ဆီးချိုသွေးချိုရှိရင် ဒါတွေဆောင်ပြီး ဒါတွေရှောင်
ဆီးချိုသွေးချိုကို ကုသရာမှာ အစားအသောက်၊ အနေအထိုင် ဆင်ခြင်တာကလည်း အင်မတန် အရေးပါ,ပါတယ်။ ဒါကြောင့် ဆီးချိုသွေးချိုရှိသူတွေအတွက် ဆောင်ရန်၊ ရှောင်ရန်လေးတွေကို ပြောပြပေးသွားပါမယ်နော်။
Diabetone 1

>> ဆောင်ရန်
၁။ ကစီဓာတ်ကို ဆင်ဆင်ခြင်ခြင်စားဖို့လိုပြီး အမျှင်ဓာတ် များများစားပေးပါ။
အချိုဓာတ်ညွှန်းကိန်းများတဲ့ ပေါင်မုန့်ဖြူ၊ ဆိုဒါ၊ အအေး၊ အာလူး စတာတွေကို ရှောင်ရှားသင့်ပါတယ်။ ဒီအစားအစာတွေဟာ သွေးတွင်းအချိုဓာတ်ကို အမြန်တက်စေနိုင်ပါတယ်။ ဒီအစားအစာတွေအစား အချိုဓာတ် အညွှန်းကိန်းနည်းတဲ့ ပေါင်မုန့်ကြမ်း၊ ဆန်လုံးညို၊ ပဲ၊ မုန်လာဥနီနဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို ပြောင်းစားပေးပါ။ ယေဘုယျအားဖြင့် အမျှင်ဓာတ်များလေလေ အချိုဓာတ်ကိန်းညွှန်းနည်းလေလေ ဖြစ်ပါတယ်။ အမျှင်ဓာတ်က အစာခြေစနစ်ကိုကောင်းစေပြီး ဗိုက်ပြည့်စေတာကြောင့် အစား အများကြီးမစားဖြစ်အောင် ထိန်းပေးနိုင်ပါတယ်။
၂။ စားတဲ့ပမာဏကို ထိန်းညှိပါ။
အထူးသဖြင့် စားသောက်ဆိုင်တွေမှာစားရင် ပိုသတိထားဖို့ လိုပါတယ်။
၃။ နေ့တိုင်း ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ပါ။
နေ့တိုင်း ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုပြုလုပ်ဖို့ အရေးကြီးပါတယ်။ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းက သွေးတွင်းအချိုဓာတ်ကို ထိန်းညှိပေးပြီး သောက်ရတဲ့ဆီးချိုသွေးချိုဆေးပမာဏကို လျှော့ချပေးနိုင်ပါတယ်။
Diabetone 2

>> ရှောင်ရန်
၁။ ဆေးလိပ်မသောက်ပါနဲ့။
ဆေးလိပ်သောက်သူတွေဟာ ဆေးလိပ်မသောက်သူတွေထက် ၃၀-၄၀ ရာခိုင်နှုန်းလောက် ပိုပြီးဆီးချိုသွေးချိုဖြစ်နိုင်ခြေ ပိုများပါတယ်။ ဆေးလိပ်ဖြတ်လိုက်တဲ့အခါ ဒီဖြစ်နိုင်ခြေရာခိုင်နှုန်း ကျဆင်းသွားပြီး ဆေးလိပ်မသောက်တဲ့အချိန် ပမာဏကြာလာလေလေ ပိုကျလာလေလေ ဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်တော့မယ်လို့ ဆုံးဖြတ်ပြီဆိုရင် ဆရာဝန်နဲ့ အကောင်းဆုံးနည်းလမ်းကို တိုင်ပင်ပါ။
၂။ ဆရာဝန်ကို မကြောက်ပါနဲ့။
ဆရာဝန်နဲ့မှန်မှန်ပြပြီး ဆေးကုသမှုခံယူခြင်းဖြင့် ကိုယ့်အခြေအနေကို အမြဲစောင့်ကြည့်နိုင်ပါတယ်။
၃။ မဖြစ်နိုင်ဘူးလို့ မတွေးပါနဲ့။
Gym သွားရမှာ မကြိုက်ဘူးဆိုရင် နေ့တိုင်း gym သွားနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒီအစား ကိုယ်က လမ်းလျှောက်ရတာ ကြိုက်နှစ်သက်တယ်ဆိုရင် လမ်းလျှောက်လို့ရပါတယ်။ ကိုယ်စွဲမြဲလုပ်နိုင်မယ့် နည်းလမ်းတစ်ခုခုကို ရှာဖွေပါ။ အချိုနဲ့ကစီဓာတ်ကို လျှော့စားရမယ်ဆိုရင်လည်း နှစ်ပေါင်း ၅၀-၆၀ လောက် ထမင်းကို အားပြုစားလာရတဲ့အခါ မလွယ်ကူနိုင်ပါဘူး။ ဒါကို အစားထိုး စားသုံးနိုင်ဖို့ အာဟာရဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)