ဒီလိုမဖြစ်ရလေအောင် -

 

♦       အရက်ပြန်နဲ့စာရင် ဆပ်ပြာနဲ့ ရေနဲ့ ဆေးပေးပါ။

          ဆပ်ပြာနဲ့ ရေနဲ့ ဆေးပေးတာက အရက်ပြန်နဲ့ ဆေးသလောက်ကို ပိုးသေစေပြီး အသားမခြောက်စေဘူး။ ဒါကြောင့် အထူးသဖြင့် ဆောင်းရာသီလို အသားခြောက် အက်ကွဲတတ်တဲ့ရာသီမျိုးမှာ သုံးသင့်ပါတယ်။ အသားခြောက်တဲ့အခါ ပိုးဝင်နိုင်ခြေ ပိုများတယ်။ ဒါကြောင့် လက်ကို အမြဲဆေးပါ။

 

♦       လက်ချောင်းထိပ်တည့်တည့်ကို မဖောက်ဘဲ ဘေးစောင်းလေးကို ဖောက်ပါ။

          လက်ထိပ်တည့်တည့်မှာ အထိအတွေ့ကို ခံစားဖို့ အာရုံကြောတွေ အများကြီးရှိနေတယ်။ အဲဒါကြောင့် လက်ထိပ်တည့်တည့်ဖောက်ရင် ပိုနာတတ်တယ်။ လက်ချောင်း ဘေးစောင်းတွေမှာတော့ အာရုံကြောတွေ ပိုများလို့ နာတာ သက်သာတယ်နော်။

 

♦       လက်ချောင်းတွေကို အလှည့်ကျဖောက်ပါ။

          အများစုက ဖောက်နေကျလက်ချောင်း နည်းနည်းပါးပါးကိုပဲ ဖောက်စစ်ချင်ကြတယ်။ ဒီလို ထပ်ခါတစ်လဲလဲ စစ်ခြင်းက လက်ချောင်းထိပ် အနာကျက်ရမယ့်အချိန်ကို တိုစေနိုင်သလို ပိုးဝင်နှုန်း များစေတယ်။ ရောင်ရမ်းစေပြီး အသားမာတွေ၊ အမာရွတ်တွေကို ဖြစ်စေနိုင်တယ်။ တစ်နေ့တစ်ချောင်း ဖောက်ပေးပါ။

 

♦       တခြားနေရာတွေကိုပါ ဖောက်ကြည့်ပါ။

          အခုနောက်ပိုင်း ဆီးချိုစက်တွေဟာ လက်ထိပ်တင်မကဘဲ တခြားနေရာတွေဖြစ်တဲ့ လက်ဖဝါးတို့၊ လက်ဖျံတို့မှာလည်း စစ်လို့ရတယ်။ သွေးအချိုဓာတ် ကျနေတဲ့အခါမျိုးမှာတော့ ဒီနေရာတွေ ဖောက်ရတာ အဆင်မပြေပေမယ့် အိမ်မှာ နေ့တိုင်းစစ်ဆေးတဲ့အချိန်မျိုးမှာ အပြောင်းအလဲလေး စစ်လို့ရတယ်။

 

♦       ဖောက်တံအချောင်းလေးမှာ အပ်ထိပ်အရွယ်အစားကို သေးသေးလေးပဲ ထားပါ။

          အခုနောက်ပိုင်း ဆီးချိုစက်တွေဟာ သွေးစက်သေးသေးလေးနဲ့တင် စစ်လို့ရတယ်။ အပ်ထိပ်အရွယ်အစားကို ချိန်ညှိလို့ ရပါတယ်။ ဒါကြောင့် အပ်ထိပ်အရွယ်အစားကို ၂/၃လောက် မှာထားပေးပါ။

 

♦       ပိုသေးတဲ့ ဆီးချိုအပ်ကို သုံးပါ။

          အပ်မှာ နံပါတ်ကြီးလေလေ အပ်အရွယ်အစား သေးလေလေပါပဲနော်။ စက်အများစုမှာတော့ အပ်နံပါတ် ၂၈ ကို ရွေးတတ်ကြတယ်။ တချို့စက်တွေမှာတော့ ၃၃၊ ၃၀ စသဖြင့် ပိုသေးတဲ့အပ်မျိုးကို သုံးတာ ရှိပါတယ်။

 

♦       ရေနဲ့ ဆပ်ပြာနဲ့ မဆေးနိုင်ရင်တောင် ထုံစေတဲ့အရက်ပြန်အမျိုးအစားကို သုံးပါ။

          အခုနောက်ပိုင်းမှာ ထိုးတဲ့အခါ မနာအောင် ထုံကျဉ်စေတဲ့ဆေးတွေ ပါတတ်တယ်။ အရက်ပြန်နဲ့ ပွတ်လိုက်ပြီး ထုံကျဉ်တဲ့အထိ စက္ကန့်ပိုင်းလောက် စောင့်ပါ။ သုံးပြီးချိန်မှာတော့ လျှာနဲ့ လက်ချောင်းကို မလျက်နဲ့နော်။ လျှာကြီးပါ ထုံသွားလိမ့်မယ်။

 

♦       ဆီးချိုအပ်ကို နေ့တိုင်းလဲပါ။

          ဆီးချိုသမားတွေ အများဆုံးကြုံရတဲ့ အခက်အခဲပါပဲ။ ပုံမှန် အမြဲစစ်ဆေးနေရတဲ့အခါ အပ်ကို မလဲမိတော့ဘူး။

●        ဆီးချိုအပ်ထိပ်လေးတွေမှာ နာတာ သက်သာစေတဲ့ အထူးအပေါ်ယံကုတ်လေး ရှိတယ်။ ဒီအပေါ်ယံကုတ်လေးဟာ တစ်ခါသုံးပါပဲ။ ခဏခဏ ပြန်ပြန်သုံးလို့မရဘူး။

●        ဆီးချိုအပ်ဆိုတာဟာ ဖောက်တဲ့အခါ နာတာသက်သာအောင် အပ်သေးသေးလေးကို သုံးရတယ်။ အပ်ထိပ်ကလေးဟာ သုံးရင်းသုံးရင်း တုံးတုံးသွားတတ်တယ်။

●        ပြန်ပြန်သုံးတဲ့အခါ အသားတွေ၊ အရည်တွေ၊ သွေးတွေ ကပ်ကပ်ပါသွားပြီး ပိုးပွားနိုင်ခြေ ပိုများတယ်။ ပိုးဝင်တဲ့အခါ ရောင်ရမ်းပြီး နာကျင်လာတတ်တယ်။

●        ပြန်ပြန်သုံးနေတဲ့ အပ်ထိပ်ဟာ အသားကို ဖောက်ဝင်သွားလို့ ပိုးဝင်တာ၊ ရောက်ရမ်းတာတွေတင် မကဘဲ အသားပုပ်တာ၊ ဖြတ်တောက်ရတာတွေပါ ဖြစ်စေနိုင်တတ်တယ်။

          အစာမစားမီ၊ စားအပြီး၊ ညအိပ်ချိန်၊ ထချိန်တွေနဲ့ နေထိုင်မကောင်းတဲ့အချိန်မျိုးတွေမှာ မှန်မှန်နဲ့ သေသေချာချာ စစ်ဆေးပေးခြင်းဖြင့် ဆီးချို ကောင်းကောင်းထိန်းသိမ်းနိုင်ပြီး မလိုအပ်ဘဲ ခဏခဏ မစစ်ရတော့အောင် ကြိုးစားကြစေလိုပါတယ်နော်။

Dr. Mya Phoo Ngon (www.drmyanmar.com)