/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆေးလိပ်-ဖြတ်ကြမယ်

ဆေးလိပ် ဖြတ်ကြမယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဆေးလိပ်ဖြတ်ဖို့ ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ဖြတ်လိုက်တဲ့အချိန်ကစပြီးတော့ ကောင်းကျိုးတွေ ခံစားရမှာပါ။ ဆေးလိပ်ဖြတ်ရာမှာ အထောက်အကူဖြစ်စေမယ့် နည်းလမ်း (10) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

1.       ကိုယ် ဘာကြောင့် ဆေးလိပ်ဖြတ်မယ်လို့ ဆုံးဖြတ်လိုက်တဲ့အချက်တွေကို ချရေးထားပြီးတော့ လိုအပ်တဲ့အချိန်မှာ သတိရဖို့အနေနဲ့ ထုတ်ကြည့်နိုင်အောင် ကိုယ်နဲ့မကွာ သယ်သွားပါ။ တစ်ယောက်နဲ့တစ်ယောက် အကြောင်းအရာချင်းတူမှာ မဟုတ်ပါဘူး။ ကျန်းမာရေးကောင်းဖို့၊ ပိုက်ဆံချေွတာဖို့၊ ကိုယ်ဝန်ဆောင်ရလို့၊ ကိုယ်ဝန်ယူဖို့အစီအစဉ်ရှိလို့ စသည်ဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

2.       ဖြတ်တဲ့နေရာမှာလည်း တစ်ယောက်နဲ့တစ်ယောက် နည်းလမ်းချင်း မတူပါဘူး။ ကိုယ်နဲ့ သင့်တော်မည့်နည်းကို ရှာပါ။ တချို့က ရုတ်တရက် ချက်ချင်းကြီး ရပ်လို့အဆင်ပြေပြီး တချို့ကတော့ ဖြည်းဖြည်းချင်း ဆေးလိပ်သောက်တဲ့ အရေအတွက်ကို လျှော့ချပြီး ဖြတ်တာမျိုးလည်း ရှိပါတယ်။

3.       Nicotine patches, ပီကေဝါးခြင်း၊ ရှူဆေးတွေ စတဲ့ ဆေးရွက်ကြီး အစားထိုးကုထုံးတွေက ဆေးလိပ် အလွန်အကျွံ သောက်တတ်တဲ့သူတွေမှာ လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။ ဆေးလိပ်ဖြတ်လိုက်တဲ့အခါမှာ ခံစားရတဲ့လက္ခဏာတွေနဲ့ ဆေးလိပ်သောက်ချင်စိတ်ကို သက်သာစေဖို့ရာ အထောက်အကူပြုနိုင်တဲ့ varenicline, bupropion စတဲ့ ဆေးတွေကိုလည်း ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်လို့ရပါတယ်။ ဆေးနဲ့ ပတ်သက်ပြီးတော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

4.       ဆေးလိပ်ဖြတ်မယ့်နေ့ကို သေချာသတ်မှတ်ပြီးတော့ လိုက်နာပါ။ ကိုယ့်ဟာကိုယ် ဆေးလိပ်ဖြတ်ဖို့ ကြိုးစားတာဆိုရင် ကိုယ်ချမှတ်ထားတဲ့နေ့ကစပြီး ဆေးလိပ်ကို လုံးဝရပ်လိုက်ပါ။

5.       လိုအပ်ပါက မိသားစု၊ မိတ်ဆွေသူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကူအညီကို ရယူပါ။ ကိုယ်ဆေးလိပ်ဖြတ်ဖို့ ရည်ရွယ်ထားကြောင်းကို သူတို့ကိုလည်း အသိပေးပြီးတော့ ဆေးလိပ်သောက်တတ်တဲ့သူတွေကို ကိုယ့်အနီးအနားမှာ မသောက်ဖို့၊ ကိုယ့်ကို ဆေးလိပ်မပေးဖို့ကို တောင်းဆိုပါ။ သူငယ်ချင်းနဲ့ နှစ်ယောက်အတူတူဖြတ်တာကလည်း တစ်ယောက်နဲ့တစ်ယောက် ခံစားချက်ချင်း ဝေမျှပြီးတော့ အားပေးနိုင်တဲ့အတွက်ကြောင့် အကြံကောင်းပါပဲ။

6.       ပါတီပွဲတွေ၊ အရက်ဝိုင်းတွေ၊ သူငယ်ချင်းတွေနဲ့ အပြင်ထွက်တာ စတဲ့ ဆေးလိပ် သောက်မိနိုင်တဲ့နေရာတွေအတွက်လည်း ကြိုတင်ပြီးတော့ စီစဉ်ထားပါတယ်။ ဆေးလိပ် စဖြတ်နေတဲ့အချိန်တွေမှာ ဒီနေရာတွေကို တတ်နိုင်သမျှ ရှောင်ပါ။ ဒါမှမဟုတ် မရှောင်နိုင်ရင်လည်း ဆေးလိပ်မသောက်တဲ့ သူနဲ့တွဲပြီး တစ်ဝိုင်းတည်းထိုင်တာ၊ ကော်ဖီပဲသောက်တာ၊ ဖုန်းပြောနေတုန်းမှာ တခြားလက်တစ်ဖက်က တစ်ခုခုကို ကိုင်ထားတာမျိုးတွေလုပ်ပါ။ အရက်သောက်တဲ့အခါမှာ ဆေးလိပ်မသောက်ဖို့ကို ခံနိုင်ရည်ရှိဖို့ ခက်တဲ့အတွက်ကြောင့် အရက်ကိုလည်း ရှောင်ဖို့လိုပါတယ်။

7.       ဆေးလိပ်သောက်ဖို့ သတိရနေစေမယ့် မီးခြစ်၊ စီးကရက်ဘူး စတဲ့ အရာအားလုံးကိုလွှင့်ပစ်လိုက်ပါ။ ဆေးလိပ်နံ့တွေ ပျောက်သွားအောင် ကားကိုဆေး၊ အဝတ်တွေကို လျှော်ပစ်ပါ။ အနားယူတဲ့အနေနဲ့ ဆေးလိပ်သောက်ရင် (သို့) ကိုယ့်ကိုယ်ကို ဆုချတဲ့အနေနဲ့ ဆေးလိပ်သောက်တာဆိုရင် ဒီအချိန်အတွက် အခြားလုပ်စရာတွေကို ရှာထားပါ။ ဥပမာ - လမ်းလျှောက်တာဖြစ်ဖြစ်၊ ဆေးလိပ်အစား လက်ဖက်ရည်တစ်ခွက်လောက် သောက်တာဖြစ်ဖြစ် လုပ်လို့ရပါတယ်။

8.       ဆေးလိပ်သောက်ချင်တဲ့ အာသိသ ဖြစ်လာတဲ့အခါမှာ ဒီ (4) ချက်ကို လိုက်နာပါ။

●        အချိန်ဆွဲပါ - ဆေးလိပ်သောက်ချင်စိတ် အရမ်းဖြစ်တာက မိနစ်အနည်းငယ်လောက်ပဲ ကြာပြီးတော့ ဆေးလိပ်မသောက်တာ ကြာလာရင် ဒီစိတ်ပေါ်လာတဲ့ အကြိမ်ရေလည်း နည်းလာမှာပါ။

●        အသက်ပြင်းပြင်း ရှူသွင်းရှူထုတ် လုပ်ပါ။ ဒီနည်းလမ်းကို စိတ်ကိုပြေလျော့စေပြီးတော့ တခြားအရာပေါ်မှာ အာရုံစိုက်မိစေပါတယ်။

●        ရေသောက်ပါ။ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ နီကိုတင်းတွေနဲ့ အခြားအရာတွေကို ဖယ်ထုတ်ဖို့အတွက် အရည်များများသောက်ဖို့ လိုပါတယ်။

●        တခြားအရာတစ်ခုခု လုပ်လိုက်ပါ။ လမ်းလျှောက်တာ၊ ရုပ်ရှင်ကြည့်တာ၊ သူငယ်ချင်းဆီ သွားလည်တာမျိုးလုပ်ပါ။ ဆေးလိပ်သောက်ချင်လာတဲ့အခါမှာ ပန်းသီးစားတာ၊ သွားတိုက်တာမျိုးတွေ လုပ်ကြည့်ပါ။ ဆေးလိပ်ကို လက်ကကိုင်မယ့်အစား ဘော့ပင်၊ ပေါင်မုန့် စတဲ့တစ်ခုခုကို အစားထိုးပြီး ကိုင်ထားပါ။ ဆေးလိပ်အစား ပီကေဝါးတာ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ တစ်ခုခုစားတာမျိုး လုပ်ကြည့်ပါ။

9.       ဆေးလိပ် ဖြတ်ချင်စိတ်ကို ထိန်းမထားနိုင်ဘဲ ဆုံးရှုံးတော့မယ်လို့ထင်ရင် စိတ်တင်းပြီးတော့ ဆေးလိပ်ဖြတ်ရင်ရလာမယ့် ငွေကြေးပိုင်းဆိုင်ရာနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ကိုယ့်ကိုယ်ကို သတိပေးပါ။

10.     ဆေးလိပ်ဖြတ်ဖို့အတွက် အကူအညီတွေ၊ အကြံဉာဏ်တွေ ပိုမိုရှာဖွေပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)