ဆီးချိုရောဂါအမျိုးအစား (2)အကြောင်းသိကောင်းစရာများ
♦ ဘယ်လိုရောဂါမျိုးလဲ
ဆီးချိုရောဂါအမျိုးအစား (2) ဝေဒနာကို ခံစားနေရပါက ခန္ဓာကိုယ်မှ အစားအစာမှာပါဝင်တဲ့ ကစီဓာတ်တွေကို စွမ်းအင်အဖြစ်မပြောင်းလဲပေးနိုင်တာကြောင့် သွေးထဲမှာ သကြားတွေစုပုံလာပါတယ်။ အချိန်ကြာလာတာနဲ့အမျှ နှလုံးရောဂါ၊ မျက်စိကွယ်ခြင်း၊ အာရုံကြောနဲ့ ကိုယ်တွင်းကလီစာများပျက်စီးခြင်းနဲ့ အခြားဆိုးရွားတဲ့အခြေအနေတွေကို ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်။ အသက်အရွယ်မရွေးမှာဖြစ်လေ့ရှိပြီး ကနဦးရောဂါလက္ခဏာတွေကတော့ မပြင်းထန်ပါဘူး။ ဆီးချိုရောဂါအမျိုးအစား (2) ရှိတဲ့ လူ 3 ယောက်မှာ 1 ယောက်ဟာ သူတို့ကိုယ်တိုင် ထိုရောဂါခံစားနေရမှန်းမသိပါဘူး။
♦ အရင်ဆုံးဘာကို သတိပြုမိနိုင်ပါသလဲ
အများအားဖြင့် ရောဂါလက္ခဏာပြလေ့မရှိဘဲ ပထမဆုံးအနေနဲ့ကတော့ ရေအလွန်ငတ်တာဖြစ်ပါတယ်။ အခြားလက္ခဏာတွေကတော့ နှုတ်ခမ်းခြောက်ခြင်း၊ အစားအသောက်ကောင်းလာခြင်း၊ မကြာခဏဆီးသွားခြင်းနဲ့ ကိုယ်အလေးချိန်အလွန်အမင်းပြောင်းလဲခြင်းတို့ဖြစ်ပါတယ်။
♦ နှောင်းပိုင်းရောဂါလက္ခဏာများ
သွေးတွင်းသကြားဓာတ်မြင့်မားလာတာနဲ့အမျှ ခေါင်းကိုက်ခြင်း၊ အမြင်အာရုံမှုန်ဝါးခြင်းနဲ့ မောပန်းလွယ်ခြင်း စတဲ့အခြေအနေတွေကို ကြုံတွေ့ရနိုင်ပါတယ်။
♦ ဆိုးရွားတဲ့ပြဿနာတွေနဲ့ ရောဂါလက္ခဏာများ
ရောဂါအခြေအနေပြင်းထန်ဆိုးရွားတဲ့အထိ ဆီးချိုရောဂါအမျိုးအစား 2 ကို သတိမပြုမိကြပါဘူး။ အရေးကြီးတဲ့ လက္ခဏာတွေကတော့ -
- အနာကျက်နှေးခြင်း
- မှိုရောဂါ (သို့) ဆီးလမ်းကြောင်း မကြာခဏပိုးဝင်ခြင်း
- မိန်းမကိုယ်နားတစ်ဝိုက်ယားယံခြင်း
♦ အိမ်ထောင်ရေးသုခကိုလည်း ထိခိုက်စေနိုင်ခြင်း
ဆီးချိုရောဂါကြောင့် မျိုးပွားအင်္ဂါတွေမှာရှိတဲ့ သွေးကြောနဲ့ အာရုံကြောတွေကို ပျက်စီးစေတာကြောင့် ခံစားမှုတွေ ထုံထိုင်းကာ ကာမအထွတ်အထိပ်ရောက်ဖို့ကို ခက်ခဲတတ်ပါတယ်။ အမျိုးသမီးတွေမှာဆိုရင် မိန်းမကိုယ်ခြောက်သွေ့မှုကို ကြုံတွေ့ရတတ်ပါတယ်။ ဆီးချိုရောဂါရှိသူ 3 ယောက်မှာ 1 ယောက်လောက်ကတော့ လိင်ပိုင်းဆိုင်ရာပြဿနာတွေရှိတတ်ပါတယ်။ ဆီးချိုရောဂါသည် အမျိုးသားတွေရဲ့ 35% - 70% ခန့်ကတော့ ဘဝမှာ အတိုင်းအတာတစ်ခုအထိတော့ မျိုးမအောင်တာမျိုးကို အနည်းဆုံးရင်ဆိုင်ရတတ်ပါတယ်။
♦ ကိုယ်တိုင်ထိန်းချုပ်နိုင်တဲ့ ဖြစ်ပွားမှုနှုန်းမြင့်တက်စေတဲ့အချက်များ
နေထိုင်မှုပုံစံနဲ့ ဆက်စပ်နေတဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ အလေ့အကျင့်တွေဟာ ဆီးချိုအမျိုးအစား 2 ပိုမိုဖြစ်စေရန် တွန်းအားပေးပါတယ်။ ၎င်းတို့မှာ -
- အဝလွန်ခြင်း (အထူးသဖြင့် ခါးမှာအဆီတွေစုနေခြင်း)
- ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း
- ဆေးလိပ်သောက်ခြင်း
- အနီရောင်အသား၊ စည်သွတ်ဗူး၊ အဆီပါဝင်မှုများတဲ့ နို့နဲ့နို့ထွက်ပစ္စည်းများ၊ အချိုများ အလွန်အကျွံစားသုံးခြင်း
- သွေးတွင်း ကိုလက်စထရောနှင့် အခြားမကောင်းတဲ့အဆီဓာတ်များခြင်း
♦ ထိန်းချုပ်၍မရနိုင်သော ဖြစ်ပွားမှုနှုန်းမြင့်တက်စေတဲ့အချက်များ
1. လူမျိုး (သို့) လူမျိုးစု
အာဖရိကန်-အမေရိကန်၊ အမေရိကန်၊ စပိန်လူမျိုးနဲ့ အာရှသားတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။
2. မိသားထဲ၌ ဆီးချိုမျိုးရိုးရှိခြင်း
3. အသက်အရွယ်
45 နှစ်နှင့်အထက်လူကြီးများတွင် ဆီးချိုအမျိုးအစား 2 ပိုဖြစ်လေ့ရှိပါတယ်။
ဖြစ်နိုင်ချေရှိတဲ့အချက်တွေ ပိုများများပိုင်ဆိုင်လေလေ ဆီးချိုပိုမိုဖြစ်နိုင်လေလေဖြစ်ပါတယ်။
♦ အမျိုးသမီးများတွင် ဖြစ်ပွားမှုနှုန်းမြင့်မားစေတဲ့ အချက်များ
1. ကိုယ်ဝန်ဆောင်ကာလအတွင်း သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်း
2. 9 ပေါင်နှင့်အထက် ကလေးအားမွေးဖွားခြင်း
3. သားဥအိမ်၌ အရည်အိတ်များတည်တဲ့ရောဂါရှိခြင်း
♦ အင်ဆူလင်က ဘယ်လိုအလုပ်လုပ်ပါသလဲ
ကျန်းမာတဲ့သူတစ်ယောက်မှာ အင်ဆူလင်ဟာ အစားအစာတွေကို စွမ်းအင်အဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။ အစာအိမ်က ကစီဓာတ်တွေကို သကြားဓာတ်အဖြစ်ဖြိုခွင်းပေးပါတယ်။ ၎င်းသကြားတွေဟာ သွေးထဲရောက်ပြီး ပန်ကရိယမှ အင်ဆူလင်ဟော်မုန်းသင့်တင့်မျှတတဲ့ပမာဏထွက်အောင် လှု့ံဆော်ပါတယ်။ ဤနည်းအားဖြင့် ခန္ဓာကိုယ်ဆဲလ်တွေ သကြားကို လောင်စာအဖြစ်အသုံးပြုနိုင်အောင် အကူအညီပေးပါတယ်။
♦ အစားအသောက်ကြောင့် အပြောင်းအလဲဖြစ်နိုင်ပါသလား
အစားအသောက်နဲ့ ကိုယ်အလေးချိန်လျှော့ချခြင်းဖြင့် သွေးတွင်းသကြားဓာတ်ပမာဏကို လျှော့ချနိုင်ပါတယ်။ တနည်းအားဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို လျော့နည်းစေတာလည်းဖြစ်ပါတယ်။ မိမိစားသောက်တဲ့ အစားအသောက်ထဲမှာ ကစီဓာတ်၊ အသားဓာတ်နဲ့ အဆီဓာတ်တွေဘယ်လောက်ပါလဲ အမြဲသတိထား၍ ကယ်လိုရီကိုလည်း တတ်နိုင်သမျှလျှော့ချပါ။ နည်းစနစ်မှန်ကန်တဲ့ စားသောက်မှုပုံစံကိုရရှိစေရန် ဆရာဝန်ထံမှ အကြံဉာဏ်ရယူနိုင်ပါတယ်။
♦ လေ့ကျင့်ခန်း ပြုလုပ်ရန်အရေးကြီးခြင်း
လမ်းလျှောက်ခြင်း၊ အကြောလျှော့ခြင်းကဲ့သို့ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်ရဲ့အင်ဆူလင် အသုံးပြုမှုကို မြင့်တက်စေ၍ သွေးတွင်းသကြားဓာတ်ကို ကျစေနိုင်ပါတယ်။ လှုပ်လှုပ်ရှားရှားနေတာဟာ ခန္ဓာကိုယ်တွင်း အဆီဓာတ်ကိုကျစေခြင်း၊ သွေးပေါင်ချိန်ကျစေခြင်းနဲ့ နှလုံးရောဂါဖြစ်ပွားမှုမှ ကာကွယ်ပေးခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ နေ့စဉ်နေ့တိုင်း မိနစ် 30 လောက် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းမျိုးကိုပြုလုပ်သင့်ပါတယ်။
♦ အနားယူခြင်းသည် အဓိကသော့ချက်ဖြစ်ခြင်း
စိတ်ဖိစီးမှုဟာ သွေးပေါင်ချိန်နဲ့ သွေးတွင်းသကြားဓာတ်ပမာဏကို မြင့်တက်စေပါတယ်။ အချို့သူတွေက စိတ်ဖိစီးမှုအတွက် ဘာမှမဟုတ်သော်လည်း အချို့ကတော့ အစာစားခြင်းဖြင့် ဖြေဖျောက်ကြပါတယ်။ ထိုကဲ့သို့ပြုလုပ်မယ့်အစား အသက်ပြင်းပြင်းရှူခြင်း၊ တရားထိုင်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း စတာတွေကိုပြုလုပ်နိုင်ပါတယ်။ သူငယ်ချင်း၊ မိသားစုဝင်၊ ဒါမှမဟုတ် ဘာသာရေးခေါင်းဆောင် စတဲ့သူတွေနဲ့ စကားစမြည်းပြောခြင်းဟာလည်း ကောင်းတဲ့အလေ့အထဖြစ်ပါတယ်။ အဲလိုတွေ ပြုလုပ်လို့ဘာမှမထူးခြားပါက ဆရာဝန်ထံမှအကြံဉာဏ်ရယူသင့်ပါတယ်။
♦ အကျိုးရှိမယ့် သောက်ဆေးများ
ဆီးချိုကျဆေးအမျိုးမျိုးရှိပြီး တစ်ခါတစ်ရံတွဲစပ်ပြီးသောက်ရတတ်ပါတယ်။ အချို့ဆေးတွေက ပန်ကရိယကို အင်ဆူလင်များများထွက်အောင်လှုံ့ဆော်၍ အချို့ဆေးတွေကတော့ ခန္ဓာကိုယ်မှ သကြားဓာတ်ကိုပိုသုံးအောင် (သို့) ကစီဓာတ်ချေဖျက်မှုနည်းအောင် ကူညီပေးကြပါတယ်။ အချို့ဆေးများကမူ အင်ဆူလင် ပြိုကွဲမှုကိုနှေးကွေးစေပါတယ်။
♦ ဆီးချိုရောဂါ အမျိ်ုးအစား (2) ကို ကာကွယ်နိုင်ပါသလား
ဆီးချိုအမျိုးအစား(2)ကို ကာကွယ်နိုင်ပါတယ်။ ဖြစ်ပွားမှုနှုန်းကိုလျှော့ချရန် နှလုံးရောဂါနဲ့ ပတ်သက်တဲ့ညွှန်ကြားချက်တွေအတိုင်း လိုက်နာဖို့လိုပါတယ်။
1. ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့ အစားအစာတွေကိုစားသောက်ပါ။
2. တစ်ပတ်လျှင် ငါးရက်၊ တစ်ရက်လျှင် မိနစ် 30 ခန့် လေ့ကျင့်ခန်းပြုလုပ်ပါ။
3. ခန္ဓာကိုယ်အလေးချိန်ကို ထိန်းထားပါ။
4. ဆီးချိုရောဂါအတွက် ကနဦး စစ်ဆေးမှုများပြုလုပ်ရန် ဆရာဝန်နှင့်တိုင်ပင်ပါ။
Dr. Thinzar Wynn






























