ဆေးလိပ်ဖြတ်ခြင်း အနုပညာ
ဆေးလိပ်စွဲနေတဲ့ လူတစ်ယောက်အတွက် ဆေးလိပ်ဖြတ်ဖို့ဆိုတာ တကယ်ကို မလွယ်သလို ဒီကရလာမယ့် အကျိုးကျေးဇူးတွေကလည်း တကယ်ကို ကြီးမားပါတယ်။ ဆေးလိပ်ဖြတ်ပြီး နာရီပိုင်း ရက်ပိုင်းအတွင်းမှာကို အကျိုးကျေးဇူးတွေက သိသိသာသာပါပဲ။ ကိုယ့်ကျန်းမာရေးတင်မကဘဲနဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူနေရတဲ့ဒုက္ခကို လျော့ကျစေပါတယ်။
ဘယ်အရွယ်မှာမဆို ဆေးလိပ်ဖြတ်တာနဲ့ အကျိုးကျေးဇူးရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာတော့ ကလေးကျန်းမာရေးအတွက် ဆေးလိပ်ဖြတ်ဖို့ လိုကိုလိုပါတယ်။
အောက်ပါအခြေအနေတွေရှိရင် ကိုယ့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ပါ။
● ဆိီးချိုရောဂါရှိပြီးတော့ အင်ဆူလင် ထိုးနေရတဲ့အခါမှာ ဆေးလိပ်ဖြတ်လိုက်ရင် အင်ဆူလင်လျှော့ထိုးဖို့ လိုပါတယ်။
● စွဲသောက်နေတဲ့ဆေးတွေရှိရင်
>> ကုထုံးများ
● ဆေးလိပ်ဖြတ်ဖို့ ကြိုးစားတာက တစ်ကြိမ်တည်းနဲ့ မအာင်မြင်ဘဲနဲ့ ထပ်ခါထပ်ခါ ကြိုးစားရတာပုံမှန်ပါပဲ။
● တစ်နည်းနဲ့ မအောင်မြင်ရင် ကိုယ်နဲ့သင့်တော်မယ့် နောက်တစ်နည်းပြောင်းပြီး ကြိုးစားကြည့်ပါ။
● ဆေးလိပ်ဖြတ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီ ဆိုရင်တော့ ဆေးလိပ်ဖြတ်မယ့်နေ့ကို သေချာသတ်မှတ်ပြီးတော့ လိုက်နာပါ။ ကိုယ့်ရဲ့မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေကို ဆေးလိပ်ဖြတ်တော့မယ်ဆိုတာကို ပြောပြပြီးတော့ သူတို့ရဲ့ ထောက်ပံ့ပေးမှုကိုရယူပါ။ အိမ်၊ ကား၊ အလုပ်အားလုံးမှာ ဆေးလိပ်နဲ့ ပတ်သက်တာတွေအားလုံးကို ဖယ်ရှားထားပါ။ ဆေးလိပ်ဖြတ်မယ်လို့ သတ်မှတ်ထားတဲ့ရက် မတိုင်ခင် နှစ်ပတ်မှာ ဒီနေရာတွေမှာ ဆေးလိပ် မသောက်မိအောင် နေပါ။
● ဆေးလိပ်ဖြတ်တဲ့အခါမှာ တစ်ဖွာလောက်တောင်မှ မဖွာတော့ဘဲနဲ့ လုံးဝရပ်လိုက်တာက အကောင်းဆုံးပါပဲ။
● အရင်က ဆေးလိပ်သောက်ဖူးတဲ့ အခြေအနေတွေ၊ နေရာတွေမှာဆိုရင် ဘယ်လိုလုပ်မယ်ဆိုတာကို စဉ်းစားထားပါ။
● ဆေးလိပ်သောက်ချင်စိတ်ဖြစ်လာရင် ဘာလုပ်လို့ရတယ်ဆိုတာကို သိအောင်လုပ်ထားပါ။ ရေသောက်တာ၊ အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်တာ စတဲ့ စိတ်ပြောင်းစေမယ့် အရာတစ်ခုခုလုပ်ပါ။ ဆေးလိပ်သောက်ချင်စိတ် အရမ်းပြင်းပြတာက မိနစ်အနည်းငယ်ပဲကြာတဲ့အတွက် ဒီအချိန်ကို ဖြတ်သန်းနိုင်ဖို့လိုပါတယ်။
● ဆေးလိပ်မသောက်မိအောင်လို့ နီကိုတင်းအစားထိုးပစ္စည်းတွေကို အမြဲဆောင်ထားပါ။
● ကိုယ့်ရဲ့ အောင်မြင်မှုတွေ၊ ပြဿနာတွေကို မိသားစု၊ မိတ်ဆွေ၊ ဆရာဝန်တွေကို ပြောပြပြီးတော့ လိုအပ်ရင် အကြံဉာဏ်ရယူပါ။
● အထက်ပါနည်းလမ်းတွေနဲ့တောင်မှ ဆေးလိပ်ဖြတ်ဖို့ ခက်နေသေးတယ်ဆိုရင်တော့ ဆရာဝန်က အကူအညီဖြစ်နိုင်တဲ့ဆေးတွေကို ညွှန်ပါလိမ့်မယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























