ဆီးချို ရှိရင် ထမင်းစားလို့ဖြစ်ပါ့မလား
" ထမင်းကိုမစားတာ ဆရာမ.. ထမင်းစားရင် ဆီးချိုတက်မလား မသိ"
ဆီးချိုရှိတော့ ထမင်းမစားရဘူးလား။ မြန်မာတွေစားနေကျထမင်းမှာ ဘာပြသနာရှိပါလိမ့်။
အခုဆန်တွေက ဆန်ကိုဖြုအောင်ဖွပ်ထားသောဆန်တွေ။ ပေါင်းအိုးတွေအသုံးများလာတော့ ပေါင်းအိုးနှင့်ချက်သော ထမင်းကဖွေးကော့နူးညံ့ပြီးအဆီအနှစ်ပြည့်ဝနေသည်။
စားနေကြ ဖွေးကော့နေသော ဆန်တွင် ကာဗွန်ဟိုကိဒရိတ်မြင့်မားစွာပါဝင်ပြီး နောက်ဆုံး ဂလူးကို့စ်ပဲဖြစ်သွားမယ့် အစာပါ။ ဒီတော့ဆီးချိုအားပေးအစာလို့ဆိုလို့ရတယ်။ ဆန်ကိုနည်းနိုင်သမျှ နည်းနည်းစားတာဟာ ဆီးချိုကာကွယ်ဖို့ရော ဝိတ်ကျဖို့ရော အဓိက သော့ချက်ပါပဲ။
အင်္ဂလန်က သုတေသီတွေပြောကြားချက်အရ ထမင်းများများစားလေ အမျိုးအစား ( ၂ ) ဆီးချိုဖြစ်ဖို့ အခွင့်အရေး များလေပါပဲတဲ့။ ဒီတော့ ဆီးချို ဖြစ်ကာစလူနာတွေ ဆီးချို ထိန်းရခက်နေတဲ့ လူနာတွေမှာ ထမင်းအများကြီးစားသင့်မစားသင့် ဆင်ခြင်မိလောက်ပါပြီ။
ဒါဆို ဘယ်လိုစားရမလဲ.. ထမင်းပန်းကန်ရဲ့လေးပုံတပုံခန့်ပဲ ထမင်းဖြူ စားသင့်ပါသတဲ့။
- အသားငါး ၂၅ ရာခိုင်နှုန်း
- အသီးအရွက် က ၅၀ ရာခိုင်နှုန်း
- ထမင်း ၂၅ ရာခိုင်နှုန်းပဲ စားရမှာဖြစ်ပါတယ်။
တစ်နေ့တာမှာ ထမင်းရဲ့ အချိုးအစားနည်းနိုင်သမျှနည်းလေကောင်းလေပါပဲ။
စာရေးသူရဲ့ မိခင်ကိုယ်တိုင် ထမင်းကိုလျှော့ပစ်ပီး အသားငါးနဲ့ အသီးအရွက် ချည်း လေးလစားသုံးပြီး ဆီးချိုဖြစ်လုဆဲအခြေအနေလို့ခေါ်တဲ့ Prediabetes ကို ကျော်လွှားနိုင်ခဲ့ပြီး အခုဆိုရင်လုံးဝကျန်းမာနေခဲ့ပါတယ်။ ဝိတ်တွေတောင်ကျ လူလည်းပေါ့ပါးသွားပါသတဲ့။ ဘာဆေးမှ မလိုသေးဘဲ ထမင်းလျှော့ အစားအသောက်ပုံစံ ပြု ပြင်လိုက်ရုံနဲ့ ဖြစ်ကာစ ဆီးချိုကိုကုသနိုင်သွားတာဖြစ်ပါတယ်။
ဒီတော့ မြန်မာတွေရဲ့ ပင်မအစားအစာထမင်းဟာ ဆီးချိုသမားတွေအတွက် ရှောင်လေလျှော့လေ ကောင်းလေ ဆိုတဲ့ အမျိုးအစားဖြစ်ပါတယ်။
ဘာထမင်းတွေက ဆီးချို ရောဂါရှင်တွေအတွက်အကောင်းဆုံးလဲ..
ဘတ်စမာတီလို့ခေါ်တဲ့ ရှည်မျောမျောဆန်( ဒံပေါင်ဆန် ) ဖြစ်ပါတယ်။ အမျှင်ဓာတ်နဲ့ ဗိုက်တာမင်ဓာတ်တွေပေါကြွယ်နေတဲ့အပြင် GI လို့ခေါ်တဲ့ အချိုဓာတ်ညွန်းကိန်းအနည်းဆုံးမို့ အသင့်တော်ဆုံး ပါလို့ ပညာရှင်များက ဆိုထားပါတယ်။
ဒီတော့ ကာဗွန်ဟိုက်ဒရိတ်အစားအစာဖြစ်တဲ့ ထမင်းကိုလုံးဝရှောင်ရမယ်လို့မဆိုလိုပါဘူး။ သင့်တော်တဲ့ ထမင်း အချိုးအစားကို ချင့်ချိန်စားသောက်ခြင်းဖြင့် ကျန်းမာတဲ့ နေထိုင်စားသောက်ပုံစံကို ထိန်းသိမ်းထားနိုင်ပါကြောင်း အကြံပြုလိုက်ရပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
(Unicode)





























