ဆီးချိုရောဂါ မျိုးရိုးရှိသူများအတွက် နည်းလမ်းကောင်းများ
သင့်ရဲ့ ဆွေမျိုး၊ မိဘတွေဆီမှာ ဆီးချိုရောဂါရှိလို့ သင့်မှာ ဖြစ်မှာ စိုးရိမ်နေလား။ ဆီးချိုရောဂါဟာ မျိုးရိုးလိုက်တတ်ပေမယ့် ဆီးချိုရောဂါကို ဖြစ်စေတဲ့ အဓိကအကြောင်းတွေက ဝတာ၊ သွေးတိုးရောဂါ ရှိတာ၊ အဆီတွေ များတာတို့ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် နေထိုင်စားသောက်မှုပုံစံကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြောင်းလဲမယ်ဆိုလျှင် မျိုးရိုးရှိသော်လည်း ဆီးချိုရောဂါရဲ့ အန္တရာယ်မှ အတိုင်းအတာတခုအထိ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
>> လိုက်နာသင့်တဲ့အချက်တွေကတော့ -
● ခန္ဓာကိုယ် အလေးချိန်ကို ထိန်းထားပါ
အဆီတွေများတာ အထူးသဖြင့် ဝမ်းဗိုက်တစ်ဝိုက်မှာ အဆီတွေ စုနေတာက အင်ဆူလင်ကို ခန္ဓာကိုယ်က မတိုးတော့သလို ဖြစ်သွားစေတာကြောင့် ဆီးချိုရောဂါကို ဖြစ်စေပါတယ်။
● လေ့ကျင့်ခန်းလုပ်ပါ
တစ်ပတ်မှာ သုံးရက်ခန့် လေ့ကျင့်ခန်း ပုံမှန်လုပ်တာက ကိုယ်အလေးချိန်ကို ထိန်းပေးတဲ့အပြင် သွေးတွင်းသကြားဓာတ်၊ သွေးပေါင်ချိန်၊ အဆီတွေကို ကျစေပါတယ်။
● ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို စားပါ
အဆီတွေ အထူးသဖြင့် ပြည့်ဝဆီတွေကို လျှော့စားပါ။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အမျှင်ဓာတ်များတဲ့ အစားအစာတွေ စားပါ၊ ဆားလျှော့စားပါ။
● အသင့်စား အစားအစာတွေ လျှော့စားပါ
အပြင်စာတွေ၊ အသင့်စား အစားအစာတွေက ဆားတွေ၊ ဆီတွေ ပါဝင်တာ များပါတယ်။ ဒါကြောင့် မိမိဘာသာ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားသောက်တာ အကောင်းဆုံးပါ။
● အရက်ကို လျှော့သောက်ပါ
အရက်များများ သောက်တာက ကိုယ်အလေးချိန်ကို တက်စေပြီး သွေးတိုးစေပါတယ်။ ယောကျ်ားတွေအနေနဲ့ တစ်ရက်ကို နှစ်ခွက်၊ မိန်းမတွေအတွက် တစ်ရက်ကို တစ်ခွက်ထက် ပိုမသောက်သင့်ပါဘူး။
● ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်တဲ့လူတွေဟာ မသောက်တဲ့လူတွေထက် ဆီးချိုရောဂါ ဖြစ်နိုင်ချေ ၂ဆ ပိုများပါတယ်။
● သွေးပေါင်ချိန်ကို ထိန်းထားပါ
တချို့သွေးတိုးရောဂါရှိတဲ့လူတွေဟာ လေ့ကျင့်ခန်းလုပ်၊ အစားအသောက်ကို ထိန်းရုံနဲ့ အဆင်ပြေပေမယ့် တချိုလူတွေကတော့ ဆေးနဲ့ထိန်းဖို့ လိုပါမယ်။
● နှလုံး၊ သွေးကြောနဲ့ဆိုင်တဲ့ရောဂါတွေ မဖြစ်အောင် နေထိုင်ပါ
အထူးသဖြင့် အဝလွန်တာ၊ ကိုယ်လက်လှုပ်ရှားမှုမရှိတာတွေက နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါတွေ ဖြစ်စေသလို ဆီးချိုရောဂါကိုလည်း ဖြစ်စေပါတယ်။
● ဆရာဝန်နဲ့ ပုံမှန်စစ်ဆေးမှု ခံယူပါ
အသက်ကြီးလာလေ မှန်မှန် စစ်ဆေးသင့်လေပါပဲ။ အထူးသဖြင့် သွေးပေါင်ချိန်၊ သွေးတွင်းသကြားဓာတ်၊ အဆီဓာတ် စတာတွေကို မှန်မှန် စစ်ဆေးသင့်ပါတယ်။
Dr. Htar (www.drmyanmar.com)






























