ဆီးမကြာခဏသွားစေသော အစားအသောက်များ
ဆီးမထိန်းနိုင်ခြင်းဟာ အမျိုးသမီးအတော်များများ ခံစားရလေ့ရှိတဲ့ေ၀ဒနာတမျိုးဖြစ်ပါတယ်။ ဆီးမထိန်းနိုင်ရခြင်းရဲ့ အခြေခံအကြောင်းရင်းများစွာရှိတဲ့အနက်မှ ဆီးမထိန်းနိုင်ခြင်းကို ဖြစ်စေတဲ့ အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။
အရည်ပမာဏ (များလွန်းခြင်း၊ နည်းလွန်းခြင်း)
တနေ့တာ သောက်သုံးတဲ့ အရည်ပမာဏက ဆီးသွားတဲ့အပေါ်မှာ သက်ရောက်မှုှရှိပါတယ်။ အချိန်တိုအတွင်းမှာ အရည်ပမာဏများများသောက်သုံးခြင်းက ဆီးခဏခဏသွားချင်စိတ်ကို ဖြစ်စေပါတယ်။ ဒါပေမဲ့ ရေသောက်နည်းပါကလည်း ခန္ဓာကိုယ် အတွင်းရှိ စွန့်ပယ်မှုပစ္စည်းများစုပုံလာနိုင်တာကြောင့် ဆီးရဲ့ပြင်းအားကို မြင့်တက်စေကာ ဆီးအိမ်လှုံ့ဆော်ခြင်းဖြင့် ဆီးခဏခဏ သွားစေပါတယ်။ ပြင်းအားမြင့်တဲ့ ဆီးရဲ့ အရောင်ဟာ အဝါရင့်ရောင်ရှိပြီး၊ အနံ့ပြင်းထန်တာကြောင့် ဆီးအရောင်ရင့်နေပါက ရေများများသောက်ဖို့ လိုအပ်ပါတယ်။
အရက်၊ ဘီယာ
ဆီးသွားခြင်းနှင့်ပတ်သက်လို့ ပြဿနာရှိသူတိုင်း အရက်သောက်သုံးတဲ့ပမာဏကို သုံးသပ်သင့်ပါတယ်။ ဘီယာ၊ ၀ိုင်နှင့် အရက်ပါ၀င်တဲ့ အခြားသောအဖျော်ယမကာတွေက ဆီးရွှင်စေတဲ့အပြင် ဦးနှောက်မှ ဆီးအိမ်ဆီသို့ပေးပို့တဲ့ ဆီးသွားချိန်နှင့် ပတ်သက်တဲ့သတင်းပေးပို့ချက်တွေကို လွဲမှားစေတာကြောင့် ဆီးခဏခဏသွားတာဖြစ်ပါတယ်။
ကဖင်းဓာတ်ပါ၀င်သော အရည်များ
ကဖင်းဓာတ်က ဆီးအိမ်ကို လှုံဆော်တာကြောင့် ဆီးရွှင်စေရုံသာမက ဆီးမထိန်းနိုင်ခြင်းကိုပါဖြစ်စေ ပါတယ်။ ဒါ့အပြင် ဆီးအိမ်ရောင်ရမ်းခြင်းကိုဖြစ်စေတာကြောင့် ဆီးသွားလိုစိတ်ကို ပြင်းပြစေ တာမျိုး ဖြစ်နိုင်ပါတယ်။ ဆီးမထိန်းနိုင်တဲ့ လက္ခဏာတွေ သက်သာလာတဲ့အထိ ကဖင်းဓာတ်ကိုဖြတ်ပါ။ လက္ခဏာသက်သာလာပါက ကဖင်းဓာတ်ပါ၀င်တဲ့ အစားအစာတွေကို နည်းနည်းချင်းစီ စားသုံးပေးခြင်းဖြင့် ကဖင်းဓာတ်ပမာဏဘယ်လောက်က ဆီးပြဿနာတွေဖြစ်စေလဲဆိုတာကို သုံးသပ်ပါ။
အက်စစ်ဂုဏ်သတ္တိရှိသော သစ်သီးများ
လူကြိုက်များတဲ့ နာနတ်သီး၊ လိမေ္မာ်သီး၊ သံပရာသီး၊ ရှောက်သီး၊ ခရမ်းချဉ်သီးစတဲ့ အသီးတွေဟာ ဗီတာမင် C ဓာတ် ကြွယ်၀ပေမယ့် ဆီးမထိန်းနိုင်တဲ့လူတွေအတွက်ကတော့ ပြဿနာတခုဖြစ်ပါတယ်။ အက်စစ်ဓာတ်ကြွယ်၀တဲ့အစားအစာတွေရှိ ဆီးအိမ်ရှိအာရုံကြောတွေကို လှုံ့ဆော်တာကြောင့် ဆီးမထိန်းနိုင်တဲ့ လက္ခဏာတွေကို ပိုဆိုးစေပါတယ်။
စပ်သော အစားအစာများ
ဆီးမထိန်းနိုင်သူတွေအနေဖြင့် ပူစပ်ပူလောင်အရသာရှိတဲ့ ငရုတ်သီး၊ ဝါဆာဘီ စတာတွေကို ရှောင်ရှား သင့်ပါတယ်။
အမြှုပ် တစီစီထနေသော အဖျော်ယမကာများ
အချိုရည်တွေ၊ အားဖြည့်အချိုရည်တွေက သောက်လို့ကောင်းပေမယ့် သောက်ပြီးရင် ဆီးမထိန်းနိုင် တာတော့အမှန်ပါဘဲ။ အထူးသဖြင့် အယ်ကိုဟောပါ၀င်ပြီး အမြှုပ်တစီစီထနေတဲ့ ရှန်ပိန်လိုအဖျော်ယမကာတွေက ပိုဆိုးပါတယ်။
ပြုပြင်ထားသော အစားအစာများ
တာရှည်ခံအောင် ပြုလုပ်ရာတွင် အသုံပြုသော အရာများ၊ အရသာတု၊ MSG ဟုခေါ်သော အချိုမှုန့်စတာတွေက ဆီးအိမ်ကို မသက်မသာဖြစ်စေပါတယ်။
Dr. Htet Htet Aung






























