/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆေးကို-နည်းမှန်လမ်းမှန်-ဘယ်လိုသောက်ကြမလဲ

ဆေးကို နည်းမှန်လမ်းမှန် ဘယ်လိုသောက်ကြမလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          နေကောင်းအောင် ဆေးသောက်တာတော့ ဟုတ်ပါပြီ။ ဆေးသောက်တာ တကယ်နည်းမှန်လမ်းမှန်ရော ဟုတ်ရဲ့လား?

          ဆေးကို နည်းမှန်လမ်းမှန် သောက်ခြင်းဟာ ဆေးရဲ့အာနိသင်ကို ပိုကောင်းစေနိုင်တဲ့အပြင် လုံခြုံစိတ်ချမှုကိုလည်း ရစေနိုင်ပါတယ်။

 

၁။     ကိုယ်သောက်နေတဲ့ဆေးနဲ့ ဆေးရဲ့အာနိသင်ကို သိထားသင့်ပါတယ်။

          ဆေးကို နည်းမှန်လမ်းမှန် သောက်မယ်ဆိုရင် အရင်ဆုံး ဆေးအကြောင်းနဲ့ သူ့ရဲ့လုပ်ဆောင်ပုံတွေကို သိထားသင့်တာပေါ့။ ကိုယ့်ရောဂါအခြေအနေနဲ့ ဆေးရဲ့အာနိသင်ကို သေချာမေးမြန်းသင့်ပါတယ်။ ခွဲစိတ်မှုတွေ ပြုလုပ်တော့မယ်၊ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်တော့မယ်၊ တခြားဆေးပညာဆိုင်ရာ လုပ်ဆောင်ချက်တွေကို ပြုလုပ်တော့မယ်ဆိုရင် ကိုယ်သောက်နေတဲ့ဆေးတွေကို ပြောပြဖို့ လိုပါတယ်။ မိမိဘာသာ ဝယ်သောက်နေတဲ့ဆေးတွေ၊ သဘာဝဓာတ်စာတွေကိုလည်း ပြောပြဖို့ လိုပါတယ်နော်။

 

၂။     ညွှန်ကြားထားတဲ့ပမာဏကိုသာ သောက်ပေးပါ။

          ဆေးရဲ့အာနိသင်ကို အပြည့်ရဖို့အတွက် ဆေးကို ဘယ်လောက်သောက်ရမယ်၊ တစ်နေ့ ဘယ်နှစ်ကြိမ် သောက်ရမယ်ဆိုတာကို သေချာသိဖို့ လိုပါတယ်။ ဆေးစာရွက်တွေမှာ အသက်အပိုင်းအခြားနဲ့ ဘယ်ပုံဘယ်နည်း သောက်ရမယ်ဆိုတာတွေကိုလည်း ဖော်ပြထားတာပါမှာပါ။ ဒီညွှန်ကြားချက်တွေဟာ လေ့လာမှုတွေ များစွာပြုလုပ်ပြီးမှ ထွက်လာတာမို့ သေချာလိုက်နာဖို့ လိုအပ်ပါတယ်။ ဆေးတစ်ချိန် လွတ်သွားပြီဆိုရင်လည်း နောက်တစ်ချိန်မှာ ဆေး နှစ်ဆ တိုးသောက်လိုက်မယ်ဟဲ့ မလုပ်ပါနဲ့။ ဆရာဝန်၊ ဆေးဝါးပညာရှင်တွေကို သေချာမေးမြန်းပါ။

 

၃။     နောက်ဆက်တွဲဆိုးကျိုးတွေကို သတိထားပါ။

          ဆေးရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို သိထားခြင်းဖြင့် ကိုယ့်ဆီမှာ ဖြစ်လာခဲ့ရင် သတိထားမိပြီး ဆရာဝန်နဲ့ ဆေးပမာဏ ပြန်လည်စိစစ်လို့ ရပါတယ်။ နောက်တစ်ချက်က တချို့ဆေးတွေဟာ ရုတ်တရက် ရပ်လိုက်ရင် ယင်းထတဲ့လက္ခဏာရပ်တွေ ပေါ်လာတတ်တာမို့ ဆရာဝန် ရက်ချိန်းမတိုင်မီအထိကို ညွှန်ကြားထားတဲ့အတိုင်း သောက်ဖို့ လိုပါတယ်။

 

၄။     ကိုယ်သောက်တဲ့ဆေးတွေ သူများ မညွှန်းပါနဲ့။

          ဆရာဝန်က ညွှန်လိုက်တဲ့ဆေးတွေဆိုတာ ကိုယ့်အသက်၊ ကိုယ်အလေးချိန်၊ ကျောက်ကပ်လုပ်ငန်းဆောင်တာ၊ အသည်းလုပ်ငန်းဆောင်တာ၊ ရောဂါအခြေအနေ၊ တခြားသောက်နေတဲ့ဆေးတွေပေါ် မူတည်ပြီးတော့ ပေးထားတာမို့ ကိုယ့်အတွက်တော့ကောင်းပြီး နောက်ဆက်တွဲဆိုးကျိုးနည်းပေမယ့် တစ်ပါးသူအတွက် ကောင်းချင်မှကောင်းမှာပေါ့။

 

၅။     ဆေးသက်တမ်းကို အမြဲစစ်ဆေးနေသင့်ပါတယ်။

          သက်တမ်းလွန်နေတဲ့ဆေးတွေဟာ အကျိုးမရှိရုံတင််မကဘဲ ပြင်းထန်တဲ့တုံ့ပြန်မှုတွေပါ ဖြစ်စေနိုင်ပါတယ်။

 

၆။     ဆေး အလွယ်တကူ မဝယ်ယူမီ ဆေးဝါးကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပါ။

          ဆေးညွှန်း မလိုတဲ့ဆေးတွေ ဝယ်ယူတဲ့အခါမှာလည်း ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဖို့ လိုပါတယ်။ ဒါမှ ကိုယ်သောက်နေတဲ့ တခြားဆေးတွေနဲ့ တည့်၊ မတည့်ဆိုတာ သိနိုင်မှာပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)