/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆေးရုံသို့-လူနာသတင်းမေး-သွားတဲ့အခါ-ရောဂါပိုးတွေ-မဝင်ဖို့

ဆေးရုံသို့ လူနာသတင်းမေး သွားတဲ့အခါ ရောဂါပိုးတွေ မဝင်ဖို့ ဘယ်လိုကာကွယ်ကြမလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    ရောဂါပိုး ဝင်တယ်ဆိုသော စကားလုံးကို ပတ်ဝန်းကျင်တွင် မကြာခဏ ကြားရလေ့ရှိပါတယ်။ ရောဂါပိုးဝင်တယ်ဆိုတာ ဘာကိုဆိုလိုပါသလဲ။ ရောဂါပိုးလို့ဆိုတဲ့နေရာမှာ ရောဂါဖြစ်စေနိုင်သော ပိုးမွှားများဖြစ်တဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့မှိုပိုးများ ကိုယ်ခန္ဓာတွင်းသို့ ဝင်ရောက်ခြင်းကို ဆိုလိုပါတယ်။
    နာမကျန်းသောကြောင့် ဆေးရုံတက်နေရသူများတွင် ရောဂါပိုး ထပ်မံဝင်ရောက်ပါက နာလန်ထဖို့ ကြာရှည်တတ်ပြီး ရောဂါပိုမိုထူပြောတတ်တာမို့ လူနာသတင်းမေးသွားတဲ့အခါမှာလည်း ကိုယ့်ဆီကနေ ရောဂါပိုးတွေ သယ်ဆောင်မသွားဖို့ရန် အရေးကြီးလှပါတယ်။ ဒါဆိုရင် ရောဂါပိုး မပျံံ့နှံ့စေဖို့ လုပ်ဆောင်ရမယ့်အချက်တွေကို အောက်မှာဖော်ပြပေးမှာ ဖြစ်ပါတယ်။

>>    လက်ဆေးပါ သို့မဟုတ် လက်သန့်ဆေးရည် (Hand Sanitizer) အသုံးပြုပါ။
    ဘယ်အချိန်တွင် ဆေးသင့်လဲ?
●    လူနာခန်းသို့မဝင်မီနဲ့ ပြန်အထွက်တွင်
●    အိမ်သာတက်ပြီးတိုင်း
●    လူနာနဲ့ ထိတွေ့ပြီးသောအခါ
●    လက်အိတ် မစွပ်မီနဲ့ အသုံးပြုပြီးချိန်တိုင်း

>>    လက်ကို နည်းလမ်းမှန်စွာ ဘယ်လိုဆေးမလဲ?
●    ပထမဆုံး လက်နဲ့ လက်ကောက်ဝတ်ကို ရေလောင်းပါ။ ထို့နောက် ဆပ်ပြာဖြင့်ပွတ်ပါ။
●    လက်နှစ်ဖက်ကို အနည်းဆုံး စက္ကန့် ၂၀ ခန့် နေရာအနှံ့ ပွတ်တိုက်ပါ။
●    လက်စွပ်များကိုချွတ်ပြီး ထိုနေရာများကိုပါ ပွတ်တိုက်ဆေးကြောပါ။
●    လက်သည်းများ ညစ်ပတ်နေပါက ဘရပ်ရှ်ဖြင့် ဆေးကြောပါ။
●    ထို့နောက် ရေဖြင့် ဆေးကြောပြီး tissue သို့မဟုတ် တဘက်ဖြင့် ခြောက်သွေ့အောင် သုတ်ပါ။
●    လက်ဆေးပြီးနောက် အိမ်သာတံခါးကို စက္ကူဖြင့် အုပ်ကိုင်ပြီးမှ ဖွင့်သင့်ပါတယ်။
● လက်ဆေးဖို့ အဆင်မပြေသော အခြေအနေမျိုးတွင် အရက်ပြန်ပါသော hand sanitizer များကို အသုံးပြုနိုင်ပါသေးတယ်။ အသုံးပြုနည်းကတော့ လက်ဖဝါးထဲသို့ အစက်အနည်းငယ်ချပြီး လက်နှစ်ဖက်နဲ့ လက်ကြိုလက်ကြားများသို့ ပွတ်တိုက်ပါ။ထို့နောက် တစ်ရှူးဖြင့် ခြောက်သွေ့အောင် သုတ်ပေးဖို့ပါပဲ။

>>    ကိုယ်တိုင် နေမကောင်းပါက လူနာသတင်းမေး မသွားသင့်ပါဘူး။
    အထူးသဖြင့် ရေကျောက်၊ တုပ်ကွေးနဲ့ ပိုးဝင်ခြင်းများ ဖြစ်ပေါ်နေပါက အိမ်မှာပဲ နေသင့်ပါတယ်။ သင့်အတွက်က သာမန်တုပ်ကွေးဖြစ်ပေမယ့် ဆေးရုံတက်နေသော လူနာအတွက်တော့ ပိုကြီးမားသော ပြဿနာများ ဖြစ်နိုင်လို့ပါပဲ။

>>    Isolation (သီးသန့်ခန်းရှိ) လူနာများကို သတင်းမေးသွားတဲ့အခါ
●    လက်အိတ်၊ ပိုးသတ်ထားသော ဝတ်စုံရှည်၊ ခေါင်းစွပ်များကို တပ်ဆင်ရပါမယ်။
●    လူနာကို လက်ဖြင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။
●    မလိုအပ်ဘဲ လူနာအခန်းသို့ မဝင်သင့်ပါ။
    လူနာမေးသွားနေစဉ်မှာ လက်ကို မျက်နှာဖြင့်ထိတွေ့ခြင်း၊ နှာချေစဉ် နှာခေါင်းကို လက်ဖြင့်မအုပ်ဘဲ ချေခြင်းတို့ကိုလည်း အထူးတလည် ရှောင်ကြဉ်ပေးခြင်းဖြင့် မိမိဆီမှရောဂါပိုးများ သူတပါးဆီ မရောက်အောင် ကာကွယ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)