ဆီးချိုသွေးချိုရောဂါရှိမှန်း သိရတဲ့အခါ
ဆီးချိုသွေးချိုရောဂါရှိတယ်လို့ ရုတ်တရက် သိလိုက်ကြရရင် အနည်းနဲ့အများတော့ ထိတ်လန့်သွားကြမယ် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဆီးချိုသွေးချိုဆိုတာ နာတာရှည်ရောဂါဖြစ်တဲ့အပြင် နောင်ဆက်တွဲဆိုးကျိုးတွေလည်း အများကြီးဖြစ်နိုင်တာကိုး။ ဒါပေမဲ့ ဆီးချိုသွေးချိုရောဂါဆိုတာ သေချာထိန်းနိုင်ရင် ကြောက်ဖို့မလိုပါဘူး။
>> ဆီးချိုသွေးချိုရောဂါဆိုတာ ဘာလဲ?
ဆီးချိုသွေးချိုရောဂါဆိုတာ သွေးတွင်းသကြားဓာတ်များတာကို ခေါ်တာပါ။ ပုံမှန်ရှိရမယ့် သွေးတွင်းသကြားဓာတ်ဟာ ည ၁၀ နာရီနောက်ပိုင်း ဘာမှမစားဘဲ မနက် ၆ နာရီမှာ စစ်လိုက်ရင် 100 mg% အောက် ရှိရပါမယ်။ ဒါကို Fasting blood sugar (FBS) လို့ ခေါ်ပါတယ်။ အဲ့လိုမှမဟုတ်ဘဲ မနက်စစ်လိုက်လို့ 126mg% ထက် များနေရင်တော့ ဆီးချိုသွေးချိုရောဂါရှိတယ်လို့ သတ်မှတ်ပါတယ်။ သွေးထဲမှာ သကြားဓာတ်များတဲ့အတွက် ဆီးထဲမှာလည်း သကြားဓာတ် များလာတာဖြစ်တဲ့အတွက် ဆီးချိုခေါ်ခေါ် သွေးချိုခေါ်ခေါ် ဆီးချိုသွေးချိုခေါ်ခေါ် အတူတူပဲ ဖြစ်ပါတယ်။
Diabetone 1
ဆီးချိုသွေးချိုရောဂါကို -
1. အမျိုးအစား-၁ ဆီးချိုသွေးချိုရောဂါ
2. အမျိုးအစား-၂ ဆီးချိုသွေးချိုရောဂါ
3. ကိုယ်ဝန်ဆောင်ဆီးချိုသွေးချိုရောဂါဆိုပြီး အမျိုးအစား (၃)မျိုး ခွဲခြားထားပါတယ်။
သုံးမျိုးစလုံးကတော့ သွေးတွင်းသကြားဓာတ် များတယ်ဆိုပေမယ့် ဘာလို့များရတာလဲဆိုတော့ အကြောင်းရင်းကတော့ ကွာပါတယ်။ ဒီဆောင်းပါးမှာတော့ အဖြစ်များတဲ့ အမျိုးအစား-၂ ဆီးချိုသွေးချိုရောဂါ အကြောင်းကို ဆွေးနွေးပေးသွားမှာပါ။
ရောဂါအကြောင်းမပြောခင် လူ့ခန္ဓာကိုယ်ရဲ့ ပုံမှန်ဖြစ်စဉ်အကြောင်းကို အရင်ပြောချင်ပါတယ်။ လူ့ခန္ဓာကိုယ်အတွက် Glucose (ဂလူးဂို့စ်) လို့ခေါ်တဲ့ သကြားဓာတ် လိုအပ်ပါတယ်။ ဦးနှောက်နဲ့ ကြွက်သားတွေ အလုပ်လုပ်ရာမှာသုံးဖို့ စွမ်းအင်ကို Glucose (ဂလူးဂို့စ်) ကပဲ ရတာပါ။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ Glucose (ဂလူးဂို့စ်) ကို ကာဗွန်ဟိုက်ဒရိတ်ပါဝင်တဲ့ ဆန်၊ ဂျုံ ၊ ပြောင်း၊ အသီးအနှံ၊ ချိုတဲ့မုန့်အမျိုးမျိုးနဲ့ အချိုရည်တို့ကနေ ရရှိပါတယ်။ အစားအစာကရတဲ့ ကာဗွန်ဟိုက်ဒရိတ်ကို အစာချေဖျက်လိုက်တဲ့အခါ Glucose (ဂလူးဂို့စ်) ထွက်လာပါတယ်။
ထွက်လာတဲ့ Glucose (ဂလူးဂို့စ်) ဟာ သွေးထဲရောက်သွားလို့ သွေးထဲမှာ Glucose (ဂလူးဂို့စ်) ပမာဏ တက်လာတဲ့အခါ ပန်ကရိယကနေ အင်ဆူလင်ဆိုတဲ့ဟော်မုန်းကို ထုတ်ပေးပါတယ်။ အင်ဆူလင်ဟာ ဆဲလ်တွေ Glucose ကိုသုံးပြီး စွမ်းအင်ရအောင် ဆောင်ရွက်ပေးတဲ့အတွက် သွေးထဲမှာရှိတဲ့ Glucose တွေ အသုံးခံလိုက်ရလို့ ပြန်နည်းသွားပါတယ်။
အမျိုးအစား-၂ ဆီးချိုသွေးချိုရောဂါမှာဆိုရင် ဒီဖြစ်စဉ်မှာ ပြဿနာတက်နေတာပါ။ ပန်ကရိယက အင်ဆူလင်ကို မထုတ်နိုင်လို့ဖြစ်စေ၊ ဆဲလ်တွေက Glucose ကို ယူမသုံးနိုင်လို့ဖြစ်စေ၊ နှစ်မျိုးလုံးကြောင့်ဖြစ်စေ သွေးတွင်းသကြားဓာတ် တက်လာပါတယ်။ များလာတဲ့သကြားဓာတ်တွေဟာ အချိန်ကြာလာရင် အာရုံကြောတွေနဲ့ သွေးကြောတွေကို ပျက်စီးစေတာကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာရတာပါ။
ဘာကြောင့်ဖြစ်လဲဆိုတာကတော့ အချိုတွေ အရမ်းစားတာရယ်၊ ကိုယ်လက်လှုပ်ရှားမှု နည်းတာရယ်ကြောင့်ပါ။ ဒါ့အပြင် အသက်ကြီးလာခြင်း၊ အဝလွန်ခြင်း၊ သွေးတွင်းအဆီဓာတ်များခြင်း၊ မိသားစုမျိုးရိုးမှာ ဆီးချိုသွေးချိုရောဂါရှိခြင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
Diabetone 2
>> မိမိမှာ ဆီးချိုသွေးချိုရောဂါရှိပြီလို့သိရင် ဘာတွေလုပ်ကြမလဲ?
ဆီးချိုသွေးချိုရောဂါဆိုတာ ပျောက်ကင်းတယ်လို့ မရှိပါဘူး။ တစ်သက်လုံး မိမိနဲ့အတူတွဲရှိနေမယ့် နာတာရှည်ရောဂါတစ်ခုပါ။ ဒါပေမဲ့ သွေးတွင်းသကြားဓာတ်ကိုသာ ကောင်းကောင်းထိန်းနိုင်မယ်ဆိုရင် လူကောင်းပကတိလို သက်တမ်းစေ့နေထိုင်သွားနိုင်မှာပါ။ ဒါကြောင့် ဆီးချိုသွေးချိုရောဂါရှိပြီလို့ သိလိုက်ရရင် ရှော့ခ်မရသွားပါနဲ့။ ဆီးချိုသွေးချိုထိန်းနိုင်အောင် ကြိုးစားပါ။ လူတချို့ဟာ အစားအသောက်ဆင်ခြင်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတွေနဲ့ပဲ ဆီးချိုသွေးချိုရောဂါကို အချိန်တော်တော်ကြာအောင် ထိန်းနိုင်ကြပါတယ်။ တချို့မှာသာ ရောဂါရှိပြီလို့သိသိချင်း ဆီးချိုသွေးချိုကျဆေးတွေ သုံးစွဲဖို့လိုအပ်တာပါ။
လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းနဲ့ အစားအသောက်ဆင်ခြင်ခြင်းဟာ ဆီးချိုရောဂါရဲ့ကုသမှုမှာ အင်မတန်မှ အရေးပါအရာရောက်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ခန္ဓာကိုယ်က ဆဲလ်တွေ Glucoseကို ယူသုံးအောင် လှုံ့ဆော်ပေးခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်စေပါတယ်။ အစားအသောက်အနေနဲ့ကတော့ ကာဗွန်ဟိုက်ဒရိတ်ပါဝင်တဲ့ အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို တက်စေလို့ အလွန်အကြူး မစားသင့်ပါဘူး။
နောက်တစ်ခု လုပ်သင့်တာက သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်တာပါ။ သွေးတွင်းသကြားဓာတ်ကို မနက်စာမစားခင်တစ်ကြိမ်၊ နေ့လယ်စာစားပြီး (၂) နာရီအကြာမှာတစ်ကြိမ်၊ ညနေစာစားပြီး (၂) နာရီအကြာမှာတစ်ကြိမ် တစ်နေ့သုံးကြိမ် စစ်ပေးပြီး စာအုပ်မှာမှတ်ထားပါ။ ဒီလိုပုံမှန်စစ်မှသာ ဆီးချိုသွေးချို ထိန်းနိုင်၊ မထိန်းနိုင်ဆိုတာကို သိနိုင်ပြီး ဆရာဝန်တွေအနေနဲ့ ဆီးချိုကျဆေးပေးဖို့ လို၊ မလို ဆုံးဖြတ်လို့ရမှာပါ။
ဘယ်ရောဂါမဆို ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့အတိုင်း ဆီးချိုသွေးချိုမဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ပါ။
မိမိမှာ ကနဦးဆီးချိုသွေးချို ရှိ၊ မရှိကိုလည်း ဂရုစိုက်ပေးပါ။ ကနဦးဆီးချိုသွေးချိုဆိုတာ FBS ဟာ 100mg/dl နဲ့ 125mg/dl ကြားထဲမှာရှိတာကို ဆိုလိုတာပါ။ ကနဦးဆီးချိုသွေးချိုရှိတဲ့သူတွေရဲ့ သုံးပုံတစ်ပုံဟာ နောက် (၅) နှစ်နေရင် ဆီးချိုသွေးချိုရောဂါအဖြစ် ပြောင်းသွားတတ်တာကြောင့် ကနဦးဆီးချိုသွေးချိုရှိပြီဆိုတာ သိကတည်းက ဆရာဝန်နဲ့ တိုင်ပင်ပြီး သေချာကုသမှု ခံယူသင့်ပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)






























