/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆီးပူညောင်းကျရောဂါ-ကြောက်စရာလား

ဆီးပူညောင်းကျရောဂါ ကြောက်စရာလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဆီးပူညောင်းကျရောဂါဟာ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး တစ်ကျော့ပြန် ခေါင်းထောင်လာနိုင်ဖွယ် ရှိနေပါတယ်။ တစ်နှစ်ကို အသစ်အသစ်သော ရောဂါရှင်ပေါင်း နှစ်သောင်းခွဲခန့် တွေ့ရှိနေရပါသတဲ့။

          ရိုးရှင်းတဲ့ ကာကွယ်နည်းဖြစ်တဲ့ လိင်ဆက်ဆံတိုင်း ကွန်ဒုံး အကာအကွယ်သုံးတာဟာ အလုံးစုံ မကာကွယ်နိုင်တောင် တစ်စိတ်တစ်ပိုင်း အကျိုးရှိပါတယ်။

 

>>    ဆီးပူညောင်းကျဖြစ်ရင် ဘာတွေဖြစ်မှာလဲ?

●        လိင်အဂါၤ ယားမယ်။

●        ရောင်မယ်။

●        အရည်တွေ ဆင်းမယ်။

          အမျိုးသမီးတွေပဲဖြစ်ဖြစ်၊ အမျိုးသားတွေပဲဖြစ်ဖြစ် လိင်အဂါၤကနေ မကောင်းတဲ့ပျစ်ချွဲတဲ့ အရည်ဆင်းတာဟာ မနက်စောစောမှာ ပိုသိသာပါတယ်။

          ဆီးပူညောင်းကျရောဂါဟာ ဂနိုဘက်တီးရီးယားပိုးကြောင့် ဖြစ်တာပါ။ ဆီးသွားစဉ် အလွန်နာကျင်နိုင်တဲ့အပြင် ထွက်လာတဲ့အရည်ကလည်း ဝါကျင့်ကျင့် ဖြစ်ပါတယ်။

          ယားတယ်၊ နာတယ်၊ နေရခက်မယ်။ လိင်အဂါၤတစ်ခုတည်းဖြစ်တာ မဟုတ်ပါဘူး။ စအိုဝန်းကျင် ပါးစပ်နဲ့ လည်ချောင်းမှာလည်း ဖြစ်တတ်ပါတယ်။

          ဆီးပူညောင်းကျရောဂါရဲ့ ကြောက်စရာအကောင်းဆုံး နောက်ဆက်တွဲကတော့ အမျိုးသမီးတွေမှာ သားဥပြွန်တွေ၊ အမျိုသားတွေရဲ့ သုတ်လွှတ်ပြွန်တွေကို ရောဂါပြန့်ပွားကူးစက်တဲ့အခါ နောက်ဆုံး တစ်သက်လုံး ကလေးမရနိုင်တော့တဲ့အထိ မြုံသွားတတ်တာ ဖြစ်ပါတယ်။

          မိခင်မှာ ဆီးပူညောင်းကျရှိတဲ့အခါ မွေးလာတဲ့ ရင်သွေးငယ်မှာ မျက်စိ ရောင်ကိုင်းတတ်ပါတယ်။

          နောက်ပြဿနာက ကုသဆေးဝါးတွေ ယဉ်ပါးနေတာပါ။ ဂနိုပိုးဟာ နှစ်ကာလကြာမြင့်စွာ ဆေးဝါးပေါင်းစုံနဲ့ နှိမ်နင်းတာကို ခံရအပြီး ဆေးယဉ်ပါး ဆေးမတိုးတဲ့ ကြောက်စရာအကောင်တွေ ဖြစ်လာတာတွေ ရှိနေပါတယ်။

          ဒါ့အပြင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါသည်တွေမှာ ဆီးပူညောင်းကျရောဂါဖြစ်တဲ့အခါ ကုသရ ပိုမိုခက်ခဲလာပါတယ်။

          နောက်ပြီး နေရာမရွေး၊ အချိန်မရွေး၊ လိင်ဆက်ဆံဖော်မရွေး ဖြစ်တတ်တာကြောင့် မတော်လို့ ကူးစက်ခံရရင်တောင် သေချာပြသကုသဖို့ အကြံပြုပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)