/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆီးမထိန်းနိုင်တဲ့ပြဿနာကို-ဖြေရှင်းကြဖို့

ဆီးမထိန်းနိုင်တဲ့ပြဿနာကို ဖြေရှင်းကြဖို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဆီးထိန်းမရတဲ့ပြဿနာဟာလည်း ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ ကံကောင်းထောက်မစွာနဲ့ ရိုးရိုးရှင်းရှင်း ဖြေရှင်းလို့ရတဲ့နည်းလမ်းလေးတွေ ရှိနေပါတယ်။
လူနေမှုပုံစံ ပြောင်းလဲတာ၊ အပြုအမူအကျင့်တွေ ပြောင်းလဲတာစတဲ့ နည်းလမ်းတွေဟာ လွယ်ကူစိတ်ချရပြီး ကုန်ကျစရိတ်လည်း အင်မတန်နည်းပါတယ်။ သောက်ဆေးတွေ၊ ခွဲစိတ်နည်းတွေနဲ့ မကုသခင်မှာ ဒီနည်းလမ်းလေးတွေကို အရင်အသုံးပြုသင့်ပါတယ်။

၁။  အစားအသောက်ကို ဦးစားပေး သတိထားပါ။
ကိုယ့်ရဲ့ဆီးသွားတဲ့အလေ့အကျင့်ဟာ ကိုယ်သောက်တဲ့ အရည်ပမာဏအပေါ်အပြင် ကိုယ်စားတဲ့ အစားအသောက်တွေပေါ်ပါ မူတည်နေပါတယ်။

>>  အရည်သောက်တာများခြင်း
အရည်များများ သောက်တဲ့အခါ ဆီးခဏခဏသွားတာ သဘာဝပါပဲ။ အရည်အများကြီးကို အမြန်သောက်မိတဲ့အခါ ဆီးအိမ်ကို သွားဆွသလိုဖြစ်ပြီး ဆီး အရမ်းသွားချင်လာတတ်ပါတယ်။ အပြင်မှာ အလုပ်လုပ်ရလို့ဖြစ်‌‌စေ၊ လေ့ကျင့်ခန်းတွေ အရမ်းလုပ်လို့ဖြစ်စေ ရေများများသောက်ဖို့ လိုလာပြီဆိုရင်တောင် ချက်ချင်းကြီး အများကြီး မသောက်လိုက်ပါနဲ့။ တစ်နေကုန် နည်းနည်းနည်းနည်းစီ သောက်ပေးပါ။ အစာစားတိုင်း ၁၆ အောင်စ (၄၇၃ မီလီလီတာ) စီ၊ ထမင်းစားချိန်တစ်ချိန်နဲ့ကြားမှာဆိုရင် ၈ အောင်စ (၂၃၇ မီလီလီတာ) စီ သောက်ပေးပါ။

ညဘက်မှာ ဆီးသွားဖို့ မကြာမကြာထရတယ်ဆိုရင် -
●  ညဘက်ထက်စာရင် မနက်ခင်းနဲ့ နေ့လယ်ပိုင်းမှာ ရေများများ ပိုသောက်ပေးပါ။
●  ဆီးအသွားများစေတဲ့ အရက်နဲ့ ကဖိန်းပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ စတဲ့သောက်စရာများကို ရှောင်ပေးပါ။
●  အရည်ဆိုတာ သောက်စရာအပြင် စွပ်ပြုတ်လိုမျိုး စားစရာတွေကနေလည်း ရနိုင်ပါတယ်။

>>  အရည်သောက်တာနည်းခြင်း
အရည်သောက်တာနည်းရင်လည်း ဆီးထဲမှာ ခန္ဓာကိုယ်အညစ်အကြေးတွေ စုပုံလာပါတယ်။ ဒီလိုအညစ်အကြေးတွေ စုပုံနေတဲ့ဆီးဟာ အရောင်ရင့်ပြီး အနံ့လည်း ပြင်းပါတယ်။ ဒီလိုပျစ်နေတဲ့ဆီးကလည်း ဆီးအိမ်ကို သွားသွားဆွတတ်လို့ ဆီးသွားချင်လာရင် ထိန်းမရဘဲ ခဏခဏ သွားချင်နေတတ်ပါတယ်။

ဆီးအိမ်ကို ဆွတဲ့အစားအသောက်များ
တချို့အစားအသောက်တွေက ဆီးအိမ်ကို ဆွတတ်ပါတယ်။
●  ကော်ဖီ၊ လက်ဖက်ရည်၊ ကာဗွန်ပါတဲ့ဖျော်ရည်တွေ
●  အရက်
●  လိမ္မော်သီးဖျော်ရည်၊ ဂရိတ်ဖရုသီးဖျော်ရည်၊ လီမွန်သီးဖျော်ရည်၊ သံပရာဖျော်ရည်စတဲ့ အက်ဆစ်များတဲ့ အသီးဖျော်ရည်တွေ
●  အစပ်တွေ
●  ခရမ်းချဉ်သီးပါတဲ့ အစားအသောက်တွေ
●  ကာဗွန်ပါတဲ့ဖျော်ရည်တွေ
●  ချော့ကလက် စတာတွေပေါ့။
ဒီအစားအသောက်တွေကို တစ်ပတ်လောက် ရှောင်ကြည့်ပြီး ရောဂါလက္ခဏာတွေ သက်သာ၊ မသာ စောင့်ကြည့်ပါ။ နောက် တဖြည်းဖြည်းချင်း တစ်ရက်၊ နှစ်ရက်တစ်ခါ တစ်မျိုးချင်းစီ ပြန်ပြန်ထည့်စား‌ပေးပါ။ ဒီလိုပြန်ထည့်စားတဲ့အခါ ဆီးသွားချင်စိတ်၊ ဆီးသွားတဲ့အကြိမ်အရေအတွက်၊ ဆီးထွက် ကျ၊ မကျကို စောင့်ကြည့်ပါ။
ကိုယ်ကြိုက်တဲ့အစားအသောက်တွေကို လုံးလုံးကြီး ရှောင်လိုက်စရာ မလိုပါဘူး။ လျှော့စားလိုက်ရင်ကို ဖြစ်ပါတယ်။

၂။  ဆီးအိမ်ကို လေ့ကျင့်ပေးပါ။
ဆီးအိမ် အရမ်းအလုပ်လုပ်နေတာ ကြာလာ‌‌တော့ မကြာမကြာ ဆီးသွားနေရတာ၊ နည်းနည်းပေါက်ချင်ရုံနဲ့ ပေါက်နေတာကို အကျင့်ပါနေတတ်ပါတယ်။ တစ်ခါတလေ မပေါက်ချင်သေးဘဲနဲ့တောင် ထွက်ကျမှာစိုးလို့ ကြိုသွားထားတာမျိုး လုပ်တတ်ကြပါတယ်။ ကြာလာတဲ့အခါ ဆီးအိမ်က မပြည့်သေးဘဲလည်း ပြည့်နေတဲ့ အချက်ပေးချက်တွေ ဦ‌းနှောက်ကိုထုတ်လွှတ်ပြီး မကြာမကြာ ဆီးသွားချင်နေတော့တာပါပဲ။
ဆီးအိမ်ကို ပြန်လည်လေ့ကျင့်ပေးတယ်ဆိုတာ ကိုယ့်အမူအကျင့်တွေကို ပြန်ပြုပြင်ပေးတာပါ။ အိမ်သာသွားဖို့ အချိန်စာရင်း လုပ်ပေးထားပါ။ ဆီးမသွားချင်ရင်တောင် အချိန်ကျရင် သွားပေးပါ။ တဖြည်းဖြည်းနဲ့ ဆီးသွားချိန်ကို ခြားခြားပေးလာပါ။ ဒီလိုနဲ့ ဆီးအိမ် ပိုပြည့်လာစေပြီး ဆီးသွားချင်စိတ်ကို ပိုထိန်းလာနိုင်ပါလိမ့်မယ်။

၃။  တင်ပါးဆုံကြမ်းခင်းကြွက်သား‌တွေကို လေ့ကျင့်ခန်း ပြုလုပ်ပါ။
တင်ပါးဆုံကြမ်းခင်းကြွက်သားတွေနဲ့ ဆီးလမ်းကြောင်းရှုံ့ကြိုးတွေက ဆီးသွားတာကို ထိန်းပေးထားပါတယ်။ တင်ပါးဆုံကြမ်းခင်းကြွက်သား လေ့ကျင့်ခန်းတွေကို မှန်မှန်ပြုလုပ်ပေးမယ်ဆိုရင် ဒီကြွက်သားတွေ သန်မာလာမှာပါ။
တင်ပါးဆုံကြမ်းခင်းကြွက်သားတွေဟာ ဆီးအိမ်ကနေ ပြင်ပကို ဆီးတွေသယ်ဆောင်ပေးတဲ့ ဆီးလမ်းကြောင်းတိုလေးကို အဖွင့်အပိတ် လုပ်ပေးပါတယ်။ လမ်းလျှောက်၊ မတ်တတ်ရပ်၊ အလေးအပင်မ၊ နှာချေ စတဲ့ နေ့စဉ်လှုပ်ရှားမှုတွေမှာ ဆီးအိမ်ကြွက်သားတွေကို ထိန်းသိမ်းပေးထားပါသေးတယ်။
●  Kegel လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ တင်ပါးဆုံကြမ်းခင်းကြွက်သားတွေကို ဆီးသွားတဲ့အခါ ဆီးကိုရပ်တဲ့အခါ ညှစ်သလို ၃ စက္ကန့်‌လောက် ညှစ်ပေးပါ။ ၁၊ ၂၊ ၃ ရေတွက်လိုက်ပြီး ခဏနားပါ။ ပြီးရင် အကြိမ်ကြိမ် ပြန်လုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းကို တစ်နေ့ ၃ကြိမ်က‌‌နေ ၄ ကြိမ်လောက် လှဲလျောင်းနေရင်းဖြစ်ဖြစ်၊ ထိုင်နေရင်းဖြစ်ဖြစ်၊ မတ်တတ်ရပ်နေရင်းဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။
လုပ်တာ မှန်၊ မမှန်ကို ဆရာဝန်နဲ့ ပြန်လည်တိုင်ပင်ပါ။

၄။  ဖြစ်စေတဲ့အကြောင်းရင်းတွေကို ထိန်းချုပ်ပါ။
တချို့ဆေးတွေ၊ အဝလွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းတို့က ဆီးအိမ်ပြဿနာတွေကို ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ဒါတွေကိုသာ ရှောင်ရှားနိုင်မယ်ဆိုရင် အပေါ်မှာပြောခဲ့တဲ့နည်းလမ်းတွေက ပိုပြီးအကျိုးရှိလာမှာပါ။
●  ဆေးတွေကို သေချာစီစစ်ပါ။ သွေးတိုးကျဆေးတွေ၊ နှလုံးဆေးတွေ၊ ဆီးဆေးတွေ၊ ကြွက်သားပြေလျော့ဆေးတွေ၊ နှာစေးနဲ့ ဓာတ်မတည့်သက်သာဆေး antihistamine တွေ၊ အိပ်ဆေးတွေနဲ့ စိတ်ကျရောဂါပျောက်ဆေးတွေဟာ တရားခံဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ဒီဆေးတွေ သောက်ရင်းတန်းလန်း ဆီးမထိန်းနိုင်တာ၊ ဆီးသွားရခက်တာတွေ ဖြစ်လာခဲ့ရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။
●  ကိုယ်အလေးချိန် ထိန်းသိမ်းပါ။ အဝလွန်ခြင်းက ဆီးထိန်းရခက်စေပါတယ်။ အထူးသဖြင့် ဖိအားများချိန် ဆီးထွက်ကျတာမျိုးပေါ့။ ကိုယ်အလေးချိန်များတဲ့အခါ ဝမ်းဗိုက်နဲ့ ဆီးအိမ်ကို ဖိအားသက်ရောက်မှုများပြီး ဆီးထွက်ကျတတ်ပါတယ်။ ကိုယ်အလေးချိန် လျှော့ချလိုက်ရုံနဲ့ သက်သာသွားမှာပါ။
●  ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သောက်သူတွေဟာ ဆီးထိန်းရ ပိုခက်ခဲတတ်ပါတယ်။ ပိုလည်းဆိုးတတ်ပါတယ်။ တာရှည်ဆေးလိပ်သောက်သူတွေမှာ နာတာရှည်ချောင်းဆိုးဝေဒနာရှိပြီး ဆီးအိမ်ပေါ် ဖိအားသက်ရောက်မှုများကာ ဆီးထွက်ကျစေပါတယ်။
●  လှုပ်လှုပ်ရှားရှားနေပါ။ တချို့လေ့လာမှုတွေအရ လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းက ဆီးအိမ်ထိန်းချုပ်မှုကို ကောင်းစေတယ်လို့ ဆိုပါတယ်။ တစ်နေ့ကို အနည်းဆုံး မိနစ် ၃ဝ လောက် အပျော့စားလေ့ကျင့်ခန်းမျိုးဖြစ်တဲ့ လမ်းအမြန်လျှောက်၊ စက်ဘီးစီး၊ ရေကူး စတာမျိုးတွေ လုပ်ပေးပါ။
●  ဝမ်းမချုပ်ပါစေနဲ့။ ဝမ်းသွားနေစဉ် ညှစ်ညှစ်နေရတာဟာ တင်ပါးဆုံကြမ်းခင်းကြွက်သားတွေကို ထိခိုက်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်၊ ရေကောင်းကောင်းသောက်၊ ပဲအမျိုးမျိုးနဲ့ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ် စသဖြင့် အမျှင်ဓာတ်များတာတွေ စားပေးပါက ဝမ်းချုပ်တာတွေ သက်သာလာမှာပါ။
●  ချောင်းဆိုးပျောက်အောင် လုပ်ပါ။ ချောင်းဆိုးတာကြောင့် ဆီးအိမ်ပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။

>>  ဒီလိုကုသရာမှာ
အချိန်‌ပေး၊ လေ့ကျင့်ခန်းလုပ် စတဲ့ အပြုအမူပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေက ဆီးအိမ်ပြဿနာကို သက်သာစေနိုင်လာမှာပါ။ အဓိက,က စိတ်ရှည်ရှည်နဲ့ စွဲမြဲလုပ်ပေးပါ။ ဒီနည်းလမ်းတစ်ခုခုနဲ့ မသက်သာရင် ဆရာဝန်နဲ့တိုင်ပင်ပြီး နောက်တစ်မျိုး ပြောင်းနိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)