/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆီးချိုသမားတွေမှာ-ထုံကျင်လာတဲ့အခါ

ဆီးချိုသမားတွေမှာ ထုံကျင်လာတဲ့အခါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဆီးချိုရောဂါ ရှိတဲ့လူတွေမှာ သွေးတွင်းသကြားဓာတ်ကို မထိန်းနိုင်လို့ တက်နေတာ ကြာလာရင် အာရုံကြောတွေ ထိခိုက်လာတတ်ပါတယ်။ ဆီးချိုရောဂါဖြစ်တာ ကြာလေလေ အာရုံကြောတွေ ထိခိုက်နိုင်တဲ့နှုန်းက များလာလေလေ ဖြစ်ပါတယ်။
ဆီးချိုသမား တော်တော်များများဟာ ဒီအာရုံကြော ထိခိုက်တာ စစဖြစ်ချင်းမှာတော့ လက္ခဏာ မပြတတ်ပါဘူး။ တချို့ကတော့ လက်ချောင်း၊ လက်မောင်း၊ ခြေထောက်၊ ခြေဖဝါးလေးတွေ နာတာ၊ ထုံကျင်တာမျိုးကို စပြီး ခံစားရတတ်ပါတယ်။ လူတွေက ဒီလိုဖြစ်တဲ့အချိန်မှာ အရေးကြီးမှန်းမသိဘဲ ဘာသိဘာသာထားလိုက်ကြတာမို့ ပိုဆိုးသွားတတ်ပါတယ်။ တချို့သောလူတွေမှာတော့ ရုတ်တရက် ဆိုးဆိုးရွားရွား ဖြစ်တတ်ပါတယ်။

>>  ဘာကြောင့် ဖြစ်ရတာလဲ?
သွေးထဲမှာ သကြားဓာတ်တွေ အမြဲတက်နေတဲ့အခါ အာရုံကြောကို အောက်ဆီဂျင်တွေ၊ အာဟာရတွေပေးနေတဲ့ သွေးကြောလေးတွေကို ကျဉ်းလာစေပါတယ်။ ဒီအခါမှာ အာရုံကြောသေးသေးလေးတွေဟာ တဖြည်းဖြည်း ထိခိုက်လာပြီး နောက်ဆုံးပျက်စီးသွားတဲ့ အထိ ဖြစ်နိုင်ပါတယ်။

>>  အမျိုးအစားတွေ -
●  ခြေဖျား၊ လက်ဖျားတွေက အာရုံကြောတွေ ထိတာ
အဖြစ်အများဆုံးဖြစ်ပြီး ခြေဖျား၊ လက်ဖျားတွေ၊ ခြေတွေ၊ လက်တွေမှာ နာတာ၊ ထုံတာ၊ ကျင်တာတွေ ဖြစ်တတ်ပါတယ်။

●  အဓိကကျတဲ့ အာရုံကြောတွေ ထိတာ
ခန္ဓာကိုယ်ရဲ့ အဓိကအစိတ်အပိုင်းတွေကို ထောက်ပံ့ပေးထားတဲ့ အာရုံကြောတွေကို ထိခိုက်တာမို့ ဝမ်းသွားတဲ့ အခါ ထိခိုက်တာ၊ ဆီးထိန်းရခက်တာတွေ၊ သွေးပေါင်ချိန် တက်တာ၊ ကျတာတွေ ဖြစ်နိုင်ပါတယ်။

●  အရင်းက အာရုံကြောတွေ ထိတာ
ပေါင်တွေ၊ တင်ပါးတွေ နာတာတွေ ဖြစ်ပြီး ခြေထောက်တွေ အားမရှိသလို ဖြစ်နိုင်ပါတယ်။

●  တစ်နေရာတည်းကို ထိတာ
ဒါကကျတော့ နေရာတစ်နေရာကို ထောက်ပံနေတဲ့ အာရုံကြောတစ်စုကို ထိတာဖြစ်ပါတယ်။ ဒါမျိုးက ရုတ်တရက် ထဖြစ်တတ်ပြီး မျက်နှာ၊ ကိုယ်လုံး၊ ခြေထောက်တွေမှာ နာတာမျိုး ခံစားရတတ်ပါတယ်။

>>  ရောဂါ ဘယ်လိုရှာပြီး ဘယ်လိုကုကြမလဲ?
ခန္ဓာကိုယ်ကို စစ်ဆေးတာမျိုးတွေ လုပ်ပါတယ်။ အရေးကြီးဆုံးက ခြေထောက်မှာ အနာတွေ၊ ထိခိုက်ဒဏ်ရာတွေ ရှိလားဆိုတာ ကြည့်ရပါမယ်။ ဘာလို့လဲဆိုတော့ အာရုံကြောကို ထိခိုက်ထားတဲ့အတွက် ခံစားမှုမရှိတော့တဲ့အခါ မသိတာမျိုး ဖြစ်နိုင်လို့ပါ။ နောက်ပြီးရင်တော့ တခြားအာရုံကြောကို စမ်းသပ်တဲ့စစ်ဆေးမှုတွေ လုပ်ပါလိမ့်မယ်။
ကုသတဲ့နေရာမှာ အဓိကကျတာကတော့ သွေးတွင်းသကြားဓာတ်ကို သေချာထိန်းသိမ်းဖို့ပါ။ သကြားဓာတ်ကို ပုံမှန်စစ်ဆေးနေဖို့လည်း လိုပါတယ်။ အစားအသောက် စားတဲ့နေရာမှာလည်း ဆီးချိုသမားတွေနဲ့ သင့်တော်တာပဲ စားဖို့လိုပါတယ်။ သွေးပေါင်ကိုလည်း ပုံမှန်တိုင်းနေဖို့ လိုပါတယ်။
ဆီးချိုကြောင့်ဖြစ်တဲ့ အာရုံကြောကို ထိခိုက်တဲ့ရောဂါကို ကုသတဲ့ဆေးတွေမှာ စိတ်ရောဂါကို ကုသတဲ့ဆေးတွေ၊ အတက်ရောဂါကို ကုသတဲ့ဆေးတွေ ပါပါတယ်။ အရမ်းနာကျင်ရင်တော့ အကိုက်အခဲပျောက်ဆေးတွေ ပေးပါလိမ့်မယ်။

Dr. Htar (www.drmyanmar.com)