/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆီးချိုဖြစ်ဖို့-အလားအလာ-များသူများ

ဆီးချိုဖြစ်ဖို့ အလားအလာ များသူများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          သွေးတွင်း အချိုဓာတ်များခြင်းဟာ ကမ်ဘာပေါ်မှာ အဖြစ်များလာတဲ့ ပြဿနာတစ်ရပ်ပဲ ဖြစ်ပါတယ်။ သွေးတွင်း အချိုဓာတ်ဟာ ပုံမှန်ထက်များနေပေမယ့် ဆီးချိုဖြစ်တဲ့အထိ မတက်သေးတဲ့အခါ ဆီးချိုအလားအလာ ရှိသူလို့ သတ်မှတ်ပါတယ်။

          ဆီးချိုအလားအလာ ရှိသူတွေဟာ ဘာရောဂါလက္ခဏာမှမပြဘဲ လာတတ်ကြပါတယ်။ ဒါပေမဲ့ အချိုဓာတ်ကို မထိန်းဘဲ ပေါ့ပေါ့ဆဆနေမိပါက နောက်နှစ်အနည်းငယ်အတွင်းမှာပဲ ဆီးချိုရောဂါ ဖြစ်လာတတ်ပါတယ်။

 

>>    ဆီးချိုအလားအလာ ရှိသူတွေဟာ ဘယ်သူတွေပါလဲ?

 

1.      ဆီးချိုရောဂါ အမျိုးအစား (၂) ဖြစ်နိုင်ခြေ ရှိနေသူများ

          ခန္ဓာကိုယ်ဆဲလ်တွေဟာ သွေးတွင်းအချိုဓာတ်ကို ဆဲလ်တွေထဲ ပို့ဆောင်ပေးတဲ့ အင်ဆူလင်ခေါ် ဟော်မုန်းကို လက်မခံ၊ မတုံ့ပြန်တော့တဲ့အခါ ဆီးချိုအမျိူအစား (၂) ဆိုတာ ဖြစ်လာပါတယ်။ မိသားစုထဲမှာ ဒီရောဂါရှိနေသူတွေ၊ ဒါမှမဟုတ် အာရှ၊ အရှေ့တောင်အာရှ၊ သြစတြေးလျ၊ အာဖရိကန်နဲ့ စပိန်အမျိုးအနွယ်တွေမှာ ဆီးချိုဖြစ်ဖို့ အလားအလာ ပိုများတာကို တွေ့ရပါတယ်။ နောက်ထပ် ဆီးချိုအလားအလာများတဲ့ သူတွေကတော့ အသက် 45 နှစ်ကျော်လာသူတွေနဲ့ အထိုင်များတဲ့သူတွေပဲ ဖြစ်ပါတယ်။

 

2.      ဆီးချိုအလားအလာ များခြင်းနဲ့ ဆက်နွှယ်နေတဲ့ ရောဂါရှိသူများ

          ခန္ဓာကိုယ်မှာ သွေးတွင်းအချိုဓာတ်ကို များစေနိုင်တဲ့ အခြေအနေတွေ အများအပြား ရှိနိုင်ပါတယ်။ အဝလွန်နေသူတွေ၊ တစ်နည်းအားဖြင့် ကိုယ်အလေးချိန်နဲ့ အရပ်အချိုးအစား 25 ကျော်နေသူတွေမှာ ဆီးချိုအလားအလာ ပိုများနိုင်ပါတယ်။ သွေးတိုးရှိသူ၊ သွေးတွင်း ကိုလက်စထရော များသူ၊ နှလုံးရောဂါနဲ့ မွေးရာပါ သားဥအိမ် အရည်အိတ်များ ရောဂါတွေမှာလည်း ဆီးချိုအလားအလာ များပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါ ဖြစ်ဖူးသူတွေမှာလည်း ကလေးမွေးပြီးချိန်မှာ ဆီးချိုအလားအလာ ပိုများလာတတ်ပါတယ်။

 

3.      ဆီးချိုရောဂါလက္ခဏာ ရှိသူများ

          ဆီးချိုအလားအလာရှိသူ အများစုမှာ ဘာရောဂါလက္ခဏာမှ မပြတတ်ပါဘူး။ ဒါပေမဲ့ အချို့လူတွေမှာ သွေးတွင်းအချိုဓာတ် များလာတာနဲ့အမျှ ရေ ပိုဆာလာတာ၊ ဆီးသွားများလာတာနဲ့ အလိုလိုနေရင်း နုံးချိနေတာမျိုးတွေ ခံစားရတတ်ပါတယ်။

 

4.      အရေပြားပေါ်မှာ အမည်းကွက်တွေ ပေါ်လာသူများ

          ဆီးချိုအလားအလာ ရှိသူတွေမှာ Acanthosis Nigricans လို့ခေါ်တဲ့ အရေပြားရောဂါတစ်မျိုး ဖြစ်လာတတ်ပါတယ်။ အရေပြား အတွန့်အခေါက်တွေကြားမှာ မည်းမည်းထူထူ အကွက်တွေ ပေါ်လာတတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး လည်ဂုတ်၊ ချိုင်းကြား၊ တံတောင်ဆစ်၊ တံခေါက်ကွေးနဲ့ လက်ဆစ်ခြေဆစ်တွေမှာ တွေ့ရတတ်ပါတယ်။

 

5.      ညဘက်မှာ အ,အိပ်အ,နေ နည်းသူများ

        ညအိပ်ချိန်ပုံမှန် 6 နာရီအောက်သာ အိပ်တတ်သူတွေမှာ ဆီးချိုအလားအလာ ပိုများတယ်လို့ သိရပါတယ်။ ဒါဟာ ဟော်မုန်းတွေ၊ အာရုံကြောစနစ်နဲ့၊ အိပ်ချိန် မပြည့်ဝမှုတွေရဲ့ ဆက်နွှယ်မှုတွေကြောင့် ဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

          သတိပြုဖို့က ဒီအချက်တွေ မရှိရင်တောင် ဆီးချိုအလားအလာ ရှိနိုင်သေးတယ် ဆိုတာပါပဲ။

          သေချာသိနိုင်ဖို့ မိသားစုဆရာဝန်ထံမှာ ဆီးချိုတိုင်းကြည့်တာဟာ အကောင်းဆုံး ဖြစ်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)