ဆီးချိုရောဂါရှိသူတွေမှာ နှလုံးသွေးကြောပိတ်ရောဂါ ပိုဖြစ်သလား
ဆီးချိုရယ်လို့ ဖြစ်လာပြီဆိုရင် လိုအပ်တဲ့ဆေးဝါးအပြင် အစားအစာကုထုံး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း အပါအဝင် ဘက်ပေါင်းစုံကနေ ကြိုးစားပြီး ရောဂါကို ထိန်းချုပ်ကုသကြရပါတယ်။ ဆီးချိုရဲ့ နောက်ဆက်တွဲ အဖြစ်အများဆုံးရောဂါတစ်ခုကို ပြောပါဆိုရင်တော့ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပါတယ်။
ဆီးချိုရောဂါရှိသူတွေမှာ အာရုံကြောစနစ် အားနည်းတာအပြင် သွေးတွင်းဆီးချို တက်နေတာကြောင့် ရေရှည်မှာ နှလုံးသွေးကြောတွွေမှာ အဆီတွေစုပုံပြီး မူမမှန်ပြောင်းလဲမှုတွေ ရှိလာပြီး နှလုံးသွေးကြော စကျဉ်းလာပါတယ်။
အဝလွန်လေ ဆီးချိုဖြစ်ဖို့ အခွင့်အရေး များလေပါပဲ။ ဒါ့အပြင် ဝတဲ့သူတွေမှာ တက်နေတတ်တဲ့ မကောင်းတဲ့အဆီဓာတ်ဟာ နှလုံးသွေးကြောတွေရဲ့ အလွှာတွေမှာ သွားရောက်စုပုံနေပြီး နှလုံးသွေးကြော ရုတ်တရက် ကျဉ်းတာ၊ ပိတ်တာတွေ ဖြစ်လာပါတယ်။
>> Silent infarct (ရုတ်တရက် တိတ်တဆိတ် နှလုံးသွေးကြောပိတ်ခြင်း) ဆိုတာက ဆီးချိုရောဂါသည်တွေအတွက် အန္တရာယ်အကြီးဆုံး ပြဿနာပါပဲ။ ဘာကြောင့် အန္တရာယ်အကြီးဆုံးလို့ သတ်မှတ်ရတာလဲ?
ဆီးချိုရောဂါသည်တွေမှာ အလိုအလျောက် ထိန်းချုပ်အာရုံကြောစနစ်တွေ ပျက်ပြားနေတာကြောင့် တခြားလူတွေလို သတိပေး အချက်ပြ ရင်ဘတ်အောင့်လာတာတွေဖြစ်ဖို့ နည်းပါတယ်။
● အစာမကြေတာ
● နေရခက်တာ
● ပျို့ချင် အန်ချင်တာ
● နုံးနေတာ
● ရင်ဘတ်ထဲ နေမထိ ထိုင်မသာ ဖြစ်နေတာတွေလောက်ပဲ ခံစားရဖို့ ရှိပါတယ်။
ရင်ဘတ်အောင့်တာလိုမျိုး အပြင်းအထန် နာလာဖို့ သိပ်မရှိဘဲ အရေးမကြီးလို့ ပေါ့ပေါ့ဆဆ ထားလိုက်နိုင်တဲ့ လက္ခဏာတွေသာ ခံစားရနိုင်တာ တွေ့ရမှာပါ။ ဆေးကုသဖို့ သတိမပြုတတ်တာကြောင့် အေးအေးဆေးဆေး နေလိုက်ကြပါတယ်။ ဒါကြောင့် ရုတ်တရက် သေဆုံးတဲ့အထိ ဖြစ်နိုင်တာ ဖြစ်ပါတယ်။
>> ဒီလိုမဖြစ်အောင် ဘယ်လိုကာကွယ်ထားသင့်သလဲ?
● ဆရာဝန်နဲ့ ပုံမှန်ပြသပြီး ဆီးချို စစ်ရမယ်။
● သွေးတွင်း အဆီဓာတ် စစ်ဆေးရမယ်။
● နှလုံးအီးစီဂျီ ပုံမှန်ရိုက်ရမယ်။
● သတ်မှတ်ဆေးဝါး မှန်မှန်သောက်ရမယ်။
>> ဒါတွေအပြင် နောက်ထပ်အရေးပါတာက ဘာတွေလဲ?
စားသောက်နေထိုင် ပြုပြင်ဖို့ ဖြစ်ပါတယ်။ ဆီးချိုသမားတော်တွေနဲ့ အစားအစာကို ဘာစားသင့်တယ်ဆိုတာ တိုင်ပင်ပြီး အစီအစဉ်တကျ စနစ်ကျကျ ကယ်လိုရီ တွက်ချက်စားသောက်ခြင်းဖြင့် ဆီးချိုကို အလွယ်တကူ ထိန်းနိုင်တဲ့အပြင် သွေးတွင်းအဆီဓာတ်ကို ကျဆင်းစေပါတယ်။
ဆီးချိုဖြစ်ချင်ချင် ဖြစ်နေသူတွေ (Prediabetes) ကို တစ်ပတ်ကနေ တစ်လထိ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း မှန်မှန်လုပ်ခိုင်းပြီး ပြန်လည်စစ်ဆေးကြတဲ့အခါ ဆီးချိုအဖြစ်ကို ကူးပြောင်းမသွားတော့ဘဲ ရောဂါတန့်သွားတာကို တွေ့ရပါတယ်။ သွေးတွင်းအဆီဓာတ်တွေကိုလည်း ထိန်းညှိကုသသလို ဖြစ်သွားပြီး နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နှုန်း သိသိသာသာ လျော့ကျသွားပါတယ်၊
ဒီတော့ နှလုံးသွေးကြောကျဉ်းတာ ပိတ်တာကို ကုသဖို့ထက် ကာကွယ်တာက ပိုထိရောက်တာကို မြင်ကြမှာပါ။ ထိထိရောက်ရောက် ကာကွယ်ထားဖို့ဆိုတာ ရိုးရှင်းတဲ့ အချက်သုံးချက်ကို လိုက်နာလိုက်ရုံပါပဲ။
1. ကျန်းမာရေးနဲ့ ညီညွတ်တဲ့စားသောက်မှု
2. နေ့စဉ်ကိုယ်လက်လှုပ်ရှားမှု
3. ဆီးချိုထိန်းချုပ်ကုသမှု
ဒီသုံးချက်ကသာ ကာကွယ်မှုအပြည့်ပေးနိုင်ပြီး အသက်ရှည်ရှည် ကျန်းမာသာယာတဲ့ဘဝကို ရရှိမှာဖြစ်ကြောင်း နှလုံးသွေးကြောရောဂါတွေကနေ ကင်းေ၀စေရေး ဗဟုသုတ မျှဝေလိုက်ပါတယ်။
(Unicode)






























