ဆီးချိုရှိနေတဲ့အခါ
ဆီးချိုရှိလာတဲ့အခါ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လူနေမှုပုံစံရှိဖို့ လိုလာပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ တချို့အပြုအမူတွေက ဒုက္ခပေးလာတတ်ပါတယ်။ ဒါကြောင့် အောက်မှာပြောမယ့် အချက် (၉) ချက်ကို ပြုပြင်ဖို့ လိုလာပါတယ်။
ညဥ့်နက်မှာ စားတဲ့သရေစာတွေကစလို့ အစာမစားဘဲ ဝိတ်လျော့တာတွေက ဆီးချိုအမျိုးအစား ၂ ကို ထိန်းချုပ်ရ ခက်စေနိုင်ပါတယ်။ ဆီးချိုဖြစ်တဲ့အခါ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အပြုအမူတွေက ဆီးချိုကို ထိန်းချုပ်ရ လွယ်စေတဲ့အပြင် နောက်ဆက်တွဲတွေကိုလည်း လျော့နည်းစေနိုင်ပါတယ်။
၁။ ထမင်းနပ်ပြည့်အောင်မစားဘဲ ညဘက်ကျမှ အသားကုန်စားခြင်း
အလုပ်ရှုပ်တဲ့ လူအများစုဟာ မနက်စာစားဖို့ အချိန်မရ၊ နေ့လယ်စာစားချိန်ကျတော့လည်း အလုပ်ရှုပ်၊ ညနေ ၆ နာရီလောက်မှ အိမ်ပြန်ရောက်ချိန် နင်းကန်စားမိတော့တာပါပဲ။ ဒီတော့ သွေးအချိုဓာတ်တွေ ဆောင့်တက်ပြီး ဝိတ်တွေတက်လာတော့တာပေါ့။
ဒီလို ညနေစာကို အများကြီးစားတာမျိုးမလုပ်ဘဲ တစ်နေ့ကို ၃ နပ်မှန်မှန် စားပေးမယ်ဆိုရင် သွေးအချိုဓာတ်လည်း မှန်တဲ့အပြင် ကိုယ်အလေးချိန် မတက်အောင်လည်း ကာကွယ်ပေးနိုင်မှာပါ။ မနက်စာမစားခြင်းဟာ တစ်နေ့လုံး သွေးအချိုဓာတ်ကို သက်ရောက်မှုရှိပါတယ်။ မနက်စာမစားတဲ့ ဆီးချိုသမားတွေကို နေ့လယ်ပိုင်း စစ်ကြည့်တဲ့အခါ မနက်စာ စားသူတွေထက် ၃၇% ပိုတက်နေတာကို တွေ့ရပါတယ်။ ညနေပိုင်းအထိကို တက်နေတတ်ပါသေးတယ်။
၂။ ညဘက် တီဗီကြည့်နေစဉ် သရေစာစားခြင်း
ညဥ့်နက်ချိန်မှာ တီဗီကြည့်ရင်း သရေစာစားတဲ့အခါ ကိုယ် ကယ်လိုရီ ဘယ်လောက် စားလို့စားမိမှန်းမသိ စားမိတတ်ကြပါတယ်။ ညစာစားပြီး သရေစာစားတာဟာ အထူးသဖြင့် ကာဗိိုဟိုက်ဒရိတ်များတဲ့ ကွတ်ကီးတို့၊ အာလူးကြော်တို့ စားတာဟာ နောက်နေ့မနက်ပိုင်းမှာ သွေးအချိုဓာတ်ကို ဆောင့်တက်စေနိုင်ပါတယ်။
၃။ သွေးအချိုဓာတ်ကို မစစ်ဆေးခြင်း
ဆးီချိုသမားတွေဟာ သွေးအချိုဓာတ်ကို မှန်မှန်စစ်ဆေးကြည့်နေဖို့ လိုပါတယ်။ ဆီးချို ဘယ်လောက်ရှိနေတယ် ဆိုတာကိုသိမှ ဆရာဝန်နဲ့တိုင်ပင်ပြီး ကုသမှုကို အတိုးအလျော့ ပြုလုပ်နိုင်မှာပါ။
အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေ၊ အင်ဆူလင်ထိုးနေသူတွေ၊ သွေးအချိုဓာတ် ထိန်းရခက်သူတွေ၊ သွေးအချိုဓာတ် ကျတတ်သူတွေ၊ သွေးအချိုဓာတ်ကျတဲ့ လက္ခဏာမပြတတ်သူတွေနဲ့ သွေးအချိုဓာတ် တက်တာကြောင့် ကီတုန်းဓာတ်များနေသူတွေမှာ အချိုဓာတ် မှန်မှန်စစ်ဆေးခြင်းဟာ အကျိုးရှိပါတယ်။ တချို့ကျတော့လည်း မလိုအပ်ဘဲ စစ်ဆေးတာမျိုးတွေ ရှိတတ်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့ အရေးကြီးပါတယ်။
၄။ အရက် အများကြီးသောက်ခြင်းနဲ့ အစာမပါဘဲ အရက်သောက်ခြင်း
အမျိုးသမီးတွေအတွက်ဆို တစ်နေ့တစ်ခွက်၊ အမျိုးသားတွေအတွက်ဆို တစ်နေ့ ၂ ခွက်လောက်နှုန်းနဲ့ ပုံမှန်အရက်သောက်တာလောက်က ဘာမှမဖြစ်ပေမယ့် ဒီ့ထက်ပိုပြီး အလွန်အကျွံသောက်နေပြီ ဆိုရင်တော့ လူတိုင်းအတွက် ဆိုးကျိုးတေ ွများပါတယ်။ ဆီးချိုသမားတွေမှာဆို ပိုဆိုးပြီပေါ့။ အရက် အလွန်အကျွံသောက်ခြင်းကြောင့် ကိုယ်အလေးချိန်တက်ပြီး အသည်းကို အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ အသည်းဆိုတာ ခန္ဓာကိုယ်မှာ အချိုဓာတ်တွေ ထိန်းသိမ်းပေးရာနေရာပါပဲ။ သောက်ပြီး ၂၄ နာရီအတွင်းမှာလည်း သွေးအချိုဓာတ်ကို ကျသွားစေနိုင်ပါသေးတယ်။ သွေးအချိုဓာတ်ကျနေချိန်မှာ အစာမစားဘဲ ဗိုက်ဟောင်းလောင်းနဲ့ အရက် မသောက်သင့်ပါဘူး။ အစားနဲ့ တွဲသောက်ပေးတာက နည်းနည်း သက်သာပါသေးတယ်။ အရက်သောက်နေချိန်မှာ သွေးအချိုဓာတ် တက်၊ မတက်ကို သိဖို့ဆိုတာကလည်း မလွယ်ပြန်ပါဘူး။
၅။ ဆီးချိုသမားနဲ့ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာဟာ ကျန်းမာရေးအတွက် လုံးလုံးမကောင်းတဲ့ အပြုအမူတစ်ခုပါ။ အထူးသဖြင့် ဆီးချိုသမားတွေပေါ့။ နှလုံးရောဂါ ဖြစ်နိုင်ခြေများပြီးသား ဆီးချိုရှိသူတွေမှာ ဆေးလိပ်က နှစ်ဆ ပိုများစေတတ်ပါတယ်။ ဒါ့အပြင် သာမန်လူတွေထက် အင်ဆူလင််ထိုးတဲ့ပမာဏနဲ့ ဆီးချိုရောဂါကို ထိန်းချုပ်ရ ခက်ခဲတတ်ပါတယ်။ ခြေထောက်နဲ့ ခြေချောင်းတွေဆီကို သွေးသွားလာနှုန်းကိုလည်း နည်းစေနိုင်တာကြောင့် ပိုးဝင်တာ၊ အနာတွေဖြစ်တာနဲ့ နောက်ဆုံး ခြေထောက် ဖြတ်ရတာတွေအထိအပြင် မျက်လုံးရောဂါနဲ့ အာရုံကြောထိခိုက်တာတွေပါ ဖြစ်စေနိုင်ပါတယ်။
၆။ အစားလျှော့စားပြီး ဝိတ်လျှော့ခြင်း
အစားလျှော့ပြီး ကိုယ်အလေးချိန် ချတာဟာ မုန့်လုံးစက္ကူကပ် ဖြစ်တတ်ပြီး ဝိတ်ကျလိုက် နဂိုဝိတ် ပြန်ဖြစ်လိုက် ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါရှိသူတွေမှာ သွေးအချိုဓာတ်ကို ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ညီညွတ်မျှတတဲ့ အစားအသောက်ကို စားသုံးပေးဖို့ လိုအပ်ပါတယ်။ ဒါမှ ကျန်းမာရေးနဲ့လည်း ညီညွတ်၊ ကိုယ်အလေးချိန်လည်း ကျမှာပါ။
၇။ ကိုယ်လက်လှုပ်ရှားမှု ကောင်းကောင်းမရှိခြင်း
ဆီးချိုအမျိုးအစား ၂ ရှိနေသူတွေဟာ တစ်ပတ်ကို အနည်းဆုံး မိနစ် ၅၀ လောက် သာမန်ကနေ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းဖြင့် အင်ဆူလင် ကောင်းကောင်း အလုပ်လုပ်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ ဖြည်းဖြည်းပြေးတာ၊ အမြန်လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ရေကူးတာ၊ တင်းနစ်ဆော့တာ၊ လှေကားတက်တာ စသဖြင့် လှုပ်ရှားမှုတွေ ပြုလုပ်ပေးသင့်ပါတယ်။ အလေးမတာ၊ ဒိုက်ထိုးတာ၊ ထိုင်ထလုပ်တာ စသဖြင့် ကြွက်သား တည်ဆောက်တဲ့ လေ့ကျင့်ခန်းတွေကလည်း ခန္ဓာကိုယ်ထဲ အင်ဆူလင်ကို တုန့်ပြန်မှု မြန်ဆန်စေနိုင်တာကြောင့် ဆီးချိုကျစေနိုင်ပါတယ်။ အနည်းဆုံး ၁ ပတ်ကို ၂ ကြိမ်လောက်တော့ လုပ်ပေးပေါ့နော်။
၈။ နေ့ဘက်မှာ အထိုင်များခြင်း
အခုခေတ်မှာ အထိုင်များလာတာကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေ အရမ်းများလာပါတယ်။ ဆီးချိုအပါအဝင် အသက်အန္တရာယ် ထိခိုက်မှုတွေကလည်း များလာတာပေါ့။ တစ်နေ့မှ တစ်ကြိမ်လောက် လေ့ကျင့်ခန်း ပြုလုပ်ပေးလည်း မထူးပါဘူးတဲ့။ စားပွဲခုံပေါ်၊ ထိုင်ခုံပေါ် ထိုင်နေတာထက်စာရင် နေ့ခင်းဘက်မှာလည်း လမ်းလျှောက်ပေး၊ မတ်တပ်ရပ်ပေးသင့်ပါတယ်။
၉။ စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုတွေ တအားများလာတဲ့အခါ အရာရာတိုင်း မှားယွင်းလာတော့တာပါပဲ။ သွေးအချိုဓာတ်ပါ အပါအဝင်ပေါ့။ စိတ်ဖိစီးမှုကြောင့် ထွက်လာတဲ့ ဖိစီးမှုဟော်မုန်းတွေကြောင့် ဒီလိုသွေးအချိုဓာတ်တွေ ဆောင့်တက်လာတာပါ။ ဒါ့အပြင် စိတ်ဖိစီးမှုများနေတဲ့အချိန်မျိုးမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အာဟာရမျှတစွာ စားသုံးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း စတဲ့ အမူအကျင့်တွေပျောက်သွားပြီး ဆေးလိပ်သောက်၊ အရက်သောက်၊ အဆီများတဲ့ အစားအသောက်တွေကို စားသုံးမိပါတော့တယ်။ ဒါကြောင့် တရားထိုင်တာ၊ အသက်ပြင်းပြင်း ရှူသွင်းရှူရှိုက်တာ၊ သီချင်း ငြိမ့်ငြိမ့်ညောင်းညောင်းလေး နားထောင်တာ စသဖြင့် စိတ်ဖိစီးမှု ပြေလျော့တဲ့ နည်းလမ်းလေးတွေကို အလေ့အကျင့်ပြုလုပ်ဖို့ လိုပါတယ်နေ်ာ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























