/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆံပင်တွေ-ကျွတ်နေလား

ဆံပင်တွေ ကျွတ်နေလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဆံပင်အလှပြင်ဆိုင်ကို ကြောက်ကြောက်နဲ့ သွားနေရလား?  ခေါင်းဖီးတိုင်း စိတ်ပျက်မိနေလား? အစားအသောက်ကိုသာ ကောင်းကောင်းစားပါ။ ဦးရေပြားလေး ကျန်းမာသန်စွမ်းပြီး ဆံကေသာတွေ သန်မာလာပါလိမ့်မယ်။ ဆံနွယ်တွေအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေကို ပြောပြပါ့မယ်နော်။

 

●      ဗီတာမင်ဘီ

          ဗီတာမင်ဘီ၊ အထူးသဖြင့် ဗီတာမင်ဘီစစ်၊ ဘိုင်အိုတင်၊ အိုင်နိုစီတော၊ ဖောလစ်အက်ဆစ်တွေ၊ မဂ္ဂနီဆီယမ်၊ ဆာလ်ဖာနဲ့ ဇင့်တွေ မလုံလောက်ခဲ့ရင် ဆံပင်ကျွတ်နိုင်တယ်။ ဆံပင် ကြီးထွားမှုအတွက် ဗီတာမင်ဘီဖိုက် ပန်တိုသီနစ်အက်ဆစ်နဲ့ ဘီ၃ နိုင်ယာဆင်တို့က အရေးပါတယ်။

          တိရစာၦန်တွေကို လေ့လာထားတဲ့ လေ့လာမှုတစ်ခုမှာ တချို့အမိုင်နိုအက်ဆစ်တွေက အမွေးအထူအပါးကို ထိန်းချုပ်ပေးထားတယ်လို့ သိရတယ်။ ဥပမာအားဖြင့် မဂ္ဂနီဆီယမ်မပါတဲ့ အစားအသောက်ကို ကျွေးလိုက်မိတဲ့ ကြွက်တွေမှာ အမွေးအစုလိုက် ကျွတ်တာကို တွေ့ရတယ်။ တချို့ဗီတာမင်တွေဆို ပိုဆိုးတာကို တွေ့ရတယ်။ ဘိုင်အိုတင် (ဗီတာမင်ဘီ၇) ဒါမှမဟုတ် အိုင်နိုစီတော (ဗီတာမင်ဘီ၈) နည်းတာကိုစားရတဲ့ ကြွက်တွေမှာဆို အမွေး လုံးဝတုံးသွားတတ်တယ်။ ဒါပေမဲ့ ပြန်တော့ ပျောက်သွားတတ်ပါတယ်။ ဗီတာမင်ဘီကြွယ်ဝတဲ့ အစားအသောက်တွေကို ပြန်ကျွေးလိုက်ရင် အမွေးတွေ ပြန်ပေါက်လာတာကို တွေ့ရတယ်။

 

●      သံဓာတ်

          အမွေးကျွတ်စေတဲ့ အများဆုံး အကြောင်းရင်းကတော့ သံဓာတ်အားနည်းတာပါပဲ။ သံဓာတ်ဟာ ခန္ဓာကိုယ်ကို အောက်စီဂျင်တွေ သယ်ဆောင်ပေးတဲ့ သွေးအား haemoglobinတည်ဆောက်ရာမှာပါတယ်။ သွေးအားပြည့်နေရင် အောက်စီဂျင်ကို ကောင်းကောင်းသယ်ပို့နိုင်တယ်။ ဦးရေပြားဆီကို အောက်စီဂျင် ကောင်းကောင်းရောက်ရင်လည်း ဆံကေသာ ကြီးထွားမှုနှုန်းကို အားပေးနိုင်တယ်။ ဒီလို သံဓာတ်ပြည့်ဝအောင် စားတယ်ဆိုရာမှာ အသည်းချည်းပဲ နေ့တိုင်း စားနေရမယ်လို့တော့ မဆိုလိုပါဘူး။ စပျစ်သီးခြောက်တု့ိ၊ ချယ်ရီသီးခြောက်တွေလိုမျိုး အသီးခြောက်တွေကလည်း သံဓာတ်တွေ ပြည့်ဝနေတယ်။ စပီရူလိုင်းနား၊ ဥ၊ အစိမ်းရင့်ရောင် အသီးအရွက်တွေနဲ့ မပြုပြင်ထားတဲ့ နှံပြောငး်တွေမှာလည်း သံဓာတ် ပြည့်ဝတယ်နော်။ ဗီတာမင်စီကလည်း သံဓာတ်စုပ်ယူမှုကို အားကောင်းစေတာကြောင့် အသီးအရွက် လတ်လတ်ဆတ်ဆတ်လေးတွေကို စားပေးဖို့ လိုတယ်နေ်ာ။

 

●      ပရိုတင်း အသားဓာတ်

          ဆံပင်ကို ပရိုတင်းနဲ့ အဓိက တည်ဆောက်ထားပါတယ်။ ဆံပင်တွေ သန်မာစေဖို့ ပရိုတင်းကြွယ်ဝတဲ့ အစားအသောက်တွေ စားပေးရမယ်။ Yeast တစေး၊ ဂျုံ၊ lecithin မှုန့် ၂ ဇွန်းတို့ကို စားပေးပါ။ ပရိုတင်းပါတဲ့အပြင် ဗီတာမင်ဘီတွေလည်း ကြွယ်ဝတာကြောင့် ဆံပင်အတွက် အထူးကောင်းတယ်။ ပဲအမျိုးမျိုးနဲ့ ပင်လယ်စာတွေကလည်း ပရိုတင်းဓာတ် ကြွယ်ဝတယ်နော်။

 

●      ဇင့်

          ဆဲလ်တွေ ပွားတာကစ ဟော်မုန်း ထိန်းညှိတာတွေအထိ ကိုယ်ခန္ဓာရဲ့ လုပ်ငန်းဆောင်တာတွေ အတော်များများမှာ ပါတဲ့ဇင့်ဟာ ဆံကေသာအတွက်လည်း အရေးပါတယ်နော်။ အရေးကြီးဆုံးအနေနဲ့ ဆံပင်ရင်းဂလင်းတွေကို ထိန်းညှိပေးတယ်။ ဇင့်နည်းနေခဲ့ရင် မွေးညှင်းပေါက်တွေ အားနည်းလာပြီး ဆံပင်ကျွတ်တာမျိုး ဖြစ်လာစေတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ဇင့်ကြွယ်ဝတဲ့ ပင်လယ်စာတွေ၊ အစေ့အဆံတွေနဲ့ ဂုံးယောက်မတွေ စားပေးဖို့ လိုတယ်။ အထူးသဖြင့် ဆံပင်ကျွတ်တဲ့ပြဿနာကို ခံစားနေရတဲ့ အမျိုးသားတွေမှာပေါ့။

 

●      ဆီလီကာ

          ဆံပင်အတွက် နောက်ထပ် အရေးကြီးတဲ့ အာဟာရဓာတ်ကတော့ ဆီလီကာပါပဲ။ ဆီလီကာကုထုံးက ဆံပင်ကျွတ်တာတွေကို သက်သာစေနိုင်တယ်နော်။ သဘာဝဆီလီကာပါဝင်တဲ့ ခေါင်းလျှော်ရည်တွေဟာ ထိပ်ပြောင်တာကို ကာကွယ်ပေးပြီး ဆံကေသာကို တောက်ပြောင်အိတုန်စေနိုင်တယ်တဲ့နော်။ ဆေးလုံးအနေနဲ့ သောက်ပေးလည်း ရပါတယ်။

          အာလူးခွံ၊ ငရုတ်ပွ အနီနဲ့အစိမ်း၊ သခွားသီးတွေမှာ ဆီလီကာ ပါဝင်တယ်။ ပဲပင်ပေါက်ဟာလည်း ဆီလီကာ ကြွယ်ဝတဲ့ အစားအသောက်တစ်မျိုးပါပဲ။ အုတ်ဂျုံအစိမ်းကလည်း ဆီလီကာဓာတ်ကို ပေးနိုင်ပါတယ်။

 

●      ဗီတာမင်အီး

          ဗီတာမင်အီးဟာလည်း ဆံကေသာတွေ သန်မာစေဖို့ အရေးပါတယ်။ ဗီတာမင်အီးပါဝင်တဲ့ ထောပတ်သီး၊ အစေ့အဆံတွေနဲ့ သံလွင််ဆီတွေကို ပုံမှန်စားပေးသင့်တယ်နော်။

          သိုင်းရွိုက်မကောင်းလို့ ဆံပင်ကျွတ်ရင် ဗီတာမင်အေနဲ့ အိုင်အိုဒင်းကြွယ်ဝတဲ့ အစားအသောက်တွေကို စားပေးသင့်ပါတယ်။ မုန်လာဥနီတို့၊ ဟင်းနုနွယ်ရွက်တို့ကို နှမ်းကြတ်ဆီ၊ သစ်ကြားဆီ၊ ဖရုံဆီထည့်၊ ပင်လယ်ဆားလေးထည့်ပြီး စားပေးလု့ိရတယ်။

          စိတ်ဖိစီးမှုကလည်း ဆံပင်ကျွတ်စေနိုင်တယ်။ အပြငး်အထန် အားကစားလုပ်တာ၊ စိတ်ဖိစီးမှုများတာ၊ ထိခိုက်ဒဏ်ရာရ၊ ဖျားနာတာ၊ ခွဲစိတ်တာတွေကြောင့်လည်း ဆံပင် ကျွတ်တတ်တယ်နော်။ ဒါကြောင့် အပေါ်မှာပြောခဲ့တဲ့ အကြောင်းရင်း တစ်ချက်ချက်များ ရှိနေလားဆိုပြီး ရှာဖွေစိစစ် ကုသလို့ ရပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)