ဆီးချိုရောဂါနှင့် အမြင်အာရုံ
ဆီးချိုရောဂါသည်တွေမှာ အမြင်အာရုံကို ထိခိုက်တက်တယ်ဆိုတာတော့ အများစု ကြားဖူးကြပါလိမ့်မယ်။ ဒါကြောင့် ဆီးချိုရောဂါသည်တွေ အမြင်အာရုံမထိခိုက်စေဖို့ လိုက်နာသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ဆေးလိပ်ဖြတ်ခြင်း
သုတေသနပညာရှင်များရဲ့ လေ့လာမှုအရ ဆေးလိပ်သောက်လေ့ရှိတဲ့ ဆီးချိုရောဂါသည်တွေဟာ ဆီးချိုကြောင့် မျက်စိထိခိုက်မှုကို ပိုမိုခံစားရနိုင်ပါတယ်။ မျက်စိဆရာဝန်များရဲ့အဆိုအရ ဆေးလိပ်ဟာ ဆီးချိုကြောင့် မျက်စိပြဿနာဖြစ်စေခြင်းကို ၁၀ ဆ မြင့်မားစေပါတယ်။
(၂) သွေးပေါင်ချိန်ကို ၁၃၀/၇၅ mmHg အတွင်း ထိန်းသိမ်းထားပါ
ဆီးချိုရှိနေသူများတွင် သွေးတိုးရောဂါပါ တစ်ပြိုင်နက်ရှိနေပါက ဆီးချိုကြောင့် မျက်စိပျက်စီးမှုဖြစ်ပေါ်စေဖို့ ၇၀ ရာနှုန်း ပိုများပါတယ်။
(၃) ကိုလက်စထရော လျှော့ချပါ
ဆီးချိုဝေဒနာရှင်များအနေနှင့် ကိုလက်စထရောကော Triglyceride များပါ မြင့်မားနေပါက မျက်စိပြဿနာ ဖြစ်ပေါ်ဖို့ အလားအလာကို ၂ ဆ မြင့်မားစေပါတယ်။
(၄) သွေးအားနည်းရောဂါကုသပါ
သွေးအားနည်းရောဂါဟာ ဆီးချိုကြောင့် မျက်စိပြဿနာဖြစ်ပေါ်စေဖို့ အကြောင်းရင်းတစ်ချက်ဖြစ်ပြီး ဆီးချိုကြောင့် မျက်စိထိခိုက်ခြင်းကိုလည်း ပိုလို့ဆိုးစေနိုင်ပါတယ်။
(၅) Obstructive sleep apnea (OSA)
OSA ဆိုတာကတော့ အိပ်ပျော်နေစဉ် ရုတ်တရက်ဆိုသလို အသက်ရှူ ခေတ္တရပ်တန့်ခြင်းကို ဆိုလိုပါတယ်။ OAS ရှိခြင်းဟာလည်း ဆီးချိုရောဂါရှိသူတွေကို မျက်စိပြဿနာ ဖြစ်ပေါ်စေဖို့ အလားအလာ ပိုများစေပါတယ်။
အထက်ပါ အချက် (၅) ချက်အနက် ဆေးလိပ်ဖြတ်ခြင်းက ဆီးချိုကြောင့် ဖြစ်ပေါ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို လျှော့ချပေးမယ့် အဓိကအကျဆုံးအချက် ဖြစ်ပါတယ်။
ဆီးချိုရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးများ ခံစားရခြင်းနှင့် သေဆုံးနှုန်းတို့ဟာ တစ်ဦးချင်းစီရဲ့ ကျန်းမာရေးအနေအထား၊ မိသားစုနှင့် ပတ်ဝန်းကျင်ပေါ်လည်း များစွာမူတည်နေပါတယ်။ အဓိကအနေနှင့် သွေးပေါင်ပုံမှန်ဖြစ်အောင် ထိန်းညှိခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ ကိုလက်စထရောချခြင်းတို့ကို လိုက်နာသင့်ပြီး ဆီးချိုအတွက် ပုံမှန်ဆေးကုသမှုခံယူခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်ပုံကို ကျင့်သုံးခြင်းတို့ကို အလေးပေး ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























