ဆီးချိုရောဂါ ပိုဆိုးလာတယ်ဆိုတာ ပြနေတဲ့အချက်များ
ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက တဖြည်းဖြည်း ပေါ်လာတာ ဖြစ်ပါတယ်။ ဆီးချိုဖြစ်နေတာလည်း တော်တော်ကြာပြီ၊ သွေးတွင်းသကြားဓာတ် ပမာဏကလည်း ထိန်းမရဘူး ဆိုရင်တော့ နောက်ဆက်တွဲပြဿနာတွေဖြစ်ဖို့ အလားအလာ များလေလေပါပဲ။ ဆိုးကျိုးတွေ ပြင်းထန်တာကြောင့် စကားပြောတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုလည်း စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ သွေးတွင်းသကြားဓာတ် ပုံမှန် ဖြစ်၊ မဖြစ် ခန္ဓာကိုယ် အစိတ်အပိုင်းတွေက ပြောပြလေ့ ရှိပါတယ်။
၁။ အကြားအာရုံ ချို့ယွင်းလာခြင်း
ပြင်ပလောကကနေ အသံတွေဟာ ဦးနှောက်ဆီသို့ ရှုပ်ထွေးတဲ့လမ်းကြောင်းကတစ်ဆင့် ၀င်ရောက်လာပြီး နားထဲမှာရှိတဲ့ သွေးကြောနဲ့ အာရုံကြောတွေက အသံတွေ တစ်နေရာကနေ တစ်နေရာကို ကူးပြောင်းရာမှာ တာ၀န်ယူပေးပါတယ်။ များပြားလှတဲ့ အချိုဓာတ်တွေက ၎င်းသွေးကြောနဲ့ အာရုံကြောတွေကို ဖျက်ဆီးပစ်နိုင်တာကြောင့် အကြားအာရုံ ဆုံးရှုံးနိုင်စွမ်းက သာမန်လူတွေထက် ၂ ဆ ပိုများပါတယ်။
၂။ ခံတွင်းခြောက်ခြင်း (သို့) ခံတွင်း အနာဖြစ်ခြင်း
မြင့်မားတဲ့ အချိုဓာတ်က ခံတွင်းအတွင်းရှိ စိုထိုင်းစကို လျှော့ချပစ်လိုက်ပြီး ခံတွင်းနာခြင်း၊ ခံတွင်းပိုး၀င်ခြင်းတို့ကို ဖြစ်စေပါတယ်။ နာကျင်မှုကို ခံစားရပြီး အစား စားချိန်နဲ့ ဆေးသောက်ချိန်မှာပါ အနှောင့်အယှက် ဖြစ်စေတာကြောင့် ၆ လတစ်ကြိမ် သွားဆရာ၀န်နှင့် ပြသပါ။ သွားကို နည်းမှန်လမ်းမှန် တိုက်ပါ။ သွားတုတပ်ထားပါက သေချာ ရှင်းလင်းပါ။ ဆေးလိပ်သောက်ပါက ဖြတ်ဖို့ ကြိုးစားပါ။
၃။ ပြောင်းလဲလာတဲ့ အရေပြား
မြင့်မားလှတဲ့ သကြားဓာတ်ကြောင့် အရေပြားဟာ စိုထိုင်းမှု ထိန်းသိမ်းနိုင်စွမ်း လျော့ကျလာတဲ့အခါမှာ ခြောက်သွေ့ခြင်းရဲ့ လက္ခဏာတွေကို စတင်ခံစားလာရပါတယ်။ ယားယံတတ်ပြီး အနာဖြစ်ရင် ကျက်ခဲပါတယ်။ လူက အိပ်နေရင်တောင် အရေပြားက ယားနေတတ်ပါတယ်။ တချို့နေရာတွေက အေးစက်နေပြီး ဖယောင်းလို ပြောင်ချောချောနဲ့ အမွေးမရှိ၊ တချို့နေရာတွေမှာ မာမာခဲ ပဲစေ့လောက် အသားပိုတွေ၊ ခရမ်းရင့်ရောင် အကွက်တွေ ပေါ်လာတာတွေ ဖြစ်တတ်ပါတယ်။
၄။ ခြေလက် ထုံကျဉ်ခြင်း
အပ်နှင့် ထိုးသလို စူးစူး စူးစူးနဲ့ ဖြစ်နေတတ်ပြီး ခြေအိတ်၊ လက်အိတ် စွပ်ထားသလို ထုံကျဉ်နေတတ်ပါတယ်။ ခြေထောက်က ပူတာ၊ အေးတာ ဖိအားကို မသိတာကြောင့် ခြေထောက်မှာ အနာ ရှိ၊ မရှိ အမြဲစစ်ဆေးပေးပါ။ သန့်ရှင်းခြောက်သွေ့အောင် ထားပါ။
၅။ အလွယ်တကူ နာကျင်လာခြင်း
ဆီးချိုေ၀ဒနာသည်တွေမှာ အာရုံကြောတွေရဲ့ ဗရမ်းဗတာ သတင်းပေးပို့မှုတွေကြောင့် ပြင်ပက လှုံ့ဆော်မှုနဲ့ ခန္ဓာကိုယ်ရဲ့ ခံစားရမှုတွေက တစ်ထပ်တည်း မဖြစ်တော့ပါဘူး။ ပေါ့ပေါ့ပါးပါး စောင်တစ်ထည် လာတင်ထားရင်တောင် နာနေတာမျိုးကို ခံစားရနိုင်ပါတယ်။
၆။ ခန္ဓာကိုယ်အောက်ပိုင်းကို သွေးကောင်းကောင်း မရောက်ခြင်း
သွေးလှည့်ပတ်မှုဆိုင်ရာ ပြဿနာတွေကြောင့် တစ်ခုခု လှုပ်ရှားတိုင်းမှာ ခြေသလုံး၊ ပေါင်နဲ့ တင်ပါးတွေက နာကျင်နေတတ်ပါတယ်။ နားလိုက်ရင်တော့ သက်သာသွားတတ်ပြီး မကြာခဏ ဖြစ်နေပါက ဆရာ၀န်နှင့် တိုင်ပင်ဖို့ လိုလာပါပြီ။
၇။ လိင်ပိုင်းဆိုင်ရာ ခက်ခဲမှု
မျိုးပွားအင်္ဂါမှာရှိတဲ့ အာရုံကြောနဲ့ သွေးကြောတွေ ပျက်စီးတာကြောင့် ဆီးချို မထိန်းနိုင်တဲ့ အမျိုးသားတွေဟာ လိင်အင်္ဂါ ထောင်မတ်ရာမှာ အခက်အခဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေမှာတော့ မိန်းမကိုယ် ယားယံတာကို ခံစားရလေ့ရှိပြီး ဆန္ဒ အထွတ်အထိပ်ရောက်ဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။
၈။ ချွေးထွက် များခြင်း/နည်းလာခြင်း
တချို့ ဆီးချိုေ၀ဒနာရှင်တွေက အမြဲ အိုက်စပ်နေပြီး ချွေးတစ်လုံးလုံး ဖြစ်နေပေမယ့် တချို့ ဆီးချိုသမားတွေကတော့ အရမ်းပူတဲ့နေ့မှာတောင် ချွေး လုံး၀မထွက်ပါဘူး။ ခြေထောက်နေရာမှာရှိတဲ့ အရေပြားဟာ အရမ်းခြောက်နေမယ်ဆိုရင် ချွေးဂလင်းတွေ ကောင်းကောင်း အလုပ် မလုပ်တာ ဖြစ်နိုင်ပါတယ်။
၉။ နှလုံး ထိခိုက်တဲ့လက္ခဏာတွေ ခံစားလာရခြင်း
ဆီးချို အရမ်းတက်နေတဲ့အခါမှာ အထိုင်အထမှာ မူးမိုက်တာ၊ ကတုန်ကယင်ဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ အဲ့လက္ခဏာတွေက ရုတ်တရက် ဖြစ်နိုင်သလို တစ်ခါတစ်ရံမှာ အသက်ရှူကြပ်တာတွေ၊ ရင်ဘတ်အောင့်တာတွေ၊ အမြင်ဝါးတာတွေနဲ့ တွဲတတ်ပါတယ်။ နှလုံး ဒါမှမဟုတ် ဦးနှေက်ဆီသို့ သွေးရောက်နှေးသွားတာ ဒါမှမဟုတ် သွေး မရောက်တာ ဖြစ်နေနိုင်တာကြောင့် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ပါတယ်။
၁၀။ ဆီးလမ်းကြောင်း ပိုး၀င်ခြင်း၊ ဗိုက်ပြဿနာများ မကြာခဏ ခံစားရခြင်း
ခြေထောက်ရဲ့ အာရုံကြောကို ထိခိုက်စေသလို ဆီးချိုမထိန်းနိုင်တဲ့အခါမှာ ဆီးအိမ်နဲ့ အူလမ်းကြောင်းမှာရှိတဲ့ အာရုံကြောတွေလည်း ဖျက်ဆီးခံရပါတယ်။ အာရုံခံစားရမှုတွေ ပျက်ယွင်းလာတဲ့အခါမှာ တစ်နေ့တာ ဆီး၀မ်းသွားတဲ့ လုပ်ငန်းစဉ်တွေ ထိခိုက်လာပါတယ်။ ဆီးအိမ်ထဲက ဆီးတွေ မစွန့်ထုတ်ဘဲ ပြည့်နေခြင်းက ဆီးလမ်းကြောင်း ပိုး၀င်ခြင်းကို မကြာခဏ ခံစားရနိုင်ပါတယ်။ အော့အန်တာ၊ ၀မ်းနဲ့လေနဲ့ မကွဲတာ၊ ၀မ်းချုပ်၊ ၀မ်းလျှော ပြဿနာတွေ ခံစားရလာပြီဆိုရင်လည်း သွေးချိုပမာဏများနေပြီလားဆိုပြီး စဉ်းစားသင့်ပါတယ်။
၁၁။ အမြင်လွှာ ထိခိုက်လာခြင်း
သွေးတွင်းသကြားဓာတ်က ထိန်းမရတဲ့အခါမှာ မျက်စိအာရုံခံလွှာမှာရှိတဲ့ သွေးကြောတွေကို ဖျက်ဆီးလာတာကြောင့် မကုသဘဲ ထားမယ်ဆိုရင် တဖြည်းဖြည်းနဲ့ ပိုဆိုးလာပြီး အမြင်လွှာ ဆုံးရှုံးတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ အမြင်တွေ ဝါးလာမယ်။ အကွင်းကွင်းတွေ မြင်မယ်။ မှောင်ရာကနေ လင်းသွားတဲ့အခါမှာ ကြည့်ဖို့ အခက်အခဲ ဖြစ်နေတယ်ဆိုရင် ဆရာ၀န်နှင့် တိုင်ပင်ကြည့်ပါ။
၁၂။ သွားဖုံးရောင်ေ၀ဒနာ ခံစားရခြင်း
ဆီးချိုနဲ့ သွားဖုံးရောဂါဟာ အပြန်အလှန် ဆက်စပ်နေပါတယ်။ ဆီးချိုမထိန်းနိုင်ရင် သွားဖုံးရောဂါ ဖြစ်နိုင်သလို သွားဖုံးရောဂါရှိသူတွေမှာ ဆီးချိုထိန်းဖို့ ခက်တာကို တွေ့ရပါတယ်။ ပထမအဆင့် သွားဖုံး သွေးယိုတာကနေ သွားဖုံးရောင်ကနေမှတစ်ဆင့် သွားတွေကို ထိန်းပေးထားတဲ့ တစ်သျှူးတွေ ဆုံးရှုံးသွားရင် သွားတွေ ကျဲလာတာ၊ သွားဖုံးသား နိမ့်ကျလာတာတွေ ဖြစ်နိုင်ပါတယ်။
Dr. Htet Htet Aung (www.drmyanmar.com)






























