ဆီးချိုသွေးချိုအာရုံကြောရောဂါရှိသူတွေအတွက် အစားအသောက် ဆောင်ရန်၊ ရှောင်ရန် (၅) ချက်
ဆီးချိုသွေးချိုရောဂါဟာ အာရုံကြောကို ထိခိုက်မှုအများဆုံးဖြစ်စေတဲ့ အကြောင်းရင်းတစ်ချက်မှာ ပါပါတယ်။ ဒီလိုထိတဲ့အခါ ခြေ၊လက်တွေမှာ ထုံတာ၊ ကျဉ်တာ၊ နာကျင်တာတွေ ခံစားရတတ်ပါတယ်။ ဆီးချိုသွေးချိုရှိသူ ၇၀% လောက်မှာ တွေ့ရတတ်ပြီး အစာခြေစနစ်အပါအဝင် တစ်ကိုယ်လုံးက အာရုံကြောတွေကို ထိခိုက်နိုင်ပါတယ်။ အစားအသောက်ဟာ ဒီဆီးချိုသွေးချိုအာရုံကြောရောဂါကို ကာကွယ်ဖို့ နည်းလမ်းတစ်လမ်းပါပဲ။
၁။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို သေချာစားပေးပါ။
ဆီးချိုသွေးချိုပမာဏကို ပုံမှန်ပမာဏအတွင်း ရောက်နေအောင် ထိန်းပေးခြင်းက အာရုံကြောမထိအောင် ကာကွယ်နိုင်တဲ့ ထိရောက်တဲ့နည်းတစ်ခုပါ။ အချိုနဲ့အဆီကို တတ်နိုင်သလောက် ရှောင်ရှားတာ၊ နည်းနည်းနဲ့ မကြာမကြာစားပေးတာ၊ ကစီဓာတ်ပမာဏကို တွက်ချက်စားတာ၊ အသီးအရွက်နဲ့ ဆန်လုံးညို၊ ဂျုံကြမ်း စတာတွေကို များများစားပေးတာမျိုး လုပ်ပေးပါ။
Ultra B 1

၂။ အစာမလွန်ပါစေနဲ့။
ပုံမှန်ဆိုရင် အချိုဓာတ်ကျတဲ့အခါ ရင်တုန်လာတာ၊ ချွေးစေးတွေ ပြန်လာတာမျိုး ဖြစ်တတ်ပေမယ့် ဆီးချိုသွေးချိုကြောင့် အာရုံကြောထိတဲ့အခါ အစာခြေစနစ်ကိုပါထိတာမို့ ဒီလိုလက္ခဏာတွေပေါ်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ဆီးချိုသွေးချိုမကျအောင် ကာကွယ်ဖို့ နည်းနည်းနဲ့ မကြာမကြာစားပေးပြီး အစာလွန်တာမျိုး မဖြစ်ပါစေနဲ့။ ဆီးချိုသွေးချိုလည်း မကြာမကြာစစ်ကြည့်ပါ။ မကြာခဏ ဆီးချိုသွေးချိုကျနေရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
၃။ ဆရာဝန်ကို ဗီတာမင်B12 နဲ့ ပတ်သက်ပြီး တိုင်ပင်ပါ။
ဗီတာမင် B12 ချို့တဲ့ခြင်းဟာ အာရုံကြောပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။ ဗီတာမင် B12 ချို့တဲ့ခြင်းကြောင့်လည်း ခြေလက် ထုံတာ၊ ကျဉ်တာ၊ နာကျင်တာတွေ ဖြစ်နိုင်ပါတယ်။ ဗီတာမင် B12 ကို အသား၊ ငါး၊ နို့နဲ့နို့ထွက်ပစ္စည်းတွေနဲ့ ဥအမျိုးမျိုးကနေ ရရှိနိုင်ပြီး ဘီတွဲချို့တဲ့နေတယ်ဆိုရင်တော့ အားဆေးပါ သောက်ဖို့ လိုနိုင်ပါတယ်။
Ultra B 2

၄။ အရက် အများကြီး မသောက်ပါနဲ့။
အရက်ဟာ အာရုံကြောတွေအတွက် အဆိပ်အတောက်ဖြစ်ပြီးတော့ အရက်အလွန်အကျွံသောက်ခြင်းဟာ ဗီတာမင် B12 ပမာဏကိုပါ ကျစေနိုင်တာကြောင့် အာရုံကြောလက္ခဏာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါ့အပြင် အာဟာရတန်ဖိုး 'ဝ' ဖြစ်တဲ့ ကယ်လိုရီတစ်မျိုးဖြစ်တာမို့ သွေးအချိုဓာတ်ကိုလည်း ကမောက်ကမဖြစ်စေပါတယ်။ ဗိုက်ထဲ အစာမရှိဘဲ သောက်မိရင် သွေးအချိုဓာတ်ကို ကျစေပါတယ်။ အထူးသဖြင့် အင်ဆူလင် ထိုးနေရသူတွေမှာပါ။ ဒါကြောင့် သောက်မယ်ဆိုရင် သင့်တင့်သလောက်သာ သောက်ပြီး အစာတစ်ခုခုနဲ့ တွဲသောက်ပါ။
၅။ ပြုပြင်ထားတဲ့ နှံဂျုံစပါးတွေကို မစားပါနဲ့။
ဆန်ဖြူ၊ ပေါင်မုန့်ဖြူ စသဖြင့် ပြုပြင်ထားတဲ့ နှံဂျုံစပါးတွေမှာ အပေါ်ယံလွှာကို ဖယ်ရှားထားတဲ့အတွက် အရေးပါတဲ့ ဗီတာမင်ဘီတွေ၊ အမျှင်ဓာတ်တွေနဲ့ အာဟာရတွေ ပါသွားပါတယ်။ ဒီလို ပြုပြင်ထားတဲ့နှံဂျုံစပါးတွေဟာ သွေးတွင်းအချိုဓာတ်ကို ကမောက်ကမဖြစ်စေနိုင်လို့ ဆီးချိုသွေးချိုအာရုံကြောရောဂါအတွက် ဆိုးပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ဆန်လုံးညို၊ ပေါင်မုန့်ကြမ်း စတာတွေကို ရွေးချယ်စားပေးပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























