ဆီးချိုသွေးချိုရောဂါရဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာများ
မိမိမှာ သွေးချိုရောဂါရှိနေပြီလို့သိရှိရချိန်မှာ သွေးတွင်းသကြားဓာတ်စစ်တာ၊ သင့်လျော်တဲ့ အစားအစာရွေးချယ် စားသုံးရတာ၊ ဆေးမှန်မှန်သောက်သုံးရတာတွေလုပ်ဖို့ လိုအပ်တဲ့အတွက် မိမိကိုယ်ကိုဂရုစိုက်ဖို့ကို အမှန်ပင် အားထုတ်ရတတ်ပါတယ်။ ဒါပေမယ့် အဲလိုဂရုစိုက်ပေးခြင်းဟာ မိမိကိုယ်ခန္ဓာမှာသွေးချိုရောဂါကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ အဓိကကျန်းမာရေးပြဿနာတွေကို တားဆီးပေးနိုင်တဲ့ အဓိကအချက်ပဲ ဖြစ်ပါတယ်။ သွေးချိုရောဂါ ကုသမှုခံယူနေထိုင်ခြင်းကို အလေးထားလုပ်ဆောင် တာနဲ့ အောက်ပါကျန်းမာရေးပြဿနာများဖြစ်ပေါ်လာမှုကို ကာကွယ်နိုင်၊ နှေးကွေးစေနိုင်မှာပါ။
(1) သွားဖုံးရောဂါနှင့် သွားပိုးစားခြင်း
သွေးချိုရောဂါဟာ ခံတွင်းအတွင်း ရောဂါပိုးများပိုမိုဝင်ရောက်လွယ်စေပြီး သွားဖုံးရောဂါများ၊ ပါးစပ်တွင်း မှိုရောဂါများ၊ အနာများဖြစ်ပွားစေနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်မထိန်းနိုင်ခြင်းဟာ သွားပိုးပေါက်တွေကိုလည်း ပိုမိုဖြစ်ပေါ်နိုင်စေပါတယ်။ 2015 ခုနှစ်မှာ လေ့လာချက်တွေအရ သွေးချိုရောဂါရှင်တွေဟာ ရောဂါမရှိသူများထက် သွားတွေနှစ်ဆပိုမိုဆုံးရှုံးနိုင်တယ်လို့ဆိုပါတယ်။ သွားတိုက်ခြင်း၊ သွားကြားသန့်ရှင်းရေးလုပ်ခြင်းနဲ့ ခံတွင်းသန့်ဆေးရည် အသုံးပြုခြင်းတို့ကို လုပ်ဆောင်သင့်ပါတယ်။ သွားဖုံးသွေးထွက်တာနဲ့ အခြားသွားဖုံးရောဂါလက္ခဏာများကို ဂရုပြုရပါမယ်။
(2) အမြင်အာရုံပြဿနာများ
သွေးချိုရောဂါဟာ ရေတိမ်၊ အတွင်းတိမ် စတဲ့မျက်စိရောဂါများကို ဖြစ်ပေါ်စေနိုင်တဲ့အပြင် Diabetic Retinopathy လို့ခေါ်တဲ့ သွေးချိုကြောင့် မြင်လွှာအတွင်းက သွေးကြောများပျက်စီးခြင်းကို ဖြစ်စေနိုင်ပါတယ်။ အဲဒီပြဿနာအားလုံးဟာ အမြင်အာရုံကိုထိခိုက်စေနိုင်ပြီးတော့ မျက်စိကွယ်သည်အထိဖြစ်ပေါ်နိုင်ပါတယ်။ ဒါ့ကြောင့် 6 လ (သို့) 1 နှစ် လျှင်တစ်ကြိမ် မျက်စိဆရာဝန်နဲ့မှန်မှန်ပြသဖို့လိုပါတယ်။
(3) အာရုံကြောများပျက်စီးခြင်း
သွေးချိုရောဂါရှင်အများစုဟာ အာရုံကြောများထိခိုက်ပျက်စီးလေ့ရှိပြီးတော့ လက်မောင်း၊ ခြေထောက်၊ လက်ဖဝါး၊ ခြေဖဝါးတွေမှာ အများဆုံးဖြစ်ပွားတတ်ပေမယ့် ခန္ဓာကိုယ်ရဲ့ဘယ်နေရာမှာမဆို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဆရာဝန်များကတော့ အဖျားပိုင်းအာရုံကြောများထိခိုက်ပျက်စီးခြင်းပြဿနာ (Peripheral Neuropathy) လို့ခေါ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ ထုံတာ၊ ကျဉ်တာ၊ အထိမခံနိုင်ဖြစ်တာ (သို့မဟုတ်) နာကျင်တာလည်းဖြစ်နိုင်ပါတယ်။ သွေးချိုကြောင့်ဖြစ်နိုင်တဲ့ နောက်အာရုံကြောပြဿနာတစ်ခုကတော့ အလိုအလျောက် တုံ့ပြန်လုပ်ဆောင် အာရုံကြောအဖွဲ့အစည်းပျက်စီးမှုပြဿနာ (Autonomic Neuropathy) ပဲဖြစ်ပြီးတော့ ဆီးသွားခြင်း၊ အစာချေဖျက်ခြင်း၊ လိင်မှုကိစ္စနဲ့ အခြားသောလုပ်ငန်းဆောင်တာများကို ထိခိုက်စေနိုင်ပါတယ်။ မိမိကိုယ်အလေးချိန်ရယ်၊ သွေးပေါင်ချိန်နဲ့ သွေးတွင်းသကြားဓာတ်များကို ထိန်းသိမ်းထားနိုင်လျှင် အဆိုပါပြဿနာများ ကြုံတွေ့နိုင်ခြေနည်းပါတယ်။
(4) ခြေထောက်တွင်ဖြစ်ပွားတတ်သည့် ပြဿနာများ
သွေးချိုရောဂါကြောင့် ခြေထောက်မှာရှိတဲ့အာရုံကြောများ ပျက်စီးသွားတဲ့အခါ ခြေထောက်မှာ ထိခိုက်ဒဏ်ရာ ရတာ၊ ပိုးဝင်ပြီးအနာဖြစ်တာတွေကို သတိပြုမိနိုင်ခြေနည်းသွားပါတယ်။ အဲဒီနေရာကို သွေးထောက်ပံ့မှုရရှိဖို့ကိုလည်း ပိုမိုခက်ခဲစေနိုင်တဲ့အတွက် နောက်ဆုံးမှာ ခြေချောင်း (သို့မဟုတ်) ခြေထောက်ဖြတ်ပစ်ရသည်အထိ ဖြစ်နိုင်ပါ တယ်။ ဆေးလိပ်ဖြတ်ခြင်းနဲ့ လေ့ကျင့်ခန်း လုပ်ဆောင်ခြင်းဟာ အဆိုပါပြဿနာများဖြစ်ပေါ်နိုင်ခြေကို လျော့နည်းစေပါ တယ်။ ခြေထောက်များကို နေ့စဉ်စစ်ဆေးကြည့်ရှုရန် နဲ့ ခြေထောက်သန့်ရှင်းရေးနဲ့အစိုဓာတ်ကို ဂရုစိုက်ထိန်းသိမ်းရန်၊ မချောင်လွန်းမကျပ်လွန်းသော ဖိနပ်ကိုဝတ်ဆင်ရန်တို့ လိုအပ်ပါတယ်။
(5) အရေပြားတွင်ဖြစ်ပွားတတ်သည့် ပြဿနာများ
သွေးချိုရောဂါကြောင့် အရေပြားယားယံခြင်း၊ အကြေးခွံကဲ့သို့အရေပြားအကွက်များဖြစ်ခြင်း တို့ ဖြစ်ပေါ်နိုင်ပါတယ်။ သွေးချိုရောဂါရဲ့ နောက်ဆက်တွဲ များဖြစ်တဲ့ သွေးထောက်ပံ့မှုနည်းတာနဲ့ အာရုံကြောပြဿနာများကလည်း အရေပြားအပေါ်ထိခိုက်စေမှုရှိပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်နဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းခြင်းက အရေပြားပြဿနာ များကိုလည်း လျော့နည်းစေပါတယ်။ ရောဂါပိုးဝင်ခြင်းကြောင့် အရေပြားတွင် အနာများ၊ အရည်ကြည်ဖုများ ဖြစ်ပေါ်လာပါက ပိုးသတ်ဆေးများ၊ အရေပြားလိမ်းဆေးများနဲ့ အခြားလိုအပ်တဲ့ဆေးဝါးများကို ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။
(6) အစာချေဖျက်မှု ပြဿနာများ
အစာချေစနစ်မှာ အူလမ်းကြောင်းတွင်း အစာရွေ့လျားမှုကို ထောက်ပံ့ကူညီတဲ့ အာရုံကြော (Vagus Nerve) ဟာ သွေးချိုကြောင့် ပျက်စီးတဲ့အခါမှာ အစာချေဖျက်မှုနှေးကွေးသွားပါတယ်။ ရင်ပူခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်ပွခြင်း၊ အစာစားပြီးနောက် ပြည့်အင့်ခြင်း၊ ခံတွင်းပျက်ခြင်း စတဲ့လက္ခဏာများခံစားရတတ် ပါတယ်။ သွေးချိုကိုထိန်းခြင်းက အဆိုပါပြဿနာများကို ကာကွယ်နိုင်ပါတယ်။ ပိုပြီးအဖြစ်များတာကတော့ အာရုံကြောပျက်စီးမှုဟာ အူလမ်းကြောင်းအပေါ်ထိခိုက်ပြီး ဝမ်းချုပ်တာ (သို့မဟုတ်) ဝမ်းလျှောတာကို ဖြစ်စေတာပဲဖြစ်ပါတယ်။ ကျန်းမာရေးနှင့် ညီညွတ်တဲ့အစားအစာပုံစံက ဝမ်းမှန်ဖို့ကူညီပေးနိုင်ပါတယ်။
(7) လေဖြတ်ခြင်း
ဆီးချိုရောဂါရှင်တွေမှာ လေဖြတ်တာပိုဖြစ်တတ်ကြပြီးတော့ ပုံမှန်ထက် အသက်ပိုငယ်ငယ်မှာဖြစ်တတ်ပါ တယ်။ လေဖြတ်တာဟာ ဦးနှောက်ကိုထောက်ပံ့နေတ့ဲ သွေးကြော တစ်ချောင်းချောင်းအားနည်းလို့၊ ဒဏ်ရာရလို့ (သို့မဟုတ်) သွေးကြောပိတ်သွားလို့ ဖြစ်ပေါ် တာပါ။ သွေးထောက်ပံ့မှုမရလျှင် ဦးနှောက်တစ်သျှူးများဟာ မိနစ်ပိုင်းအတွင်း ထာဝရပျက်စီးသွားတတ်ပါတယ်။ လေဖြတ်ခြင်းကိုကာကွယ်နိုင်ဖို့ အတွက် သွေးတွင်းသကြားဓာတ်၊ ကိုလက်စထရောအဆီဓာတ်နဲ့ သွေးပေါင်ချိန်ကို ပုံမှန်ထိန်းထားဖို့လိုပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းနဲ့ အရေးကြီးဆုံးကတော့ ဆေးလိပ်နဲ့ဆေးရွက်ကြီး ကိုရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။
(8) နှလုံးရောဂါ
သွေးချိုကြောင့်သွေးကြောများပျက်စီးတဲ့အတွက် နှလုံးဟာအလုပ်ပိုလုပ်ရပါတယ်။ သွေးချိုရောဂါရှင် အများစုဟာ ကိုယ်အလေးချိန်များသူ (သို့မဟုတ်) သွေးတိုးနဲ့သွေးတွင်းအဆီဓာတ်များသူများ ဖြစ်တတ်ကြ တာဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို ထပ်မံများပြားစေနိုင်ပြန်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်ခြင်း၊ သွေးပေါင်ချိန်နဲ့ သွေးတွင်းအဆီဓာတ်ကို ပုံမှန်ကြိုတင် စစ်ဆေးခြင်း၊ ဆေးလိပ်ကိုရှောင်ကြဉ်ခြင်း တို့ကို တိကျစွာလုပ်ဆောင်ရပါမယ်။
(9) ကျောက်ကပ်ရောဂါ
ကျောက်ကပ်တွင်းမှာဆီးသွားစဉ် ပါသွားမယ့်အညစ်အကြေးများကို စစ်ထုတ်ပေးမယ့် သွေးကြောမျှင်ငယ်များ ပါဝင်ပါတယ်။ သွေးတွင်းသကြားဓာတ်မြင့်မားခြင်းဟာ အဆိုပါစစ်ထုတ်တဲ့သွေးကြောများကို အလုပ်ပိုလုပ်ရစေ ပါတယ်။ ကြာလာတဲ့အခါမှာ ပြဿနာများဖြစ်ပေါ်လာပြီး ကျောက်ကပ်အလုပ်မလုပ်နိုင်တော့ပါဘူး။ သွေးချို နဲ့ သွေးတိုးကို ပုံမှန်ကုသထိန်းသိမ်းဖို့အရေးကြီးပါတယ်။ ကျောက်ကပ်အားနည်းတဲ့လက္ခဏာများ ပြသနေချိန်မှာ လည်း သွေးတွင်းသကြားဓာတ်ကိုထိန်းရမှာကတော့ မဖြစ်မနေလုပ်ဆောင်ရမှာပါ။
(10) လိင်မှုကိစ္စပြဿနာများ
သွေးချိုကြောင့် အာရုံကြောများနဲ့ သွေးကြောများပျက်စီးတဲ့အတွက် အမျိုးသားများတွင် လိင်တံမထောင်မတ်နိုင်ခြင်း၊ မတောင့်တင်းခြင်းဖြစ်ပေါ်နိုင်သကဲ့သို့ အမျိုးသမီးများတွင်လည်း လိင်ဆက်ဆံစဉ် နာကျင်ခြင်း၊ မသက်မသာဖြစ်ခြင်း၊ အာရုံခံစားမှုနည်းပါးခြင်းတို့ဖြစ်ပေါ်နိုင်ပါတယ်။ သွေးတွင်းသကြားဓာတ် ကိုသေချာထိန်းဖို့ လိုအပ်ပြီး လေ့ကျင့်ခန်း လုပ်ခြင်း၊ ကိုယ်အလေးချိန်လျှော့ချခြင်းနဲ့ ဆေးလိပ်ဖြတ်ခြင်းတို့ကလည်း ကူညီပေးနိုင်ပါတယ်။
(11) ရောဂါပိုးများဝင်ရောက်ခြင်း
သွေးချိုရောဂါရှိခြင်းဟာ ရောဂါပိုးများမကြာခဏဝင်ရောက်စေနိုင်တတ်ပြီး နောက်ဆက်တွဲပြဿနာများလည်း ပိုမိုကျန်ရှိတတ်ပါတယ်။ သွေးချိုဝေဒနာရှင်များမှာ သွားဖုံးရောင်ခြင်း၊ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း၊ အအေးမိတုပ်ကွေးမိခြင်း၊ အဆုတ်ရောင်နမိုးနီးယားဖြစ်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ မှိုရောဂါများဖြစ်ခြင်းနဲ့ အခြားရောဂါပိုးဝင်ရောက်ခြင်းများဖြစ်ပွားနိုင်ပါတယ်။ တုပ်ကွေးရောဂါနဲ့ အဆုပ်ရောင်ရောဂါအပါအဝင် အခြားကာကွယ်ဆေးများကိုလည်း အချိန်မှန်ထိုးထားဖို့လိုပါတယ်။
Dr. Thanda Lin (www.drmyanmar.com)