ဆီးမထိန်းနိုင်သူတို့အတွက် ဆီးအိမ်လေ့ကျင့်ခန်း
ဆီးအိမ်လေ့ကျင့်ပေးရာမှာ ဒီအခြေခံအချက်တွေကို လိုက်နာပေးဖို့ လိုပါတယ်။
● ဆီးသွားတဲ့အချိန်တွေကို မှတ်ထားပါ။ ရက်ပိုင်းလောက် ဆီးသွားတိုင်း မှတ်ထားပေးပါ။ ဒီအချိန်တွေပေါ် မူတည်ပြီး ဆရာဝန်က ဆီးအိမ်လေ့ကျင့်ပေးဖို့ အချိန်ကို သတ်မှတ်ပေးပါလိမ့်မယ်။
● ဆီးသွားမှတ်တမ်းပေါ် မူတည်ပြီး ဆီးသွားတဲ့အချိန်အပိုင်းအခြားကို သတ်မှတ်ပါ။ ဆီးသွားတဲ့အချိန်အပိုင်းအခြားကို တိုးတိုးသွားပါ။ တဖြည်းဖြည်းချင်း ၁၅ မိနစ်စီ တိုးတိုးသွားပါ။ တစ်နာရီခြားတစ်ခါ သွားနေတယ်ဆိုရင် ၁ နာရီနဲ့ ၁၅ မိနစ် တိုးလိုက်တာမျိုးပေါ့။
● ၂ နာရီကနေ ၄ နာရီလောက်ခြားတဲ့အထိကို အိမ်သာသွားချိန်ကို ခြားခြားပေးလာပါ။ ဒီလိုခြားတာကလည်း အချိန်အတိုင်းအတာတစ်ခုပေးပြီး ဖြည်းဖြည်းချင်းတိုးပေးဖို့ လိုပါတယ်။
● ကိုယ့်အချိန်ဇယားအတိုင်း သေချာသွားပေးပါ။ မနက်ခင်း အိပ်ရာနိုးနိုးချင်း ဆီးသွားပါ။ ဒီ့နောက်ပိုင်းမှာတော့ ဆီးသွားချင်စိတ်ဖြစ်လာရင်တောင် အောင့်ထားပြီး သွားဖို့အချိန်တန်မှ သွားပေးပါ။ အာရုံလွှဲတာ၊ အသက်ရှူသွင်းရှူထုတ်စတဲ့ စိတ်ဖြေလျော့တဲ့နည်းလမ်းတွေကို သုံးပေးပါ။
အရမ်းထွက်ကျတော့မယ်လို့ထင်ရင် အိမ်သာ သွားပေးလိုက်ပါ။ ဒီတစ်ကြိမ်ပြီးရင်တော့ အချိန်ဇယားအတိုင်းပဲ ပြန်သွားပေးပါ။
ပထမ ၁ ကြိမ်၊ ၂ ကြိမ် မအောင်မြင်လို့ စိတ်ညစ်မသွားပါနဲ့။ အကြိမ်ကြိမ်လေ့ကျင့်ပါ။ တဖြည်းဖြည်းနဲ့ ထိန်းချုပ်နိုင်စွမ်း တက်လာမှာပါ။
Dr. Htar (www.drmyanmar.com)






























