ဆောင်းတွင်းမှာ ရေချိုးခြင်းနဲ့ ပတ်သက်ပြီး ဘယ်လိုအမှားတွေ ပြုလုပ်လေ့ရှိသလဲ
အရေပြားဆရာဝန်များရဲ့ အကြံပေးချက်အရ ဆောင်းတွင်းမှာ ပြုလုပ်လေ့ရှိတဲ့ အရေပြားနဲ့ ဆံပင်ဆိုင်ရာ အမှားလေးတွေကို တင်ပြပေးလိုက်ပါတယ်။
(၁) ရေနွေးဖြင့်အကြာကြီးချိုးခြင်း
ရေနွေးက အသားခြောက်စေပြီး အရေပြားယားယံခြင်း ဖြစ်စေပါတယ်။ ဒါကြောင့် ရေချိုးတဲ့အခါ ၅-၇ မိနစ်သာ ကြာသင့်ပြီး အရမ်းပူတဲ့ရေနဲ့ မချိုးသင့်ပါဘူး။
(၂) မကြာခဏ ရေချိုးခြင်း
လိုတာထက် ပိုရေချိုးပါက အသားခြောက်သွေ့ခြင်း၊ နီရဲယားယံခြင်းတို့ ဖြစ်စေမယ့်အပြင် နှင်းခူရောဂါရှိသူများကို ပိုမိုအခြေအနေဆိုးစေနိုင်ပါတယ်။
(၃) ဆပ်ပြာကြမ်းကို အသုံးပြုခြင်း
ဆပ်ပြာတုံးမှာပါတဲ့ ဓာတုပစ္စည်းတွေဟာ အရေပြားအစိုဓာတ်ကို ပျက်စီးစေပါတယ်။ ဒါကြောင့် ဆပ်ပြာအနုစားကိုသာ သုံးသင့်ပြီး ရေချိုးပြီးတာနဲ့ လိုးရှင်းလိမ်းပေးပါ။
(၄) အမွေးရိတ်ရမှာ ပျင်းခြင်း
ဆောင်းတွင်းကာလမှာ လူတိုင်းနီးပါး အမွေးရိတ်ရမှာ ကြောက်ပါတယ်။ အနည်းဆုံးတော့ အမွေးမရိတ်ခင်မှာ exfoliate အရင်လုပ်ပြီးမှ ရိတ်ပေးတာ ကောင်းပါတယ်။
(၅) ခေါင်း မကြာခဏလျှော်ခြင်း
ဆောင်းတွင်းမှာ ရေနေ့စဉ်ချိုးဖို့ မလိုသလို ခေါင်းကိုလည်း နေ့စဉ်လျှော်ဖို့ မလိုပါဘူး။ ၃ ရက်တစ်ခါ လျှော်ရင် လုံလောက်ပြီးတော့ ရှမ်ပူအနုစားကိုသာ အသုံးပြုသင့်ပါတယ်။
(၆) ကြမ်းတမ်းစွာ ခေါင်းလျှော်ခြင်း
ကျွန်မတို့ဦးရေပြားရှိ ဆံသားအမြစ်တွေကနေ အဆီထုတ်ပေးပါတယ်။ ဒီအဆီတွေက ဦးရေပြားကို အကျိုးပြုတာမို့ မဆုံးရှုံးရလေအောင် ခေါင်းလျှော်တဲ့အခါမှာ ဆံပင်အလယ်လောက်ကနေ ရှမ်ပူကို စတင်လိမ်းပါ။ ပြီးတော့ ဦးရေပြားကို တအားကုတ်ပြီး မလျှော်မိဖို့လည်း သတိပြုသင့်ပါတယ်။
(၇) Conditioner မသုံးခြင်း
ဆောင်းတွင်းမှာ စိုထိုင်းဆနည်းပါးခြင်းကြောင့် အရေပြားကိုသာမက ဆံသားကိုပါ ခြောက်သွေ့စေတယ်နော်။ ဒါကြောင့်မို့ ခေါင်းလျှော်ပြီးတိုင်း conditioner အသုံးပြုပေးဖို့ မမေ့ပါနဲ့။
(၈) တဘက်ဖြင့် အတင်းပွတ်ဆွဲခြင်း
ရေချိုးပြီးချိန်တွင် တဘက်ဖြင့် ခပ်ကြမ်းကြမ်း ပွတ်ခြင်းက အရေပြားကို ထိခိုက်စေပါတယ်။ ဒါကြောင့် ခပ်ဖွဖွသာ သုတ်ဖို့ သတိပေးပါရစေ။
(၉) Moisturizer အသုံးပြုတဲ့ နည်းလမ်းမှားခြင်း
ဆောင်းတွင်းမှာ အသားခြောက်တဲ့အတွက် မျက်နှာကော ခြေလက်များကိုပါ moisturizer နေ့စဉ်လိမ်းပေးသင့်ပါတယ်။ လိမ်းတဲ့အခါမှာလည်း ကိုယ့်အရေပြားနဲ့ ကိုက်ညီတာကို ရွေးချယ်ပြီး မျက်နှာသန့်စင်ပြီးတာနဲ့ တန်းလိမ်းဖို့ တိုက်တွန်းလိုပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























