ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ နှလုံးရောဂါကို ကာကွယ်ပါ
ဆီးချိုရောဂါရှိသူတွေအနေနဲ့ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းဖြစ်ဖို့ ရာနှုန်းများတယ်ဆိုတာ သိပါသလား?
ဆီးချိုရောဂါရှိသော အသက် ၆၅ နှစ်နဲ့အထက် လူတွေမှာ ၆၈ ရာနှုန်းလောက်က နှလုံးရောဂါနဲ့သေဆုံးနိုင်ပြီး ၁၆ ရာနှုန်းလောက်က လေဖြတ်ခြင်းဖြစ်ဖို့ အလားအလာ ရှိပါတယ်။
ဆီးချိုရောဂါဟာ ဆေးပုံမှန်သောက်ပြီး စားသောက်နေထိုင်မှုပုံစံ ပြင်ဆင်မယ်ဆိုပါက ထိန်းချုပ်နိုင်တဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ သို့သော် ဒီလို သွေးတွင်းအချိုဓာတ်ကို ပုံမှန်အနေအထားမှာ ထိန်းသိမ်းနိုင်သော်လည်း သင့်အနေနဲ့ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းဖြစ်ဖို့ အလားအလာများနေတုန်းပဲ ဖြစ်ပါတယ်။ အမျိုးအစား ၂ ဆီးချိုရှိသူများအနေနဲ့ သွေးတိုးရောဂါ၊ ကိုလက်စထရောများခြင်း၊ အဝလွန်ခြင်းနဲ့ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းတို့ရှိပါက နှလုံးရောဂါဖြစ်ဖို့ အလားအလာ များလှပါတယ်။
ဒီဆောင်းပါးလေးမှာတော့ ဆီးချိုရောဂါရှိသူတွေအနေနဲ့ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းမဖြစ်အောင် ကာကွယ်နိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
● ဆေးကုသမှု ခံယူပါ။
လေဖြတ်ခြင်းနဲ့ နှလုံးရောဂါကို ကာကွယ်ဖို့အတွက် လိုအပ်သော ဆေးကုသမှုများကို ဆရာဝန် ညွှန်ကြားချက်အတိုင်း လိုက်နာပါ။
● ဖြစ်နိုင်ချေများသူများအနေနဲ့ မိမိကိုယ်ကို ဆင်ခြင်နေထိုင်ပါ။
ဆီးချိုရောဂါရှိသူများအနေနဲ့ သွေးတိုးနဲ့ကိုလက်စထရောများခြင်း ရှိ၊ မရှိ စစ်ဆေးသင့်တဲ့အပြင် ကျောက်ကပ်ရောဂါနဲ့ မိသားစုတွင်းမှာ အသက်ငယ်ငယ်နဲ့ နှလုံးရောဂါဖြစ်သူများ ရှိ၊ မရှိ လေ့လာပါ။
● ဆေးလိပ်မသောက်ပါနဲ့။
ဆီးချိုရောဂါရှိသူများအနေနဲ့ ဆေးလိပ်ကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။ ဆေးလိပ်ကော ဆီးချိုရောဂါကောကြောင့် သွေးကြောတွေကို ကျဉ်းမြောင်းစေပြီး နှလုံးရောဂါနဲ့လေဖြတ်ခြင်းဖြစ်ဖို့ အလားအလာ များစေပါတယ်။
● ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်ပါ။
တစ်ပတ်လျှင် အလယ်အလတ် ကိုယ်လက်လှုပ်ရှားမှုကို ၁၅၀ မိနစ်နဲ့ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုမျိုးကို ၇၅ မိနစ်စာလောက် ပြုလုပ်ပေးသင့်ပါတယ်။
● ကျန်းမာရေးနဲ့ ညီညွတ်သော စားသောက်မှုပုံစံကို ထိန်းသိမ်းပါ။
ဟင်းသီးဟင်းရွက်၊ သစ်သီးများနဲ့ အစေ့အဆံများ၊ ပဲအမျိုးမျိုး၊ အခွံမာအသီးများ၊ ကြက်သားနဲ့ ငါးများကို စားပေးပါ။ အဆီအဆိမ့်နဲ့ အငန်တွေ လျှော့စားပြီး အမျှင်ဓာတ်များများ စားပေးပါ။
● ကိုယ်အလေးချိန် ထိန်းသိမ်းပါ။
အဝလွန်ခြင်းကြောင့် နှလုံးရောဂါဖြစ်နှုန်း ပိုမိုမြင့်တက်စေတာမို့ ကျန်းမာရေးနဲ့ ညီညွတ်သော ကိုယ်အလေးချိန်ရစေဖို့ ကြိုးစားသင့်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























