ဆီးအိမ်ကင်ဆာအကြောင်း သိကောင်းစရာ
ကင်ဆာဆိုတဲ့ သေမင်းတမန်ဟာ တစ်ကိုယ်လုံးကို လှိုက်စားနိုင်တာမို့ ဆီးအိမ်ကိုလည်း ဝါးမျိုနိုင်ပါတယ်။ ဒီလိုဆီးအိမ်ကင်ဆာကို စောစောသိပြီး စောစောကုသနိုင်ဖို့ နည်းလမ်းလေးတွေကို ပြောပြပါ့မယ်နော်။
၁။ ဆီးအိမ်ကင်ဆာရဲ့အဖြစ်အများဆုံးလက္ခဏာကတော့ ဆီးထဲ သွေးပါတာပါပဲ။
● များသောအားဖြင့် အနီရဲရဲဖြစ်တတ်ပြီး တစ်ခါတစ်ရံ သံချေးရောင်တို့ အနီရင့်ရောင်တို့လည်း ဖြစ်တတ်သေးတယ်။ သွေးခဲလေးတွေတောင် ပါတတ်ပါသေးတယ်။
● သွေးအနည်းအကျဉ်းပဲပါခဲ့ရင် သိပ်သိသာမှာ မဟုတ်တဲ့အတွက် ဆီးစစ်တံလေးနဲ့ စစ်ကြည့်နိုင်ပါတယ်။
>> တခြားလက္ခဏာတွေအနေနဲ့ -
● ဆီးသွားတဲ့အခါ နာကျင်တာ
● ဆီးသွားချင်ရင် မထိန်းနိုင်တာမျိုးတွေလည်း ဖြစ်တတ်ပါသေးတယ်။
ဒီလက္ခဏာတွေဟာ ဆီး ပိုးဝင်တာနဲ့ တူပေမယ့် တကယ်တမ်း စစ်ကြည့်ရင် ပိုးတွေ့မှာ မဟုတ်ပါဘူး။ ဒါဆိုရင်တော့ နောက်ထပ်စစ်ဆေးမှုတွေ ထပ်လုပ်ဖို့ လိုလာပြီပေါ့။
၂။ ဆီးထဲမှာ သွေးစပါလာပြီဆိုတာနဲ့ ဆရာဝန်နဲ့သာ ပြပေတေ့ာ။ တစ်ကြိမ်လောက်ပဲပါပြီး ပျောက်သွားရင်တောင်မှာပေါ့။
၃။ အမျိုးသမီးတွေမှာဆိုရင်တော့ သတိထားမိဖို့ ပိုမလွယ်လှပါဘူး။ ဓမ္မတာလာတာနဲ့ မှားတတ်တာမို့ပါ။ ဒါကြောင့် ဓမ္မတာ မလာနေစဉ်မှာ ဆီးစစ်ကြည့်ဖို့ လိုတတ်ပါတယ်။
၄။ တကယ်လို့ ဆီးစစ်ကြည့်ပြီးလို့ ဆီးပိုးဝင်တယ်လို့ ဆရာဝန်ကဆိုရင်တောင် သေချာလား၊ နောက်ထပ် ဘာတွေ စစ်ဆေးဖို့ လိုဦးမလဲဆိုတာကို ဆရာဝန်ကို သေချာတိုင်ပင်ပါ။
၅။ ဆီးထဲသွေးပါပြီး အထူးကုဆီကို ဆရာဝန်က မညွှန်ရင်တောင် ပြဖို့ လို၊ မလို မေးမြန်းကြည့်ပါ။ အထူးသဖြင့် အသက် ၄၅ နှစ်ကျော်သူတွေမှာပေါ့။ ၄၅ နှစ်အောက်လူတွေမှာလည်း အဖြစ်နည်းပေမယ့် သတိတော့ ထားသင့်ပါတယ်။
၆။ ခဏခဏ ဆီးပိုးဝင်နေတယ်၊ ဆီးပိုးဝင်တာ မပျောက်နိုင်ဘူး၊ အကြာကြီး ဖြစ်နေတယ် ဆိုရင်တော့ ဆီးအိမ်ကင်ဆာကို စစ်ဆေးသင့်ပါတယ်။
၇။ ဒါကြောင့် ကိုယ့်ကိုယ်ကို မသင်္ကာရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
၈။ ဘေးနာက မိသားစုအပေါင်းအသင်းတွေကလည်း မသင်္ကာဘူးဆိုရင် ဆရာဝန်နဲ့ ပြကြည့်ပါ။
၉။ ရောဂါလက္ခဏာတွေနဲ့ စိုးရိမ်မှုတွေကို ဆရာဝန်နဲ့မပြခင် သေချာချရေးထားပါ။ ဆီးအိမ်ကင်ဆာတို့ ကျောက်ကပ်ကင်ဆာတို့ မိသားစုရာဇဝင်ရှိရင်လည်း သတိထားပါ။ ဒါ့အပြင် ဆေးလိပ်သောက်တာ (ဆေးလိပ်ငွေ့တစ်ဆင့်ခံ ရှူရှိုက်မိတာ)၊ ဓာတ်ပစ္စည်းတွေနဲ့ ထိတွေ့မိတာ (အလုပ်အကိုင် ပတ်ဝန်းကျင်မှာ)၊ အရင်က ဓာတ်ရောင်ခြည်ခံဖူးတာ စတဲ့ အကြောင်းရင်းတွေ ရှိ၊ မရှိကိုလည်း ပြောပြဖို့ လိုပါလိမ့်မယ်။
၁၀။ ၃ ပတ်လောက် အတွင်းမှာတင် ရောဂါလက္ခဏာတွေ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ပြန်ပြဖို့ လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























