ဆေးလိပ်တစ်ခါတလေသောက်ခြင်းက ကျန်းမာရေးကိုထိခိုက်စေနိုင်သလား
လေ့လာမှုအသစ်တစ်ခုအရ ဆေးလိပ်ကို တစ်ခါတစ်လေမှ သောက်ခြင်း ဥပမာ - စနေ၊ တနင်္ဂနွေလိုမျိုး အားလပ်ရက်မှ သူငယ်ချင်းတွေနဲ့အပြင်ထွက်ရင်း ဆေးလိပ်သောက်ဖြစ်တယ်ဆိုရင်တောင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဘဝသက်တမ်းတစ်လျှောက်လုံး တစ်နေ့ကို စီးကရက် တစ်လိပ်အောက်သောက်သုံးသူတွေက လုံး၀မသောက်သုံးသူတွေထက် စောစောသေနိုင်ချေ 64% ပိုများပြီး နေ့စဉ် စီးကရက် 1 လိပ်ကနေ 10 လိပ်သောက်သောက်သုံးသူတွေကတော့ 87% ပိုများပါတယ်။
လေ့လာမှုမှာ သက်ကြီးရွယ်အို 290,000 ကျော်ကို မေးခွန်းတွေမေးပြီး သူတို့ရဲ့ ဆေးလိပ်သောက်တဲ့ ရာဇဝင်ကို မေးမြန်းမှတ်သားခဲ့ပါတယ်။ သူတို့တွေသေဆုံးသွားတဲ့အခါမှာလည်း သေဆုံးရတဲ့အကြောင်း အရင်းတွေကို စူးစမ်းလေ့လာကြည့်ခဲ့ပါတယ်။ တစ်နေ့ကို စီးကရက်တစ်လိပ်အောက်သောက်တဲ့သူတွေနဲ့ တစ်နေ့ကို စီးကရက် 1 လိပ်မှ 10 လိပ် သောက်တဲ့သူဆိုပြီး အုပ်စုနှစ်စုခွဲပြီးလေ့လာခဲ့ပါတယ်။ ဒါ့အပြင် ဒီနှစ်ဖွဲ့စလုံးကို စီးကရက်လုံးဝမသောက်သူတွေနဲ့ နှိုင်းယှဉ်ကြည့်ခဲ့ပါတယ်။ သိသာထင်ရှားတဲ့အချက် ကတော့ ဆေးလိပ်သောက်သူတွေမှာ အဆုတ်ကင်ဆာအဖြစ်များပါတယ်။
တစ်နေ့ကို ဆေးလိပ်တစ်လိပ်အောက်သောက်သူတွေက လုံးဝမသောက်သူတွေထက် ရောဂါတစ်မျိုးမျိုး ၀င်ရောက်ပြီးသေဆုံးနိုင်ချေ 9 ဆပိုများပြီး တစ်နေ့ကိုစီးကရက် 1 လိပ်မှ 10 လိပ်ထိသောက်သူတွေကတော့ 12 ဆ ပိုများပါတယ်။ ဒါကြောင့် သုတေသီတွေက နည်းနည်းပဲသောက်သောက်၊ များများ ပဲသောက်သောက် ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကို ထိခို်က်စေနိုင်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။
လူအများစုက ဆေးလိပ်ဖြတ်ဖို့အတွက် ဆေးလိပ်ကို တစ်နေ့ 10 လိပ်အောက်လျှော့သောက် လာကြပါတယ်။ ဒီလူတွေကိုလေ့လာကြည့်တဲ့အခါမှာလည်း ဆေးလိပ်လှျှော့သောက်သူအများစုက ဒီပုံစံအတိုင်း နှစ်ပေါင်းများစွာဆက်သောက်သွားတာကို တွေ့ရပါတယ်။
လူအများစု (အထူးသဖြင့် လူငယ်တွေ) က တစ်နေ့ကို ဆေးလိပ်နည်းနည်းပဲသောက်ရင် ရောဂါမဖြစ်နိုင် ဘူးလို့ ယူဆကြလေ့ရှိပါတယ်။ တစ်နေ့ကို ဆေးလိပ်ဘယ်လောက်သောက်တယ် ဆိုတာထက် ဆေးလိပ်သောက်ခဲ့တဲ့အချိန်ကာလက ကျန်းမာရေးကို ပိုပြီးထိခိုက်စေပါတယ်။ ဘဝမှာ ဆေးလိပ်သောက်တဲ့နှစ်ကြာလေလေ ကျန်းမာရေးကို ပိုပြီးထိခိုက်လေလေပါပဲ။ ဒါကြောင့် တစ်နေ့ဆေးလိပ်ဘယ်လောက်ပဲသောက်တယ်ဆိုတာထက် ဆေးလိပ်လုံးဝဖြတ်နိုင်ဖို့ အရေးကြီးပါတယ်။ အသက်ငယ်ငယ်မှာ ဆေးလိပ်ဖြတ်နိုင်လေလေ ရောဂါရနိုင်ချေနည်းလေလေပါ။
Dr. Mya Myo Myo Swe






























